Wednesday, November 30, 2016

မိန်းကလေးငယ်တွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးသင့်သလား

အာရပ်ကမ္ဘာမှ မိန်းကလေးငယ်တွေကို တခြားသော ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေ ရှိနေဖို့ထက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးသင့်သလား။ ဒါဟာ လက်ရှိပြင်ပကမ္ဘာမှာ မလိုလားအပ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားခံနေရတဲ့ မိန်းကလေးငယ်တွေအတွက် သင့်တော်တဲ့ မေးခွန်းကောင်းတခုပါပဲ။ ဒီရှုထောင့်အမြင်ဟာ လက်ဘနွန်အခြေစိုက် စာရေးဆရာမတဦးဖြစ်တဲ့ ဂျိုမနာ ဟက်ဒက်ဒ်ရဲ့ ရှုမြင်မှုတခုပါ။ ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတခုမှာတော့ သူက ဒီရိုးရှင်းတဲ့ ပြောင်းလဲမှုဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြား ဘယ်လို တွေးတောရှုမြင်သလဲဆိုတဲ့အပေါ် မူတည်ပြီး အခြေခံကျကျ  ရွေ့လျားသွားလိမ့်မယ်လို့ ပြောလိုက်တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့အမြင်နဲ့ ရှုထောင့်တွေကို သုံးသပ်ပြထားခဲ့တာ တွေ့ရမှာပါ။



“ကျမအမြင်ကတော့ မိန်းကလေးငယ်တွေ ကျောင်းစတက်ချိန် အသက် ၅ နှစ်အရွယ် ကစပြီး ကျောင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့ ဒီလိုသင်ခန်းစာတွေကို မသင် မနေရ ထည့်သွင်းသင်ကြားသင့်တယ်လို့ ထင်ပါတယ်။ တကမ္ဘာလုံးက ကျောင်းတွေ၊ အထူးသဖြင့် အာရပ်နိုင်ငံက ကျောင်းတွေမှာပေါ့” လို့ သူက ပြောပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တခြားသောနိုင်ငံတွေမှာ သင်ကြားပေးနေတဲ့ အမျိုးသမီးငယ်များ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု သင်တန်းတွေကို ပြသခဲ့တာကို တွေ့ရပါတယ်။

“လက်ဘနွန်လိုနိုင်ငံမှာ နေထိုင်တဲ့ မိန်းကလေးတွေအနေနဲ့ စင်ဒရဲလားပုံပြင်ထဲက အကြောင်းအရာတွေထက် ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုနဲ့ ကြုံလာရရင် ဘယ်လိုခုခံကာကွယ်မလဲဆိုတာက ပိုအရေးကြီးတယ်” လို့ သူက ပြောပါတယ်။

ကျောင်းစာသင်ခန်းတွေထဲမှာ တပတ်ကို ၁ နာရီလောက် ဒီသင်ကြားမှုတွေကို လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

ဒါဟာ အမျိုးသားတွေကို ပြန်လည်တိုက်ခိုက်ဖို့ဆိုတဲ့ အမြင်ထက် မိန်းကလေးငယ်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရှိလာစေပြီး ခုခံကာကွယ်နိုင်ဖို့၊ အုပ်စုဖွဲ့ အနိုင်ကျင့်တာမျိုးတွေ ကြုံလာရရင် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ခုလို ခုခံကာကွယ်နိုင်ဖို့ လေ့ကျင့်သင်ကြားမှုဟာ လက်စားချေမှု မဟုတ်သလို၊ အမျိုးသားတွေကို ပြန်လည်ရိုက်နှက်ဖို့လည်း မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒါဟာ လက်ရှိကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေရဲ့ ပတ်ဝန်းကျင်တွင်းက လူမှုရေးဆိုင်ရာ အရွေ့တခုသာ ဖြစ်တယ်လို့ ပြောပါတယ်။

No comments:

Post a Comment