Sunday, November 27, 2016

ငြိမ်းချမ်းရေး လိုချင်က အပစ်အခတ် ချက်ချင်းရပ်

မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်းဂိတ်သို့ ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် အဖွဲ့ဟုခေါ်သည့် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူများ သေဆုံးထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ တိုင်းရင်းသားများမှာ စစ်ဘေးလွတ်ရာ သို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။ စစ်ဘေးရှောင်စခန်းများသို့ ထွက် ပြေးခိုလှုံခဲ့ကြရသည်။ ယခုစစ်ပွဲသည် မဟာမိတ်အဖွဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ သုံးဖွဲ့ပူးပေါင်း၍ နယ်မြေခံရဲစခန်းများ၊ တပ်မတော်စခန်းများ သာမက ဒေသခံမြိုရွာများကိုပါ ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရသည်။ မန္တလေး၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမ တစ်လျှောက် မော်တော်ယာဉ်များဖြင့် တရုတ်နိုင်ငံနှင့် ကူးသန်းရောင်း ဝယ် သွားလာနေသည့် မော်တော်ယာဉ်များကို ဆက်ကြေးကောက် ခြင်းနှင့် အပြစ်မဲ့ပြည်သူတို့အား သတ်ဖြတ်ခဲ့ကြသည်။

ယင်းအတွက် မြန်မာ့တပ်မတော်သည် နိုင်ငံတော်လုံခြုံရေး နှင့် နိုင်ငံသူနိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ် ရန် တရားသောစစ်ကို ပြန်လည်ဆင်နွှဲခဲ့သည်။ မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြင်းထန်သောစစ်ပွဲများ ကြောင့် ဒေသခံတိုင်းရင်းသားများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။ အချို့ ဒေသခံပြည်သူများ တရုတ်နိုင်ငံအတွင်းသို့ပင် ထွက်ပြေးခိုလှုံ၍ စစ်ဘေးရှောင်ခဲ့ကြရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ရှေးဦးစွာ ဆောင်ရွက်ရမည့်အလုပ်မှာ အပစ်အခတ်ရပ်စဲရေးပင် ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲခြင်းမပြုဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် ဝင်ရောက်ဆွေးနွေးရန်မှာ လွန်စွာ ခက်ခဲပေလိမ့်မည်။ အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် သဘော တူညီမှုများ ညှိနှိုင်းရှာဖွေပြီး ရေရှည် ငြိမ်းချမ်းရေးမူဘောင်ကို ချမှတ် နိုင်ရန်မှာ အထူးလိုအပ်ပေသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ၂၁ ရာစု ငြိမ်းချမ်းရေးညီလာခံနှင့် ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးဆိုင် ရာ ပြဿနာများကို နူးညံ့သိမ်မွေ့သောပုံစံဖြင့် ကိုင်တွယ်ဖြေရှင်း အဖြေရှာနေသည်မှာ ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီသကဲ့သို့ တရား မျှတမှုလည်း ရှိသည်။ ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ရှိပြီး လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များလည်း ကျန်ရှိနေသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက် ကိုင် မဟာမိတ်အဖွဲ့သုံးဖွဲ့သည် ငြိမ်းချမ်းရေးသဘောတူညီချက် လက် မှတ်မရေးထိုးရသေးသည့် အဖွဲ့များဖြစ်ပြီး ယင်းတို့၏လုပ်ရပ်သည် တရုတ်-မြန်မာ အပြန်အလှန် ကူးသန်းရောင်းဝယ်နေသည့် ကုန်သွယ် ရေးဆိုင်ရာ အဓိက ပင်မလမ်းကြောင်းကို လူသိရှင်ကြား ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ငြိမ်းချမ်းရေးကို ကျောခိုင်းကာ ပြည်သူ့ဆန္ဒ ကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းပင် ဖြစ်သည်။
ယင်းအတွက် ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ်ရရှိလိုပါက နိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်နှင့် နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းရေးဆွေးနွေး နိုင်ရန် အပစ်အခတ်ချက်ချင်းရပ်၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေး ဖြေရှင်းကြရန် တိုက်တွန်းလိုက်ရပေသည်။

No comments:

Post a Comment