Sunday, November 27, 2016

မေတ္တာ မဖက်၊ သစ္စာပျက်က၊ စစ်မက်လည်းများ၊ ပြည်ချောက်ချား၏

လူတစ်ဦးနှင့် တစ်ဦးပြောဆို ဆက်ဆံကြရာတွင် မလွဲမသွေ ''ကတိစကား''ကို ဆိုကြရ၏။ သို့ဖြစ်၍လည်း ''လူမှာကတိ မင်းမှာသစ္စာ''ဟူ၍ ဆိုရိုးစကားရှိခဲ့ခြင်းဖြစ်သည်။ ''ကတိ''၏ အဓိပ္ပာယ်မှာ ''ဝန်ခံခြင်း'' ပင် ဖြစ်သည်။ ကျွန်တော်တို့သည် မိမိ၏ကိုယ် ရေးမှတ်တမ်းကို ပြုစု၍ အထက်အဖွဲ့အစည်း များသို့ တင်ပြရသည့်အခါ မိမိ၏ ကိုယ်ရေးမှတ်တမ်းအောက်တွင် ''ရေးသားဖြည့်စွက် ချက်များမှန်ကန်ကြောင်း ဝန်ခံ ကတိပြုပါသည်'' ဟု ရေး၍အောက်တွင် ကိုယ်တိုင်လက်မှတ်ရေး ထိုးကြရ၏။ ဤသည်မှာလည်း ကတိပြုခြင်း တစ်မျိုးပင်ဖြစ်သည်။



ကတိသုံးမျိုး
ကတိသုံးမျိုးရှိသည်။ ယင်းတို့မှာ ၁။ ခိုင်မာသောကတိ၊ အများအားဖြင့် လက်ထပ်ထိမ်းမြားသည့် အခါတွင် တစ်ယောက်နှင့်တစ်ယောက် ပြုကြ သည့်ကတိမျိုးဖြစ်၏။ အဖွဲ့အစည်းအသင်းအပင်း များတွင် တာဝန်ပေး ခံရသော အမှုဆောင်လူကြီးများသည် ပေးအပ်သောတာဝန်ကို ကျေပွန် အောင်ထမ်းဆောင်ပါမည်ဟု ကတိသစ္စာပြု ကြသည့်သဘောမျိုးလည်းဖြစ်၏။ ၂။ အခေါင်းပေါက်ကတိ၊ ဥပမာဆိုရလျှင် အဆန်မရှိသည့် အမြောက် နှင့်တူသော ကတိမျိုးဖြစ်သည်။ ကတိပေးပြီး ကတိမတည်သည့်ကတိမျိုးကို ဆိုလိုသည်။  အလုပ်ကိစ္စဖြင့် ချိန်းတွေ့ကြသည့်အခါ တနင်္ဂနွေနေ့မှာ ဆက်ဆက်လာပါမည်ဟု ကတိပေးပြီး အကြောင်း မညီညွတ်သဖြင့် ကတိဖျက်လိုက် သည့်သဘောမျိုးဖြစ်သည်။ ၃။ ရာဇဝတ်ကတိ၊ ယင်းကတိကို ပေးသာပေးလိုက်သည်။ စိတ်ထဲမှ တည်အောင်ထိန်းမည်ဆိုသည့်ဆန္ဒ အလျဉ်းမရှိဘဲ ပေးသည့်ကတိမျိုးဖြစ်သည်။


အောင်မြင်သူဖြစ်လိုလျှင်

လောကတွင် အောင်မြင်နေသူများသည် ကတိတစ်လုံးကို မည်မျှသေးငယ်သောအရာဖြစ်ပါစေ တည်အောင်ထိန်းကြသည်။ ခိုင်မာသော ဆက်ဆံရေးကို အလိုရှိသူတိုင်းသည် ကတိတစ်လုံးကို အရင်းအနှီးပြု၍ ယုံ ကြည်မှုကို တည် ဆောက်ကြ၏။ မိမိအတွက်အများ၏ ယုံကြည် မှုကိုရရှိမှသာ အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ ဖြစ်ရပ်တစ်ခုကို သာဓကအနေဖြင့် ဖော်ပြပါမည်။ တစ်ခါက အိန္ဒိယနိုင်ငံတွင် မီးရထားရုံပိုင် တစ်ဦးသည် လာဘ်စားသူအဖြစ် နာမည်ကြီးသည်။ တစ်နေ့တွင် သူတာဝန်ကျသည့်ဘူတာ၌ ရထားစီးရန် စောင့်နေသည့် ဆွာမိကြီးတစ်ပါးကို တွေ့၏။ ဆွာမိကြီးထံ ချဉ်းကပ်ပြီး သူ့အတွက် စကားလေးတစ်ခွန်း ချီးမြှင့်ရန်နှင့် ယင်းစကားကို သူလေးစားလိုက်နာပါမည်ဟု လျှောက်ထား၏။ ထိုအခါဆွာမိကြီးက ရုံပိုင်ကို သေ သေချာချာကြည့်ပြီး ''မုသာဝါဒကို သုံးလတိတိရှောင်ပါ'' ဟု မိန့်ခဲ့၏။


ရုံပိုင်လည်း သေချာစဉ်းစားကြည့်၏။ သူ့အလုပ်က လာဘ်စားသည့်အလုပ်။ သူတွင်မဟုတ် သူ့လက်အောက်ကလူတွေလည်း အားလုံးလာဘ်စားကြ၏။ ဆွာမိကြီးစကားကို နား ထောင်ဖို့ သူဆုံးဖြတ်လိုက်၏။ သိပ် မကြာခင် သူ့ရုံးကို စာရင်းစစ်များရောက်လာပြီး စစ် ဆေးသည်။ သူက သူလာဘ်စားကြောင်း စာရင်းစစ်များကို အမှန်အတိုင်း ပြောလိုက်သည်။ သူ့လက်အောက်က ငယ်သားများက ရုံပိုင် ကြောင့် ငါတို့ပါဒုက္ခရောက် ရတော့မည်။ ငါတို့စုပြီး သူတစ်ယောက်တည်းကိုပဲ ''အပြစ် ပုံချလိုက်ရအောင်''ဟု ငယ်သားများအားလုံးစုပြီး ရုံပိုင်ကြီးတစ်ဦးတည်းအပေါ်မှာသာ တာဝန်လုံးလုံးရှိကြောင်း အထက်ကိုတိုင်လိုက်၏။ မလိမ်မညာ ဘဲ ပြောဆိုမိသဖြင့် ရုံပိုင်ကြီးသည် နောက်များမကြာမီ တရားရင်ဆိုင်ရတော့သည်။ သူ့ဇနီးသည်နှင့် သားသမီးများလည်း သူ့ကြောင့် အရှက်ရသည်ဟုဆိုကာ သူ့ကိုပစ်ပြီး အခြားတစ်နေရာသို့ ပြောင်းရွှေ့သွား ကြ၏။


တရားရုံးမှ တရားသူကြီးက သူ့ကို''ခင်ဗျားမှာ ရှေ့နေလည်း မတွေ့ပါလား''ဟု မေးသည်။ သူက''ရှေ့ နေမလိုကြောင်း၊ သူအမှန်အတိုင်းထွက်ဆိုမည့်အကြောင်း''ဟု ရှင်းပြသည်။ ဤသို့ ဖြင့် သူမကွယ်မဝှက် အားလုံး ကို အမှန်အတိုင်း ထွက်ဆိုလိုက်သည်။ ရုံပိုင်ကြီး၏စကားနှင့် အပြုအမူကြောင့် တရားသူကြီး အတော်အံ့အားသင့်သွား၏။ တရားသူကြီးက အဖြစ်သနစ်ကိုသိလိုသဖြင့် သူ့အား တွေ့ပြီးမေးကြည့်ရာ ဆွာမိကြီး နှင့်တွေ့ ပြီး သူ ''ကတိ''ပေးခဲ့ပုံ အစုံအလင်ကို ရှင်းပြလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရုံပိုင်ကြီးပြောပြသည့် ဆွာမိကြီးမှာ တရားသူကြီးကိုးကွယ်နေ သော ဆရာတစ်ဆူဖြစ်ကြောင်း သိသွားတော့၏။ ဤသို့ဖြင့် တရား သူကြီးသည် ရုံပိုင်ကြီးအား အမှုမှတရားသေ လွှတ်ပေးလိုက်သည်။ ရုံပိုင်ကြီးသည် အမှုမှလွတ်လာပြီးနောက် ဆွာမိကြီးအား ပေးထားသည့်ကတိအတိုင်း မလိမ်ညာဘဲ အမှန်အတိုင်းပြောဆိုပြီး နေထိုင်ခဲ့၏။ သူသည် ဆွာမိကြီးအား ပေးထားသည့် ကတိကာလ သုံးလပြည့်ရန် တစ်ရက်အလိုတွင် အစိုးရက သူ့ထံအကြောင်းကြားစာ ပို့လာသည်။ ရုံပိုင်ကြီး၏အဘိုး၏အဖေ သူ့''အဘေး'' ပိုင်ဆိုင်သည့် မြေဧကများစွာကို အစိုးရက သိမ်းယူခဲ့သည်။ ထိုစဉ်က လျော်ကြေးမပေးခဲ့။ သူ့မျိုးဆက်ဖြစ်သည့် ရုံပိုင်ကြီးကို လျော်ကြေး အဖြစ် ရူပီသန်းပေါင်းများစွာ ပေးလိုကြောင်း ယင်းစာတွင် ဖော်ပြထားလေသည်။


ရုံပိုင်ကြီးအနေဖြင့် သူ့အဘိုး၏အဖေ သူ့ ''ဘေး'' ဤမျှလောက်ချမ်းသာသည်ကို သူမသိခဲ့ပေ။ ချက်ချင်းဆိုသလို သန်းပေါင်းများစွာ ချမ်းသာသွားသည့် ရုံပိုင်ကြီးဆီ အရင်က ပစ်သွားသော သူ့ဇနီးနှင့်ကလေး များ ပြန်ရောက်လာကြသည်။ ရုံပိုင်ကြီးက စဉ်းစားသည်။ ယခုကဲ့သို့ သုံးလလောက်  မုသာဝါဒကံကို စောင့်ထိန်းခဲ့၍ ဤမျှအကျိုးရှိသည်ဆိုလျှင် တစ်သက်လုံး စောင့်ထိန်းမည်ဆိုပါက သည်ထက်မက အကျိုးဖြစ် နိုင် သည်ဟု ယုံကြည်ပြီး ဆွာမိကြီး နောက်လိုက်ကာ 'မုသာဝါဒကံ'ကို တစ်သက်လုံး စောင့်ထိန်းသွားရန် ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။ ဖြစ်ရပ်က ဤမျှသာဖြစ်၏။ မြန်မာတို့ ပြောဆိုသုံးနှုန်းနေကျစကား တစ်ခုရှိ၏။ ''ကတိသစ္စာ တည်သောအခါဝယ်၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏''ဟူသော စကားဖြစ်၏။ မျက်မှောက်ကာလတွင် လူအများသည် ကတိသစ္စာဟူသော အမှန်တရားကို မြတ်နိုး သည် မှန်သော်လည်း လိုက်နာကျင့်သုံးမှုအရာတွင် အားနည်းနေကြသည်။ သစ္စာတရားထွန်းကားခဲ့စဉ်က မုသာဝါဒစကားပြော ကြားမှုကြောင့် မြေမျိုခဲ့ရသည့် သာဓကရှိခဲ့၏။ ယခုခေတ်  အမြင်နှင့်ကြည့်လျှင် လွန်လွန်း သည်၊ ပိုလွန်းသည်ဟုဆို ကောင်းဆိုကြမည်။


အလွန်သန့်ရှင်းစင်ကြယ်သော ပဝါစတွင်အစက် တစ်ခုစွန်းပါက လွန်စွာထင်ရှားသကဲ့သို့ မှတ်ရပေမည်။ ယခုအခါတွင် မုသာဝါဒကို ရေလဲသုံးလာကြသည်။ မုသားမပါလင်္ကာမချောဟူသောစကားပင် တွင်ကျယ်နေ ပြီမဟုတ်ပါလား။ ညစ်ပေနေသော လက်နှီးစုတ်တွင် ထပ်၍ စွန်းထင်းသော်လည်းမသိသာသကဲ့သို့ပင်ဖြစ်ပါ၏။ ကတိတည်သည်ဆိုခြင်းမှာ သစ္စာရှိခြင်းကိုဆိုလိုပါ၏။ ကတိတည်သောသူသည် တန်ဖိုးရှိ၏။ ကြီးပွား၏၊ ကတိမတည်သူသည် တန်ဖိုးမရှိ။ ယုတ်ညံ့၏။ ကြီးပွားမှုမရှိနိုင်။ ထို့ကြောင့် မန်လည်ဆရာတော်ဘုရားကြီးက ''မေတ္တာမဖက်၊ သစ္စာပျက်က၊ စစ်မက်လည်းများ၊ ပြည် ချောက်ချား၏၊ တိုင်းကားမသာ၊ ပြည်ကြီးနာလိမ့်'' ဟူ၍ မဃဒေဝလင်္ကာတွင် သစ္စာမဲ့ခြင်း၏ ဆိုးယုတ်ပုံကို ညွှန်ပြထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် အရေးကြုံက သက်လုံကောင်းစေရန် ယနေ့တိုင်းပြည်ခေါင်းဆောင်များသည် သစ္စာတရားကို အားကိုးအားထားပြု ရပေမည်။ ထိုသို့အားကိုးအား ထားပြုနိုင်ရန် မိမိတွင် သစ္စာပြုနိုင်လောက်သော ကိုယ်ကျင့်သီလများရှိအောင် ကြိုးစားအားထုတ်ကြရန် လိုအပ်ကြောင်း အကြံပြုတင်ပြရပါ၏။        ။



တက္ကသိုလ်သင်္ခ

No comments:

Post a Comment