Monday, November 21, 2016

ရန်ကုန်တိုင်း အခြေခံပညာအထက်တန်း ကျောင်းအားလုံးတွင် အိုင်စီတီပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်း ကျောင်းအားလုံး၌ အိုင်စီတီနည်းပညာနှင့်ပတ်သက်သော ဟောပြောမှုများဆက်တိုက်လုပ်ဆောင်မည်ဟု ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ပူးပေါင်း၍ အိုင်စီတီနည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပခြင်းဖြစ်သည်။ ‘‘တစ်ပတ်ကို အထက်တန်းကျောင်း လေးကျောင်းနှုန်းနဲ့ ဟောပြောပွဲ ကို ရေရှည်လုပ်သွားမှာပါ’’ ဟု ဦးမင်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအထက်တန်းကျောင်းပေါင်း ၈၀၀ ခန့်ရှိပြီး ရေရှည်နည်းပညာဆိုင်ရာ ဟောပြော ပွဲကို ငါးနှစ်(သို့မဟုတ်)ခြောက်နှစ်အထိ ဆက်တိုက်လုပ်ဆောင်ရမည်ဟု တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းကခန့်မှန်းထားသည်။



‘‘ကလေးတွေ ၁၀ တန်းအောင်သွားရင် ရွေးချယ်နိုင်တဲ့ လမ်းကြောင်းတွေကို ပြောပြတာပါ။ ကလေးတွေက ဆရာဝန်၊ အင်ဂျင်နီယာဆိုရင် လူတိုင်းသိကြတယ်။ ကွန်ပျူတာဆိုတာကို တချို့က စာစီစာရိုက်လောက်ပဲလုပ်လို့ရတယ်လို့ ထင်ကြတယ်။ ဒီတော့သူတို့တွေကို အလုပ်အကိုင် အခွင့်အလမ်းတွေရဲ့ လမ်းကြောင်းတွေကို ရှင်းပြပေးပါတယ်’’ဟု ဦးမင်းဦးက ပြောသည်။

အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန် တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းသည် ဆိုရှယ်မီဒီယာ ကဲ့သို့သော နည်းပညာ၏ကောင်း ကျိုးဆိုးကျိုးများ၊ Application ကဲ့သို့သော နည်းပညာများ၏အသုံးဝင်ပုံများကို လက်တွေ့များနှင့် နှိုင်းယှဉ်ပြသခဲ့ခြင်းဖြစ်သည်။

အခြေခံပညာအထက်တန်း ကျောင်းများ၌ အိုင်စီတီနည်းပညာဆိုင်ရာ ဟောပြောပွဲများကို ၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ခဲ့ပြီး လက်ရှိအချိန်၌ကျောင်းပေါင်း ၂၀ ခန့်သို့ သွားရောက်ဟောပြောခြင်းများ ပြုလုပ် ပေးခဲ့သည်ဟု ကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။ မြင့်ကျော်လှိုင်

No comments:

Post a Comment