Thursday, November 24, 2016

လမ်းဘေးတွင်သာ ဈေးရောင်းကောင်းသည်

လမ်းဘေး ဈေးသည်နှင့် ပတ်သက်လာလျှင် အမြင်အမျိုးမျိုးရှိသည်။ အကောင်းမြင်သူလည်း ရှိသည်။ အဆိုးဘက်က မြင်သူလည်း ရှိသည်။ အကောင်းမြင်သူများက ”နေပူမရှောင် မိုးရွာမရှောင် တစ်ဝမ်းတစ်ခါးအတွက် ရှာစားကြရတာ။ သူတို့ရောင်းလို့ ငါတို့မှာ အဆင်ပြေနေတယ်” ဟူ၍ မှတ်ချက် ပြုကြသည်။ အဆိုးမြင်သူများက ”သူတို့ရောင်းနေလို့ ငါတို့ လမ်း လျှောက်လို့ကိုမရတော့ဘူး။ အမှိုက်တွေလည်း ရှုပ်ပွထနေတာပဲ။ စည်း ကမ်းထိန်းဖို့လိုတယ်” ဟူ၍ ဆိုကြ ပြန်သည်။ အားလုံးပြောကြသည်မှာ ကိုယ့်ရှုထောင့်နှင့်ကိုယ်။ မှားသည်ဟုမဆိုနိုင်။ မှန်သည်ဟုလည်း တစ်ထစ်ချ ပြောမရပေ။ စည်းကမ်း ဥပဒေကို ခဏဘေးမှာထားပါဦး။ ပြည်သူလူထု အများစုကို မထိ ခိုက်လျှင် လက်သင့်ခံကြရမည်သာ။



ယခုမူ ဒီကိစ္စမှာ ပြောစရာ ဖြစ်လာပြီလားမဆိုနိုင်။ လမ်းဘေးဈေးသည်များကို ရန်ကုန်မြို့ ကမ်းနားလမ်းတွင် စနစ်တကျနေရာ ချ ထားပေးမည်ဖြစ်ကြောင်း သတင်း ရသည်။ တီဗီတွင်လည်း ဈေးသည် များနှင့် တစ်ဦးချင်းအင်တာဗျူးနေ ကြသည်ကို တွေ့ရသည်။ အမြင်အ မျိုးမျိုး အပြောအမျိုးမျိုးကိုလည်း ကြားရသည်။ ယခုမှ စတင်အကောင် အထည်ဖော်နေတုန်းဖြစ်၍ ကြို တင်ကာမှတ်ချက်ပြု၍မသင့်သေး။ တစ်ဖက်ကလည်း ”လမ်းဘေးဈေး သည်များအတွက် ရည်ရွယ်ဆောက် လုပ်သည့် နှစ်ထပ်ဈေးရုံများတွင် ဝင်ရောက်ရောင်းချ ဝယ်ယူခြင်းမရှိဘဲ ပိုက်ဆံသာကုန်သွားကြောင်း ရန်ုကုန်မြို့တော်ဝန်ပြောကြား” ဟူ ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် မြို့တော်ဝန်၏ တင်ပြချက်ကိုလည်း တွေ့လိုက်သေးသည်။ လမ်းဘေးဈေးသည်တစ်ဦးကလည်း ”ဝင်ရောင်း တာ လုံးဝမရောင်းရဘူး။ ဒါကြောင့် တစ်ရက်နှစ်ရက်သာ ရောင်းပြီး ဆက်မရောင်းတော့ဘူး။ လမ်းဘေး ဈေးသည်ဆိုတာ လမ်းဘေးမှာပဲ ရောင်းမှ အဆင်ပြေမှာပါ။ လူတွေ ကလည်းလမ်းသွားရင်း ဈေးရောင်း တာပဲ ဝယ်ချင်တာလေ” ဟု လက်တွေ့အနေအထားကို ရှင်းပြပြန်သည်။

မိမိတို့ ရန်ကုန်မြို့တော်သူ မြို့တော်သားများကလည်း ခလုတ်တိုက်မှဈေးဝယ်တတ်သည့် အလေ့အထမျိုးစွဲနေသည်ဆိုတော့ အ ခက်တွေ့နေသည်။ ဒီကြားထဲမှာ မြို့တော်အင်္ဂါရပ်နှင့်ညီရန် ဆိုသည့် အပြောကလည်း ရှိသေးသည်။ တစ်ခုခုတော့လွဲနေပြီ။ဈေးရုံကြီး များစဆောက်ကတည်းက အဆင် ချောသည်ဟူ၍ မကြားရ။ ဈေး ရောင်းမကောင်းကြောင်း ညည်းညူ ကြသောအသံများသာ ကြားကြရသည်။ ဈေးအဆောက်အအုံဆောက် ကြသောကန်ထရိုက်များဘက်က တော့ ဘာသံမျှမကြားရ။ ငြိမ်နေ သည်။ ”ဆောက်ပြီးသွားပြီပဲသူတို့ အတွက်တော့သပိတ်ဝင်။ အိတ်ဝင် ပေါ့”ဟု ဝေဖန်ကြသည်များကိုလည်း အမျိုးမျိုးကြားရသည်။ အတိတ်မှ ဖြစ်ပျက်ခဲ့သည်များကို မှတ်တမ်း တင်သည်မှာ ထပ်အလိမ်မခံရဖို့ဟု သမိုင်းဆရာကြီး တစ်ဦးက ဆိုဖူးသည်။ ”အလိမ်ခံရပြီးမှ မထူးတော့ ပါဘူး”ဟု ထိုဈေးအဆောက်အအုံ များကိုကြည့်ရင်းပြောကြလျှင် မည် သို့ ဖြေကြမည်နည်း။ အတိတ်မှ သင်ခန်းစာယူရသည်မှာလည်း များလှပါပြီဟုဆိုကြလျှင် ဘယ်လို ရှင်းမည်နည်း။

တကယ်တော့ လမ်းဘေးဈေး သည်ဆိုသည်မှာ နိုင်ငံတိုင်းတွင် ရှိ နေကြသည့်ကိစ္စမျိုး။ ဆန်းတော့ မဆန်း။ သို့သော် ”လွယ်လွယ်လေး” ဟုလည်းမဆိုနိုင်။ အချိန်ယူကာ စိတ်ရှည်ရှည် ဖြေရှင်းရမည့်အရေး ဖြစ်သည်။ ဒီကိစ္စမျိုးက စစ်တိုက် သလို ဝုန်းဒိုင်းကြဲကာ လုပ်ကြည့်၍ မရ။ ဘက်ပေါင်းစုံကြည့်ရမည့်အ ရေး။ တိုင်းပြည်ဆင်းရဲ၍ အလုပ် အကိုင်အခွင့်အလမ်းမရှိ။ လူတန်း စားကွာဟမှုများလျှင် များသလို လမ်းဘေးဈေးသည် ပြဿနာများ လာမည်။ အခက်အခဲပိုတွေ့မည်။ မည်သို့ရင်ဆိုင် ကျော်လွှားကြမည် နည်း။ သူတို့ဆီမှာ မည်သို့ဖြေရှင်း ကြသနည်း။ အမှန်စင်စစ် စင်ကာပူသည် ဗြိ တိသျှတို့ စောင့်ကြည့်ထိန်းချုပ်ထား ကတည်းက လှုပ်ရှားပြောင်းလဲပုံ မျိုးစုံခဲ့သော မြို့ဖြစ်သည်။ ထိုဆိပ် ကမ်းမြို့တွင် ဌာနေအင်္ဂလိပ်လူမျိုးများက ဈေးဝယ်ထွက်ကြ၏။ အလုပ်အကိုင်ပေါသော စင်ကာပူတွင် စီးပွားလာရှာကြသူများလည်း ရှိသည်။ အိမ်ရာပစ်ကာ ထွက်ပြေးခို လှုံလာသောသူများ ပေါလာတော့ လူဦးရေ အလျင်အမြန်တိုးပွားလာ သည်။ မိမိတို့ဆီမှာ မြင်နေကျ ခေါင်းရွက် ဗျပ်ထိုးဈေးသည်မျိုးလိုလည်းရှိသည်။ နည်းနည်းထူးခြား ခြင်းတစ်ခုပဲရှိသည်။ သူတို့က လမ်းများပေါ်၌ ခရီးတိုသွားသည့် နှစ် ယောက်စီးဆိုင်ကယ်ပေါ်တွင် အရောင်းအဝယ်ဖြစ်ကြသည်။ လမ်း ဘေးဈေးသည်များထံတွင် လိုအပ် သည်များရနိုင်၏။ အသင့်ချက်ပြီး အစားအစာများ၊ သစ်သီးသစ်ဖုများ မှအစ လတ်လတ်ဆတ်ဆတ်ထုပ် ပိုးထားသည့် အစားအသောက်များ၊ သတင်းစာများနှင့် ပြုပြင်ထား သော ဖိနပ်များ၊ အဓိကကျသည့် ဝန်ဆောင်မှု အသုံးအဆောင်များ အထိပင် စုံလင်လှသည်။

မိမိနှင့် တစ်ရွာတည်းသားက စင်ကာပူရောက်နေစဉ် မိမိလည်းတာဝန်အရ ခေတ္တခဏဆိုသလို စင်ကာပူသို့ရောက်ခဲ့သည်။ ထိုစဉ်အခိုက် သူတို့ Hawker Centre ခေါ်သော ဈေးရောင်းသောနေရာ သို့ သူတို့ခေါ်သဖြင့် လိုက်သွားဖူး သည်။ လမ်းဘေးဈေးသည်ဟု သူ တို့ခေါ်သော Hawker များက နည်းနည်း ပို၍စည်းကမ်းရှိသလိုပင်။ ၁၁ နာရီကျော်၍ သူတို့သိမ်းဆည်း သွားကြသည့်အချိန်တွင် မိမိက စပ်စပ်စုစု သွားကြည့်မိသောအခါ ရန်ကုန်မှာလိုမဟုတ်။ အမှိုက်တစ်စ မှပင်မရှိ။ တချို့က သူတို့အမှိုက် သူတို့သိမ်းသွားကြသည်တဲ့။ တစ်ခု တော့ရှိသည်။ အချို့သူတို့က ကိုယ့် ကားနှင့် ကိုယ်လာကြသည်ကိုး။ ထိုအချိန်အခါမှစ၍ စင်ကာပူမြို့ နှင့် လမ်းဘေးဈေးသည်များကို တွဲ ၍ စိတ်ဝင်စားဖြစ်သည်။

များသောအားဖြင့် စင်ကာပူ တွင် ပထမဦးဆုံး လမ်းဘေးဈေး သည်များက တရုတ်ပြည်မှ လာ ရောက်စီးပွားရှာသူများ ဖြစ်၏။ အိန္ဒိယနှင့် မလေးလူမျိုး နည်းနည်း ပါသည်။ ၁၉၅ဝ လမ်းဘေးဈေးသည်များ စုံစမ်းစစ်ဆေးရေးကော် မရှင်၏ အစီရင်ခံစာတစ်စောင်အရ လမ်းဘေးဈေးသည် ဦးရေ၏ ၈၄ ရာခိုင်နှုန်းမှာ စင်ကာပူရှိ တရုတ် လူမျိုးများ ဖြစ်ကြ၏။ အများစုမှာ တရုတ်ပြည်၏အရှေ့တောင်ဘက် မှ ဖြစ်ကြ၏။ လူမျိုးနွယ်အလိုက် ရောင်းဝယ်သောကုန်ပစ္စည်း ကွဲပြား ကြသည်။ ၁၉၆ဝ ပြည့်နှစ်များနှင့် ၁၉၇ဝ ပြည့်နှစ်များကြား အစော ပိုင်း ကိုလိုနီနှစ်များ၊ စစ်ပြီးခေတ် နောက်ပိုင်း၊ လွတ်လပ်ရေးခေတ် နောက်ပိုင်းကာလများ၌ အပြောင်း အလဲသိပ်မရှိချေ။ လမ်းဘေးဈေး သည်များ၏လှုပ်ရှားမှုများကား စီး ပွားရေးအမြင်အရ အမှတ်ရဖွယ် ဖြစ်သည်။ စစ်ပြီးခေတ် နောက်ပိုင်း၌အလုပ် လက်မဲ့များလာ၍ လမ်းဘေးဈေးသည် ပိုတိုးလာသည်။ မိမိတို့ ရန်ကုန်မှာကား မှတ်မိသ လောက် ၁၉၈၇ ခုနှစ်လောက်မှ လမ်းဘေးဈေးသည် ပေါများလာ ခြင်းဖြစ်၏။ ယင်း အချိန်မတိုင်မီ အစောပိုင်းနှစ်ကာလများက သာမန် ခေါင်းရွက်ဗျပ်ထိုးဈေးသည် များသာ ရှိကြသေးသည်။ အမှိုက် လည်း မရှုပ်သေးသဖြင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေး ကိစ္စများကို သတိပင်မထားမိသေး။

ထိုစဉ် အချိန်ကာလကတည်း က လမ်းဘေးဈေးသည်များသည် ဝန်ဆောင်မှု ကောင်းကောင်းပေး နိုင်သလို အမြတ်အစွန်းသေချာ သော စီးပွားရေးလုပ်ငန်းလည်းဖြစ် သည်။ သူတို့ရှိလို့ စင်ကာပူက နာမည်ကောင်းရသည်ဟုပင် ပြော နိုင်၏။ ဟိုတုန်းက ဝင်ငွေနည်း သော လက်လုပ်လက်စားသမားများ နှင့် အထမ်းသမားများမှာ မိမိတို့ အလုပ်လုပ်သည့် နေရာများတွင် သာစားကြသည်။ ပူးတွဲငှားထား သောနေရာများတွင် အိပ်ကြသည်။ ရန်ကုန်တွင် တချို့အညာသားများ ကား ဆွေမျိုးလို ဘုန်းကြီးကျောင်း များ ရှိကြသဖြင့် အဆင်ပြေသည်။ စက်ရုံအလုပ်ရုံ အချို့ပေါ်လာသော အခါ အချို့လမ်းဘေးဈေးသည်များ က စက်ရုံအလုပ်သမားများ ဖြစ် သွားကြသော်လည်း သူတို့အတွက် ဈေးချိုသော အစားအသောက်များ လိုသေးသည်။ ထိုလိုအပ်ချက်ကို ထောက်ပံ့ရန်ရှိသေး၏။ ဤသို့ဖြင့် လမ်းဘေးဈေးသည် အရေအတွက် ကား လျော့ကျမသွား။ ပြောရလျှင် ယင်း လမ်းဘေးဈေးသည်များသည် ထိုစဉ်က အထက်တန်းပညာတတ် သူနည်းသည်။ စည်းကမ်းဥပဒေကို မသိကြ၍ လိုက်နာမှုနည်း၏။ ယခု တော့လည်း လူလည်လူတတ်များ လာ၍ ဥပဒေကိုအရည်ကြိုသောက် နေပြီလားမသိ။ မည်သို့ အခက်အခဲများ တွေ့ တွေ့ စိတ်ရှည်သည်းခံဇွဲမျိုးခံကာ လမ်းဆက်လျှောက်ကြရမည်သာ။

ဘိုငြိမ်းသာ

No comments:

Post a Comment