Friday, November 25, 2016

တရုတ် ဓာတ်အားပေးစက်ရုံ ပြိုကျမှုတွင် သေဆုံးသူ အရေအတွက် ၇၀ ကျော်ထိ မြင့်တက်လာ

တရုတ်နိုင်ငံတွင် ဆောက်လုပ်ဆဲ ဓာတ်အားပေးစက်ရုံ ငြမ်းပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက်သည် ၇၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်သည်။ အစောပိုင်းတွင် လူ ၄၀ ထက်မနည်း သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နိုဝင်ဘာ ၂၅ ရက်ထိ စာရင်းအရ သေဆုံးသူ ၇၄ ဦးထိ ရှိလာပြီဟု အာဏာပိုင်များက ဆိုသည်။ ယခုဖြစ်ရပ်သည် တရုတ်၏ စက်မှုလုပ်ငန်းခွင်များတွင် လုံခြုံရေး အားနည်းချက်များကြောင့် လူ့အသက်များ ဆုံးရှုံးနေခြင်းကို ပိုမိုထင်ဟပ် မြင်သာလာစေခဲ့သည်။ ရှန်ဇီးတွင် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မတော်တဆမှုအတွင်း သေဆုံးသူ ၇၄ ဦးအနက် ၆၈ ဦးကို မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားနိုင်ပြီဟု Xinhuaက ဆိုသည်။ ၎င်းတို့သည် အသက် ၂၃ နှစ်မှ ၅၃ နှစ်ကြား အရွယ်များ ဖြစ်ကြသည်။



သတင်းများ၏ အဆိုအရ ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံ၏ အအေးပေးစနစ် တည်ဆောက်နေစဉ် ပြိုကျမှု ဖြစ်ပွားခြင်းဟု သိရသည်။ China Daily သတင်းဌာနက ကရိန်းတစ်ခု ပြုတ်ကျရာမှ အစပြုပြီး ငြမ်းနှင့် အခြားသော ဆောက်လုပ်ရေး ပလက်ဖောင်းများ အားလုံးပါ ပြိုကျသွားခြင်းဟု ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့နဲ့ တာဝန်အရှိဆုံး သူတွေကို အရေးယူဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ရှန်ဇီး ဒုတိယ မြို့တော်ဝန် လီယီဟွမ်က ပြောကြားခဲ့သည်။

ယခုဆောက်လုပ်ရေး ကဏ္ဍကို တာဝန်ယူနေသည့် ရှန်ဇီးဂန်နန် ကုမ္ပဏီက အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှု လုပ်ငန်းများတွင် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဟု ကြေညာသည်။ အဆိုပါ ကုမ္ပဏီသည် ရာသီဥတု ကောင်းမွန်မှုကို အကျိုးရှိရှိ အသုံးချကာ ရက် ၁၀၀ အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးပြတ်စေရန် နှိုးဆော်လှုပ်ရှား ဆောင်ရွက်နေခဲ့သည်ဟုလည်း သတင်းများက ဖော်ပြသွားသည်။

Ref: Xinhua

No comments:

Post a Comment