Thursday, November 24, 2016

၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်ရုံးချုပ်၌ ကျင်းပ

၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်ရုံးချုပ်၌ ယနေ့(နိုဝင်ဘာ ၂၄ ရက်) နံနက် ၁၀ နာရီက စတင်ကာ ကျင်းပလျက်ရှိသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် နိုင်ငံရေးပါတီအချို့တက်ရောက်ခဲ့သည်။ အခမ်းအနား ပထမပိုင်းတွင် အလေးပြုခြင်းအစီအစဉ်၊ အခမ်းအနားသဘာပတိအဖြစ် နာယက ဦးတင်ဦးက မိန့်ခွန်းပြောကြားခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာချက်အား အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားခြင်းအစီအစဉ်တို့ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား ခေတ္တရပ်နားထားကာ ဒုတိယပိုင်းအဖြစ် နေ့လည်ပိုင်းတွင် အမျိုးသားအောင်ပွဲနေ့ စာပေဟောပြောပွဲ အခမ်းအနားကျင်းပမည်ဖြစ်ကာ စာရေးဆရာ ဦးကိုလေး(ကိုလေးအင်းဝဂုဏ်ရည်) က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်၏ ၉၆ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကြေညာချက်တွင် လွန်ခဲ့သော ၉၆ နှစ်ကာလ ကျောင်းသားသပိတ်တိုက်ပွဲမှ ပြသခဲ့သော အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် ပြည်သူလူထုထောက်ခံမှု အစဉ်အလာကောင်းကို လက်ဆင့်ကမ်းလျက်၊ လက်ရှိဆင်နွှဲနေသော ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဦးလည်မသုန် အကောင်အထည်ဖော်ရင်း ကြုံတွေ့ရင်ဆိုင်လျက်ရှိသော စိန်ခေါ်မှုနှင့် ဖိအားများကို အောင်မြင်စွာဖြတ်ကျော်ကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ ~ ကျော်ဇင်ဝင်း

No comments:

Post a Comment