Tuesday, November 29, 2016

အလက်ပိုမြို့ အရှေ့မြောက်ပိုင်း နယ်မြေအားလုံးကို ဆီးရီးယားသူပုန်တို့ လက်လွှတ်ခဲ့ရ

ဆီးရီးယားစစ်တပ်သည် တစ်နိုင်ငံလုံးအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေပြီး နိုဝင်ဘာ ၂၈ တွင် အလက်ပိုအရှေ့ပိုင်းရှိ သူပုန်တို့၏ ခြေကုပ်နယ်မြေအားလုံးကို ဆီးရီးယားအစိုးရက ပြန်လည် သိမ်းပိုက်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များသည် ဆာဆက်ခါ၊ ဟေဒါရီယာ၊ ရှိတ်ခိုဒါနယ်မြေများကို သိမ်းပိုက်ခဲ့ပြီး ကာ့ဒ်သူပုန်တို့က ရှိတ်ဖဲဧရိယာကို သူပုန်တို့ထံမှ ပြန်လည်ရယူခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ကာ့ဒ်သူပုန်တို့သည် ဆီးရီးယားတွင် အစိုးရနှင့် သူပုန်နှစ်ဘက်စလုံးနှင့် တရားဝင် မဟာမိတ် ဖွဲ့ထားသည်။ သို့သော်လည်း အတိုက်အခံတို့က ကာ့ဒ်သူပုန်တို့သည် အလက်ပိုမြို့ ပြန်လည်သိမ်းပိုက်ရေးတွင် ဆီးရီးယားအစိုးရကို ထိရောက်စွာ ကူညီခဲ့သည်ဟု ရှုမြင်ခဲ့သည်။




သူပုန်တို့က ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက ထိန်းချုပ်ထားခဲ့သော အလက်ပို အရှေ့ပိုင်းကို အစိုးရတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ဆီးရီးယားသူပုန်တို့အတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ရုရှားက ဆီးရီးယားသမ္မတ ဘာရှား အယ်အာဆတ်ကို ထောက်ပံ့သည့်အနေဖြင့် လေကြောင်းမှ စစ်ကူပေးခဲ့ပြီးနောက်ပိုင်း သူပုန်တို့သည် နယ်မြေများ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။

နိုဝင်ဘာ ၂၇ ရက် ညတွင် အလက်ပို အရှေ့ပိုင်းမှ အရပ်သား ၁၀၀၀၀ နီးပါး ထွက်ပြေးလာခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ အရပ်သားများကို ပို့ဆောင်ရန် သုံးစွဲသော အစိမ်းရောင်ကားကြီးများမှ မိသားစုဝင်များ ထွက်ခွာနေပုံကို ဆီးရီးယား အစိုးရပိုင်ရုပ်သံက ပြသခဲ့သည်။ သူပုန်တို့ ထိန်းချုပ်ထားသော တောင်ဘက်သို့ ထွက်ပြေးကြသည့် အရပ်သားများသည် အ၀တ်အစား အနည်းငယ်သာ အပိုပါခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းထောက်က ပြောကြားခဲ့သည်။

အလက်ပိုအရှေ့ပိုင်းသည် အစိုးရတပ်ဖွဲ့ဝင်များ၏ ၀န်းရံပိတ်ဆို့မှုကို ခံနေရသည်မှာ လေးလကျော် ကြာပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာက အကူအညီပေးမှုများနှင့် စားနပ်ရိက္ခာ လက်ကျန်သည် အလွန်အမင်း နိမ့်ကျနေပြီဖြစ်သည်။ မြို့၏အရှေ့ပိုင်းသို့ ၀င်ရောက်ခွင့်ရရန် ကုလသမဂ္ဂက အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း အကူအညီများ ဖြန့်ဖြူးပေးရန်အတွက် လိုအပ်သည့် အာမခံချက် မရရှိသောကြောင့် အကူအညီများပေးရန် မဖြစ်နိုင်ခဲ့ပေ။

အလက်ပိုကို ပြန်လည်သိမ်းပိုက်ရန် အစိုးရက တဖန်ကြိုးပမ်းခဲ့ပြီးနောက် နှစ်ပတ်အတွင်း အလက်ပို အရှေ့ပိုင်း သုံးပုံတစ်ပုံခန့်သည် အစိုးရလက်အောက်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ သူပုန်တို့ ထိန်းချုပ် ထားဆဲနေရာများကို ထပ်မံထိုးစစ်ဆင်မည်ဖြစ်ပြီး အလွယ်တကူ ထိန်းချုပ်သိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း အစိုးရနှင့်နီးစပ်သည့် ဆီး ရီးယားသတင်းစာ Al-Watan က ဖော်ပြခဲ့သည်။ အလက်ပိုအရှေ့ပိုင်းကို အစိုးရက ပြန်လည်သိမ်းပိုက်နိုင်မှုသည် ဆီးရီးယားစစ်ပွဲအတွက် အလှည့်အပြောင်းဖြစ်ပြီး ဆီးရီးယား အကြီးဆုံးမြို့ငါးမြို့ကို အစိုးရက ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ashington Institute for Near East Policy မှ ဆီးရီးယားရေးရာ ကျွမ်းကျင်သူ ဖာဘရစ်ဘလန်ချီက ပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရသည် မြို့တော် ဒမတ်စကတ်၊ အလယ်ပိုင်းရှိ ဟွမ်နှင့် ဟားမားမြို့၊ ကမ်းရိုးတန်းမြို့ လာတာကီရာတို့ကို ထိန်းချုပ်ထားပြီးဖြစ်သည်။
Writer:
Ref: AFP

No comments:

Post a Comment