Sunday, November 20, 2016

(၉၆) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်


တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နိုဝင်ဘာ ၂၄ ရက်တွင် ကျရောက်သည့် (၉၆) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍  ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂများ၊ မြို့မကျောင်းမှ ကျောင်းသားဟောင်းများအဖွဲ့များနှင့် ပူးပေါင်း ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီက နိုဝင်ဘာ ၁၈ ရက်တွင် စာနယ်ဇင်းရှင်းလင်းခဲ့သည်။


အမျိုးသားအောင်ပွဲနေ့ ကျင်းပခြင်းနှင့် ပတ်သက်၍ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီမှ ဦးနိုင်ငံလင်းက “ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် သုံးဦးဖြစ်တဲ့ ဦးနေဘုန်းလတ် (သင်္ကန်းကျွန်း)၊ ဒေါက်တာကျော်ဇင်ဦး (တွံတေး) ရယ် ကျွန်တော်တို့ ဦးနေလင်းအောင် (သန်လျင်) လွှတ်တော်ကိုယ်စားလှယ် သုံးယောက်က တင်ပြတဲ့အတွက် ဒီပွဲဟာ တကယ်ပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကျွန်တော်တို့အစိုးရဟာ  ကမကထပြုပြီး လုပ်သင့် လုပ်ထိုက်တယ်ဆိုပြီး ကျွန်တော်တို့ အစိုးရဟာ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အထူးသဖြင့် အဓိကပြောချင်တာကတော့ ကျွန်တော်တို့ အစိုးရတစ်ဖွဲ့တည်းလုပ်တာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရယ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် လူ့အဖွဲ့အစည်းရယ်၊ ဗကသရယ်၊ အခြားကျောင်းသားသမဂ္ဂတွေရယ်၊ ကျွန်တော်တို့ မြို့မကျောင်းသားဟောင်းများအသင်းရယ် ပေါင်းပြီးတော့မှ ဒီပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမျိုးသားနေ့ကို ဘာကြောင့် ကျင်းပရတာလဲဆိုတော့ ဒီအမျိုးသားနေ့က ကျွန်တော်တို့ကို ပေးတဲ့ အမျိုးသားရေးစိတ်ဓာတ်ပေါ့။ အဲဒီအမျိုးသားရေးစိတ်ဓာတ်က ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ပြု ပြင်ပြောင်းလဲရေးတွေအတွက် ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့အတွက် လမ်းပြပေးခဲ့တယ်ဆိုတဲ့ သဏ္ဌာန်နဲ့ပဲ ကျွန်တော်တို့ ဆောင်ရွက်ချင်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီတွင် စတင်မည်ဖြစ်ပြီး ဟောပြောပွဲ၊ ဂီတဖျော်ဖြေပွဲ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့ကို ထည့်သွင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် ဦးနေဘုန်းလတ်ကလည်း “အဓိက ကတော့ အမျိုးသားအောင်ပွဲနေ့ရဲ့အဓိပ္ပာယ်က တကယ်လေးနက်ပါတယ်။ တကယ်တမ်းပြောမယ်ဆိုရင် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါတယ်။ ကျောင်းသားတွေ ပထမကျောင်းသားသပိတ်ကို စတဲ့နေ့ကိုပဲ  တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ကိုပဲ ယူထားတာ။ အဲဒီတော့ ဒါပေမဲ့လည်း  ပြဿနာက ဘာလဲဆိုတော့ အမျိုးသားနေ့ အမျိုးသားနေ့လို့ပဲ အားလုံးက သိကြတယ်။ ဒီနေ့ကြီးမှာ တကယ့်ကျောင်းသားတွေရဲ့ အခန်းကဏ္ဍကြီးမားပုံကို တော်တော်များများ မေ့နေတယ်။ အဲဒီဟာကို မဖြစ်မနေ ပြန်လည်ဖော်ထုတ်ဖို့ ကျင်းပစေချင်တယ်။ ကျင်းပတဲ့အခါမှာလည်း အရင့်အရင်ပွဲတွေ ကျင်းပသလိုမျိုး အစိုးရကနေပြီးတော့ ဦးဆောင်ပြီး ကျင်းပတယ်။ ကျန်တဲ့သူတွေလည်း လာတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ဒီကျောင်းသားတွေပါ ဒီပွဲမှာ ပူးပေါင်းပါဝင်အောင် ကျောင်းသားသမဂ္ဂတွေရော၊ တခြားကျောင်းက ကျောင်းသားတွေလည်း တတ်နိုင်သမျှ ဒီပွဲကို တက်ရောက်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်အောင် ဒါစီစဉ်တာ။
အဓိက ကတော့ နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေတိုင်းမှာ ကျောင်းသားတွေရဲ့အခန်းကဏ္ဍက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါခဲ့တယ်ဆိုတဲ့ ဒီ အမျိုးသားအောင်ပွဲနေ့ အနှစ်သာရလေးကို ပြန်လည် ဖော်ထုတ်ချင်တာက အဓိက ကျပါတယ်”ဟု ပြောကြားသည်။

အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ နိုင်ငံတကာသံတမန်များ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားသမဂ္ဂများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ၊ ကဗျာ အနုပညာရှင်များ၊ စာနယ်ဇင်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူလယ်သမား၊ အလုပ်သမားသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
Writer:
ဝီရမိုးနေ၊ ချမ်းဝေစိုး

No comments:

Post a Comment