Saturday, November 26, 2016

စပယ်ယာ တော်လှန်ရေး



Image may contain: one or more people and outdoorစိုပြေတစ်ယောက် စဉ်းစားရပြီ။
ဒီအတိုင်း ငြိမ်ခံနေမလား။ ပြန်တိုက်မလား။
ငြိမ်ခံနေတာထက်စာရင်တော့ ပြန်တိုက်တာမှ ကောင်းမည်ဟု ထင်သည်။
နို့မို့ဆို ကြာလာရင် ငကြောက်ကြီးဖြစ်နေတော့မှာ။ ဒီလိုဆို တိုင်းပြည်မှာ ငကြောက်တစ်ကောင်တိုးလာလိမ့်မည်။
ဒါဟာ တိုင်းပြည်အတွက်လည်း မကောင်း။
ဒါကြောင့် စိုပြေ စပါယ်ယာတွေကို ပြန်ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။
ရန်ကုန်မြို့မှာ နေတဲ့လူတွေကို မေးကြည့်။
ဘတ်စ်ကား စီးဖူးလျှင် စပါယ်ယာတွေ၊ ဒရိုင်ဘာတွေကို ရိုက်ချင်ကြသူတွေချည်းသာဖြစ်သည်။
မိန်းမတွေဆိုရင် စပါယ်ယာကို ဖိနပ်နှင့် ပါးရိုက်ချင်သည်။ ယောင်္ကျားတွေကတော့ ဒုတ်နဲ့ ရိုက်ချင်သည်။
ဘယ်သူမှ စပါယ်ယာနှင့်မတည့်။
စပါယ်ယာနှင့် တည့်တာဆိုလို့ သူတို့ မိန်းမတွေသာ ရှိလိမ့်မည်။ ဒါတောင် ရန်ဖြစ်ချင်ဖြစ်ဦးမှာ။
စပါယ်ယာဆိုသည့် ငနဲတွေက ပြည်သူတွေ အမြဲစော်ကားမော်ကားလုပ်သည်။

ကားပေါ် တတ်လျှင်လည်း ဟောက်သည်။
“နောက်ဆုံးကို သွား။ နောက်ဆုံးကို သွား” မသွားရင်ဆဲသေးသည်။
ကားပေါ်က ဆင်းတော့လည်း အဟောက်ခံရပြန်သည်။
မြန်မြန်မဆင်းလို့တဲ့။
အမြဲတမ်း လမ်းမှာ အကြာကြီးရပ်ပြီး လူစောင့်တင်သည်။
“မထွက်သေးဘူးလား” မေးလျှင်။
“မြန်မြန်သွားချင်ရင် တက္ကစီ စီး” ဟု ပြန်ပြောတတ်သေးသည်။
တက္ကစီခ ဈေးကြီးလို့ လိုင်းကားစီးတာပေါ့။ တက္ကစီခသာ တစ်ခါစီး ၂၀၀ ဖြစ်ကြည့်။ လူတိုင်း တက္ကစီပဲ စီးမှာပေါ့။
လမ်းတစ်လျှောက်လည်း ဘေးက ကားတွေကို ဆဲဆိုနေတတ်သည်။
စပါယ်ယာက ဆဲလိုက်။ ဒရိုင်ဘာက ဆဲလိုက်။
သူတို့ လမ်းပိတ်ရပ်လျှင် ကောင်းသည်။
ရှေ့ကားက နည်းနည်းနှေးလျှင်တောင် ၀ိုင်းဆဲကြသည်။
ပြန်ဆဲလျှင် ကားပေါ်က ဆင်းရိုက်သည်။
စပါယ်ယာနှစ်ယောက်နှင့် ဒရိုင်ဘာတစ်ယောက်ဆိုတော့ လူသုံးယောက်။
ဟိုဘက်က လူက တစ်ယောက်ထဲ။
စပါယ်ယာတွေ ရိုက်သမျှကို အခြားကားသမားတွေ ခံနေရသည်။
နောက်ပြီးတော့ အခုဆိုရင် ကားခကလည်း ပိုတောင်းသေးသည်။
ကားခ ပိုတောင်းသည့် ကိစ္စနှင့် စပါယ်ယာနှင့် ခရီးသည် ခဏခဏ ပြသနာတတ်ကြသည်။
အရင်တုန်းကတော့ စကားများကြရုံသာ။
အခုနောက်ပိုင်းတော့ ဒီလိုမဟုတ်။ ကားပေါ်က တွန်းချသည်။
လက်သီးနှင့်ထိုးသည်။ ဟိုတလောကလည်း မြောက်ဥက္ကလာဘက်မှာ ကားပေါ်က တွန်းချခံရလို့ လူတစ်ယောက်သေသွားသည်။
လွန်ခဲ့တဲ့ သုံးလလောက်ကလည်း အင်းစိန်လမ်းမှာ အိမ်ကားကို ၁၈၈ လိုင်းကားသမားတွေက ဆင်းရိုက်တာ အတွင်းလူနာဖြစ်သွားသည်။
အခြားသော အမှုတွေလည်း အများကြီး။
မိန်းကလေးတွေကို ထိကပါး ရိကပါးပြောတာ။ ကိုယ်ထိလက်ရောက်အသားယူတာတွေလည်း မနည်း။
နောက်ပြီး အချို့ကားသမားတွေဆိုရင် ခါးပိုက်နှိုက်နှင့် ပေါင်းပြီး လုပ်စားတာတွေတောင်ရှိသည်။ ဒါကတော့ လူနည်းစုသာ။
အဲ့ဒါတွေကြောင့် စပါယ်ယာတွေကို နေ့စဉ်နှင့် အမျှ စိတ်တိုနေရသည်။
တစ်ယောက်ယောက်က စပါယ်ယာကို ပြန်ပြီး ပြောလျှင်လည်း အခြားလူတွေက ၀င်မပါကြ။
သူတို့နှင့် မဆိုင်သလိုနေကြသည်။
စပါယ်ယာတွေ့ရဲ့ သံဒုတ်ကို ကြောက်တာလည်း ပါလိမ့်မည်။
အဲ့တော့ အမြဲ ငြိမ်ခံနေကြရတော့သည်။
အဲ့ဒါတွေကြောင့် ကြာလာလျှင် လူက ငကြောက်ကြီးဖြစ်သွားမှာ ဆိုးသည်။
ငကြောက်ဖြစ်ပြီး အရာရာကို ပြန်မပြောတတ်၊ ငုံခံတတ်သည့် စိတ်မျိုးဝင်သွားလျှင် ဘ၀ဆုံးလိမ့်မည်။
မတော်တဆ စိုပြေ သမ္မတဖြစ်သွားပါပြီရဲ့....။
ကြောက်တဲ့ စိတ်ကြောင့် ဘာမှ မလုပ်ရဲ မကိုင်ရဲဖြစ်သွားလျှင် တိုင်းပြည်တိုးတတ်မည်မဟုတ်။ ပြီးတော့ အခြားတိုင်းပြည်တွေနှင့် ယှဉ်လျှင် အနှိမ်ခံရနိုင်သည်။
အဲ့သမ္မတက ငကြောက်ကြီးပါကွာဆိုပြီး အခြားတိုင်းပြည်တွေက အထင်သေးကြလိမ့်မည်။
ဒါကြောင့် စိုပြေ့ကို ဟောက်သည့် စပါယ်ယာ၊ ဒရိုင်ဘာတွေကို ပြန်ရိုက်တော့မည်။
ဒီနေ့ကစပြီး ငြိမ်ခံတော့မည်မဟုတ်။
အဲ..... ရိုက်တာတော့ ဟုတ်ပါပြီ။ ဘယ်လို ရိုက်မတုန်း။
ဒုတ်ကြီးတကား နေရာတကာ ယူသွားလို့လည်း မဖြစ်။ စပါယ်ယာတွေကို မရိုက်ခင် ကိုယ်က အရင် အဖမ်းခံနေရဦးမည်။
ပြီးတော့ ကားတွေပေါ်မှာ ပါတာက ဒရိုင်ဘာအပါအ၀င် သုံးယောက်။
စိုပြေကတစ်ယောက်ထဲ။
ဒီကောင်တွေက အမြဲတမ်း သံဒုတ်တွေ၊ သံပိုက်တွေ ဆောင်ထားတဲ့သူတွေ။
အဲ့တော့ စိုပြေပဲ ရှုံးလိမ့်မည်။ ကျန်ကျောင်းမှ မဟုတ်တာ။
ဒါကြောင့် စိုပြေလည်း အဖွဲ့လေး ဖွဲ့ဖို့ ကြံမိသည်။
ကားသမားတွေ မိုက်ရိုင်း စော်ကားလျှင် ပြန်ရိုက်ပေးမည့် အဖွဲ့လေးပေါ့။
ပရဟိတ လူမိုက်အဖွဲ့ဟု ခေါ်မည်။
တစ်နေရာရာမှာ ကားသမားတွေ သောင်းကျန်သည်ဆိုလျှင် အဖွဲ့လိုက်သွားရိုက်မည်။
စိုပြေတို့ အဖွဲ့ကို အကြောင်းကြားလိုက်ပေါ့။
ဒါဆို လူတွေလည်း စိုးရိမ်စိတ်ကင်းမည်။
စပါယ်ယာတွေလည်း ငြိမ်သွားနိုင်သည်။
စိုပြေတို့ ပရဟိတအဖွဲ့ကို အားကောင်းအောင် ဖွဲ့ပြီး အဖွဲ့ခွဲတွေကို အမြို့ မြို့ အနယ်နယ်မှာ ထူထောင်ဖို့ ကြံရွယ်သည်။
ဒါပေမဲ့လည်း မဖြစ်သေး။ လူကို ရိုက်လျှင် ရာဇ၀တ်မှု မြောက်သည်။
ဥပဒေနှင့် မလွတ်ကင်း။
အဖွဲ့လိုက်ဆိုတော့ တစ်ယောက်ဖမ်းမိလျှင် အကုန်လုံးပါကုန်မှာ။
ဒါဆို ပြသနာ။
မဖမ်းမိဘဲ စိုပြေတို့ ပရဟိတ လူမိုက်အဖွဲ့လေး အောင်မြင်ပြီပဲထား။
စိုပြေ့တို့ အဖွဲ့ကို အားကိုးမည့်လူတွေ များလာလိမ့်မည်။
ဒါဆို စိုပြေတို့ အဖွဲ့လည်း မာန်တွေတတ်ကုန်မည်။ ငါတို့ဟာ ကယ်တင်ရှင်ကြီးတွေပါလားဟု စိတ်ကြီးဝင်ကုန်မည်။
ပြီးတော့ စိုပြေ တို့အဖွဲ့ကို ဆတ်ကြေးမည့် လူတွေလည်း ရှိလာမည်။
အဖွဲ့ထဲမှာ ပါသူတွေကလည်း တစ်ယောက်တစ်ပေါက်။
ရပ်ကွက်ထဲမှာ ပရဟိတ လူမိုက်အဖွဲ့က ကွဆိုပြီး အခြားလူတွေကိုပါ အနိုင်ကျင့်လာနိုင်သည်။
ပိုက်ဆံမပေးဘဲ အရက်ဝင်သောက်တာတွေ။ အရက်ဆိုင်မှာ မိုက်ကြေးခွဲတာတွေ ဖြစ်လာနိုင်သည်။
မဖြစ်သေးပေ။
ဒါကြောင့် ပရဟိတ လူမိုက်အကြံကိုလည်း စွန့်လိုက်သည်။
တစ်ခါတုန်းက စိုပြေ အဓိပတိ အ၀ါကားစီးသည်။
အလုံမှာ ဘုန်းကြီးတစ်ပါး တတ်လာသည်။
ထိုင်စရာနေရာမရှိ။
အဲ့တော့ ဘုန်းကြီး စပါယ်ယာကို “နေရာလေး မရှိတော့ဘူးလား ဒကာကြီး” ဟုမေးလိုက်သည်။
စပါယ်ယာက “နေရာလိုချင်ရင် နောက်ကားပြောင်းစီး” ဟု ပြန်ပြောသည်။
ဘုန်းကြီး တင်းသွားသည်။
“မင်းက ဘာမို့လို ငါ့ကို ဒီလိုပြောတာလဲ” ဆိုပြီး အဲ့စပါယ်ယာကို လှိမ့်ကန်သည်။
လက်သီးဖြင့် ထိုးသည်။
စပါယ်ယာ ဘာမှ ပြန်မလုပ်ရဲ။
အခြား စပါယ်ယာကလည်း ဘုန်းကြီးကိုပဲ တောင်းပန်သည်။
နောက်ဆုံး ဘုန်းကြီး စိတ်ကျေနပ်တော့မှ ထိုးတာရပ်သွားတော့သည်။
အခြားလူများက နေရာဖယ်ပေးသည်။
ဒီဖြစ်စဉ်ကိုကြည့်တော့.........
ဘုန်းကြီးဆိုလျှင် စပါယ်ယာတွေ ဘာမှ မလုပ်ရဲ။
ဘုန်းကြီးကို ပြန်ထိုး၊ ပြန်ကန်လျှင် အခြားလူတွေကပါ စပါယ်ယာကို ၀ိုင်းတီးလိမ့်မည်။
မြန်မာပြည်မှာ ဘုန်းကြီးဆိုလျှင် ဘယ်သူမှ မစော်ကားရဲ။
ဘုန်းကြီး ဘာပြောပြော နာခံကြသည်။ စောဒက တတ်လေ့မရှိ။
၂၀၀၇ ခုနှစ်ကိုတော့ မေ့ထားပေါ့လေ။
ဒီတော့ စိုပြေ ဘုန်းကြီးဝတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။
ပြီးရင် ကြည့်မရသည့် စပါယ်ယာတွေ ဒရိုက်ဘာတွေကို လိုက်ထိုးတော့မည်။
ဒုတ်နှင့် လိုက်ရိုက်တော့မည်။
စပါယ်ယာတွေကို ကြည့်မရသူတွေလည်း စိုပြေနှင့်အတူ ဘုန်းကြီးလိုက်ဝတ်နိုင်သည်။
သင်္ကန်း ဒကာခံပေးမည်။
စိုပြေ
The Ladies News

No comments:

Post a Comment