Saturday, November 26, 2016

စဥ့်ကိုင်မြို့နယ် ခန်လူးကျေးရွာတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဒေသခံတောင်သူ တစ်ဦးအား ဖမ်းဆီးခဲ့ပြီး တောင်သူ ၂၁ ဦးကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ခန်လူးကျေးရွာတွင် သိမ်းဆည်းယာမြေများအား အမှတ် (၂) စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (လေ) မှ စီမံကိန်း လုပ်ဆောင်ရန်အတွက် နိုဝင်ဘာ ၂၄ ရက်က ခြံစည်းရိုး ကာရံနေမှုအား ဒေသခံရွာသားများက တားဆီးမှုများ ပြုလုပ်ရာမှတစ်ဆင့် လုံခြုံရေး ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဒေသခံတောင်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် တောင်သူ ၂၁ ဦးကို ပုဒ်မသုံးခုဖြင့်အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ စဥ့်ကိုင်မြို့နယ် အတွင်းရှိ ခန်လူးကျေးရွာတွင် နိုဝင်ဘာ ၂၄ ရက်က အမှတ် (၂) စရဖ (လေ)တပ်က စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ခြံစည်းရိုးကာရံမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ခြံစည်းရိုး ကာရံနေမှုအား ဒေသခံရွာသားများက တားဆီးခဲ့ကြရာမှ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရဲအုပ်တစ်ဦး၊ ရဲတပ်သားနှစ်ဦးနှင့် ရဲမေတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။


ထို့ပြင် ရုန်းရင်းဆန်ခတ်မှုများကြောင့် ဒေသခံရွာသားများတွင်လည်း ခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ခန်လူးကျေးရွာဒေသခံ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျေးရွာသား ၂၁ ဦးတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ (ပြည်သူ့ဝန်ထမ်းကို ဟန့်တားရန် လက်ရောက်မှု၊ အနိုင်အထက်ပြုမှု)၊ ပုဒ်မ ၄၄၀ (နာကျင်စေရန် ပြင်ဆင်ပြီး ကျူးလွန်သည့် အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၄၄၇ (ကျော်နင်းမှု) အစရှိသည့် ပုဒ်မသုံးခုဖြင့် စဥ့်ကိုင်မြို့နယ်၊ ပလိပ်နယ်မြေ ရဲစခန်းတွင် အမှတ် (၂) စရဖ (လေ) တပ်ရေးဗိုလ်ကြီးက (ပ)၁၃၆/၂၀၁၆ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်အတွင်းရှိ ခန်လူးကျေးရွာ (မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းဘေး) တွင် ယခင်အမှတ် (၄) စစ်ထောက်လှမ်းရေးတပ်က ၂၀၀၁ ခုနှစ်က သိမ်းဆည်းခဲ့ကြောင်း၊ ထိုသို့သိမ်းဆည်းခဲ့သော်လည်း ခန်လူးကျေးရွာမှ ယာမြေ ဧက ၆၈ ဒသမ ၇၆ အား စီမံကိန်း အကောင်အထည် ဖော်ခဲ့ခြင်း မရှိသဖြင့် ဒေသခံတောင်သူများက စိုက်ပျိုးလုပ်ကိုင်မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင်တွင် အမှတ် (၂) စရဖ (လေ) မှ တပ်ပိုင်မြေ ဧရိယာဖြစ်သဖြင့် ခြံစည်းရိုးကာရံရန်အတွက် စီစဉ်ခဲ့ရာ ဒေသခံတောင်သူများက တားဆီးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့နောက် စက်တင်ဘာလတွင် ခြံစည်းရိုး ထပ်မံကာရံ ခဲ့သဖြင့် ဒေသခံရွာသားများနှင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် အောက်တို ဘာ ၅ ရက်တွင် သိမ်းဆည်းမြေများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူးက တပ်ပိုင်မြေ ဧရိယာအဖြစ် သတ်မှတ်ရန်အတွက် ဒေသခံများနှင့် ညှိနှိုင်း၍ မြေယာတိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ရန် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး စသည်တို့အား ညွှန်ကြားစာ ထုတ်ပြန်ပေးခဲ့ကြောင်း ဒေသခံတောင်သူများက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ (၂)၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ထံ တိုင်ကြားထားစာများအရ သိရသည်။
သိမ်းဆည်းယာမြေများနှင့် ပတ်သက်၍ သိမ်းဆည်းခဲ့စဉ်က မည်သည့်မြေယာလျော်ကြေး တစ်စုံတစ်ရာမျှ ရရှိခဲ့ခြင်း မရှိကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။
အဆိုပါ ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခံထားရသည့် ဒေသခံတောင်သူ ၂၁ ဦးကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော့်အစ်မကို မနေ့က ဖမ်းသွားပါတယ်။ တကယ်ဆိုရင် သူက ဒီရုန်းရင်းဆန်ခတ် ဖြစ်စဉ်ထဲမှာ ပါတာမဟုတ်ဘူး။ ဘေးကနေပဲ ရပ်ကြည့်နေတာ။ အခု ကျွန်တော်တို့ကိုလည်း အမှုဖွင့်ထားတယ်လို့ ကြားတယ်။ အရင်ကလည်း ပုဒ်မ ၄၄၇ နဲ့အမှုဖွင့်တရား စွဲခံထားရလို့ အမှုရင်ဆိုင်နေရဆဲပါ။ ကျွန်တော်တို့ တောင်သူတွေက ယာမြေတွေလည်း အသိမ်းခံရတယ်။ ဘာလျော်ကြေးမှလည်း မရခဲ့ဘူး။ အခုလိုတွေ ဖြစ်လာတော့ ကျွန်တော်တို့တောင်သူတွေ အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်” ဟု ခန်လူးကျေးရွာ ဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ခန်လူးကျေးရွာ ဒေသခံတောင်သူများနှင့် အငြင်းပွားမှု ဖြစ်ပွားနေသည့် ယာမြေများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အမှတ် (၂) စရဖ (လေ) တပ်ပိုင်ဧရိယာအဖြစ် သတ်မှတ်ပေးထားခဲ့ပြီး ဖြစ်သဖြင့် အဆိုပါတပ်က စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ခြံစည်းရိုးကာ ရံမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။   ဌေးလှအောင်

No comments:

Post a Comment