Friday, November 18, 2016

ကုန်ကြမ်း ပိုရှားလာ၍ ငါးပိဈေး ထက်ဝက်မြင့်တက်လာ

ငါးပိပြုလုပ်ရန် ကုန်ကြမ်းလိုအပ်ချက်ဖြစ်သည့် ငါးအသေးလေးများ ပိုမိုရှားပါးလာသောကြောင့် ငါးပိဈေးနှုန်းမှာ ယခင်နှစ်များထက် ထက်ဝက်မြင့်တက်လာသည်ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ် လုပ်ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဦးထွန်းစိန်ကပြောသည်။ ငါးအသေးလေးများမှာ ဖမ်းဆီးရရှိမှု လျော့နည်းလာသည့်အပြင် ဝက်မွေးမြူသည့် လုပ်ငန်းရှင်များနှင့် မွေးမြူရေးအစာထုတ် လုပ်သော စက်ရုံများမှ ဝယ်ယူလာကြသဖြင့် ငါးပိကုန်ကြမ်းဈေး မြင့်တက်လာခြင်းဖြစ်သည်။ ဦးထွန်းစိန်က ''ကုန်ကြမ်းဖြစ်တဲ့ ငါးအသေးလေးတွေက ဖမ်းဆီးရရှိမှုနည်းလာလို့ ရှားပါးလာပြီး ဈေးမြင့်လာတဲ့အပြင် အ ခြားထုတ်လုပ်သူတွေနဲ့ လုဝယ်ရတဲ့အတွက် အရင်ထက် ထက်ဝက်လောက် ဈေးမြင့်လာ တယ်။ အရင်က ငါးပိကုန်ကြမ်းကို တစ်နှစ်စာ သိုလှောင်ထားပြီးပြုလုပ်လို့ရပေမယ့်အခုက အဲလောက်ထိ လုံလုံလောက်လောက်မရတော့ဘူး။ ငါးပိလုပ်တဲ့ လုပ်ငန်းရှင်တွေ အတွက်လဲ အခက်ကြုံတာပေါ့''ဟုပြော သည်။
ပြီးခဲ့သည့်နှစ်က ငါးပိတစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၃ဝဝ ခန့်သာ ပေါက်ဈေး ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာ အနိမ့်ဆုံး ကျပ် ၆ဝဝ အထိ ဈေးပေါက်လာခြင်း ဖြစ်သည်။ ငါးပိတွင် ရေကျိုငါးပိ၊ စိမ်းစား ငါးပိ၊ မျှင်ငါးပိ စသည်ဖြင့် ရှိသည့်အနက် မျှင်ငါးပိပြုလုပ်သည့် ကုန်ကြမ်းမှာ ပိုမိုရှားပါးလျက်ရှိသည်။
ရေထွက်ကုန်များတွင် ငါးပိကဲ့သို့ အခြားထုတ်ကုန်များမှာလည်း ကုန်ကြမ်းရှားပါးလျက်ရှိပြီး ကုန်ကြမ်းဈေးများ မြင့်တက်လာသောကြောင့် ငါးခြောက်လုပ်ကိုင်သူအချို့မှာလည်း လုပ်ငန်းများခေတ္တရပ်ဆိုင်းထားရကြောင်း သိရသည်။ ''ကုန်ကြမ်းက ငါးပိလုပ်တဲ့ ငါးအသေးလေးတွေတင် ရှားတာမဟုတ်ပါဘူး။ ငါး တန်ငါးခြောက် လုပ်တဲ့သူတွေဆိုရင်လဲ ငါးမွေးကန်တွေမှာ ငါးတွေဖော်တာနည်းလို့ ကုန်ကြမ်းဈေး မြင့်တက်တာရှိတယ်။ အဲဒီလုပ်ငန်းလုပ်တဲ့သူတွေလဲ လုပ်ငန်းတွေရပ် ထားတာတွေရှိတယ်''ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ကုန်ကြမ်းရှားပါးလာခြင်းကြောင့် ငါးပိ၊ ငါးခြောက်ဈေးများ အဆမတန် မြင့်တက်လာသော်လည်း ပြည် တွင်းဈေးကွက်အတွင်း ဝယ်လိုအားကျဆင်းသွားခြင်းမရှိဘဲ ပြည်ပ ဈေးကွက်တွင်လည်း မှာယူမှုပိုမိုများပြားလာကြောင်း သိရသည်။
ဖြူသစ်လွင်

No comments:

Post a Comment