Wednesday, November 23, 2016

လိုင်းကြောင်တယ် ဘာညာ ပြောတာလည်း စိတ်မဆိုးပါဘူး။ ကျွန်တော်ကတော့ ဂီတကို တံဆိပ်မကပ်ပါဘူး မနောနှင့်တွေ့ဆုံခြင်း

ပြီးခဲ့သည့်နှစ်များက မြန်မာ့ရိုးရာ ကထိန်ရာသီတွင် ပြည်ပသီချင်းမြူးမြူးကြွကြွများဖွင့်၍ ကလေ့ရှိကြသော်လည်း ယခုနှစ်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆိုတော်မနော၏ ဗိုလ်အောင်ဒင် သီချင်းသံများက ကထိန်ပွဲတော် တစ်လျှောက်လုံးနေရာယူခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်သင်္ကြန်ကာလတွင်လည်း မနော၏ ‘မိချော’သီချင်းက သင်္ကြန်တစ်တွင်းလုံး အောင်ပွဲခံခဲ့ရာ မြန်မာ့ရိုးရာပွဲတော်များ၏ မပါမဖြစ်တေးသီချင်းသီဆိုသူဖြစ် လာသည့် အဆိုတော် မနောကို ဗိုလ်အောင်ဒင်သီချင်း အကြောင်းအပါအဝင် ၎င်း၏ အနုပညာလှုပ်ရှားမှုများအကြောင်း မေးမြန်း ခဲ့ပါသည်။




ဗိုလ်အောင်ဒင်သီချင်းက ပရိသတ်တွေကြားထဲမှာ အားပေးမှုရနေတာ ဆိုတော့ အဲဒီသီချင်း ဆိုဖြစ်ခဲ့တဲ့ အကြောင်းလေး အရင်ဆုံးပြောပြပေးပါဦး။

တေးရေးသဟာအောင်ရဲ့ အိမ်သွားလည်တော့ သူက ကျွန် တော့်ကို သူငယ်ချင်း သီချင်းတစ် ပုဒ် ရေးထားတယ်။ ဟာသတော့ ဟာသလေး။ ဆိုရဲလားတဲ့။ ဆိုပြ ဦးဆိုတော့ ဆိုကြည့်ပြီး ဟာသ လေးပေမယ့် ဘယ်သူ့ကိုမှလည်း မထိခိုက်ပါဘူး။ ဆိုလို့ကောင်းပါ တယ်၊ ဆိုလိုက်မယ်ကွာဆိုပြီး သူ နဲ့ ကျွန်တော်တို့ထောင်ထားတဲ့ Band မှာ သွားတီးပြီး ကျွန်တော့် ရဲ့ Page ကနေ လွန်ခဲ့တဲ့ နှစ်လ လောက်က တင်ပေးလိုက်တာ။ အဲဒီကနေ ကြိုက် သွားကြတာ။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက မိချောက တစ်နိုင်ငံလုံး  ပေါက်ခဲ့သလို တန်ဆောင်တိုင်ပွဲတော်မှာလည်း ဗိုလ်အောင်ဒင်က အရမ်းပေါက်ခဲ့တာ ဆိုတော့ ဘယ်လိုခံစားရလဲ။ ဇွဲဉာဏ်

သီချင်းလေးက ပေါ့ပေါ့ပါး ပါးသီချင်းလေးဆိုတော့ ကျွန်တော်တို့ကတော့ ပေါ့ပေါ့ပါးပါးပဲ လုပ်လိုက်တာ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးကြိုးစားစားဖန် တီးပါတယ်။ သီချင်းလေးက ပျော်ပွဲရွှင်ပွဲတွေမှာ ကကြခုန်ကြဖို့အတွက် ဖွင့်လို့ရတဲ့သီချင်းလေးဖြစ် သွားတဲ့အတွက် ဝမ်းသာပါတယ်။ အကျိုးရှိစေတယ်ပေါ့။ ကလို့ ခုန်လို့ပျော်ရွှင်မှုအားပေးတဲ့ သီချင်းလေး ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။

နယ်ဖျော်ဖြေပွဲတွေလည်း ဆက် တိုက်သွားနေတာဆိုတော့ ဗိုလ်အောင်ဒင် သီချင်းကိုကော တောင်းကြလား၊ ပွဲတိုင်းမှာ မဆိုမဖြစ် သီချင်းတွေဆို ဘယ်သီချင်းတွေ ဖြစ်မလဲ။

‘ဗိုလ်အောင်ဒင်’မထွက်ခင် ကတော့ ‘မိချော’က သင်္ကြန်ရက် မဟုတ်လည်း မဆိုမဖြစ်ကိုဆိုရ တာ။ ‘ဗိုလ်အောင်ဒင်’ ထွက်လာ တော့ ‘မိချော‘နဲ့ ‘ဗိုလ်အောင်ဒင်’နဲ့အပြိုင်ပဲ။ အတောင်းအများဆုံးကတော့ ‘ဗိုလ်အောင်ဒင်’
  ဖြစ်နေတယ်။ ‘ကြာဖြူ’တို့၊ ‘ချစ်တယ်’ တို့လည်း တောင်းတယ်။

အစ်ကို့ရဲ့ သီချင်းတွေက တစ်ပုဒ်နဲ့ တစ်ပုဒ် ဂီတပုံစံမတူတော့ သီဆိုရတဲ့အပိုင်းမှာ ဘယ်လိုပြင်ဆင်ရ တာတွေရှိလဲ။ အဲဒီလိုဆိုဖြစ်တာ ကကော ဘာကြောင့်လဲ။

ကျွန်တော်တို့က သီချင်းကိုတစ်ပုဒ်နဲ့တစ်ပုဒ် လိုင်းတစ်လိုင်း တည်း မသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့  ဖန်တီးမှုဆိုတာ အမြဲတမ်းရှိနေမှ အနုပညာဆိုတာ လတ်ဆတ်မှာလေ။ ပရိသတ်တွေကလည်း ခေတ်မီလာပြီ။   အရင်က အွန်လိုင်းမသုံးတဲ့ ဒေသတွေ တောင် ဖေ့စ်ဘွတ်စ်တွေသုံးလာတော့ ကမ္ဘာက ရွာဖြစ်လာတော့ အသစ်တွေမက်လာပြီ။ အဟောင်းတွေကို သိပ်ဖီးလ်မလာတော့ဘူး။ နိုင်ငံခြားသီချင်းတွေလည်း နားထောင်တယ်။ တစ်တိုင်းပြည်လုံး ကထုတ်တဲ့၊ လွှင့်တဲ့ Free တင်တာတွေရော၊ Cover ပြန်ဆိုတွေရော အားလုံးကို နားထောင်တော့ သူတို့ နားတွေက ဂီတကို တော်တော်နားယဉ်လာတယ်။ အဲဒီတော့ ဖန်တီး မှုပါတဲ့ သီချင်းမျိုးကို ရွေးတယ်။ နားထောင်တယ်။ ရှယ်တယ်။ ဒေါင်းလုတ်တွေ ဆွဲကြတယ်။ အဲဒီ လိုမျိုးဖြစ်လာတဲ့အပေါ်မှာ ဖန်တီး မှုပါတဲ့သီချင်းဆို အမြန်ထွက်သွား တာပဲ။ လက်ရှိက ခေတ်ရေ စီး ကြောင်းလည်း ပြောင်းနေတဲ့ သဘောပေါ့။

တချို့ပရိသတ်တွေက အစ်ကို အရင်ကဆိုခဲ့တဲ့ Alternative ပုံစံ တွေလည်း ဆိုစေချင်ကြတယ်။ အခုလို မြန်မာသံတွေဆိုနေတဲ့အပေါ် ဝေဖန်နေကြတာတွေရှိတော့ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။

တေးချစ်သူတွေကို ပြောရ ရင် အဲဒီလိုင်းက အမြန်လုပ်လို့ ရတဲ့လိုင်းလည်း မဟုတ်ဘူး။ ပုံမှန်ကို စနစ်တကျသွားရတာဆိုတော့ တေးရေးဘက်ကလည်းတစ်ပုဒ်ရ ဖို့ တော်တော်စောင့်ပေးရတယ်။ အတီးဘက်မှာလည်း အချိန်ပေး
ရတယ်။ အဆိုဘက်မှာလည်း အချိန်ပေးရတယ်။ Mixing ဆွဲတာကအစ Mixing ကောင်းတဲ့နေရာမှာ ဆွဲရတာ။ အဲဒီလိုသီချင်းမျိုးတွေ က အချိန်ပေးရတဲ့အခါမှာ ထွက် တာနှေးတော့ မလုပ်ဘူးထင်တာ။ တကယ်တမ်းက
  လုပ်နေတယ်။ လှိုင်ဦးမော်နဲ့ ကိုးလပိုင်းက ထွက်ထားတဲ့ အခွေမှာဆိုရင် Alter-native ပါတယ်။ Pop ပါတယ်။ Modern Rock လေးတွေပါတယ်။ ကျွန်တော်တို့ လုပ်နေတာကို တကယ်နားထောင်နေတဲ့သူတွေ သိပါတယ်။ တကယ်တမ်း Main Major က အဲဒီလိုင်းပဲသွားမှာ။ ဒါပေမဲ့ ‘စီးဆင်းမှုအရ’နဲ့ ‘လက် ချောင်းများ’ပြီးကတည်းက မြန်မာ သံစဉ် စတည်နေတာဆိုတော့ အဲဒါကို လက်စသတ်တာလည်း ပါပါတယ်။ မြန်မာသံလုပ်ဖို့ ရည်ရွယ်ချက်
နဲ့လာတာဆိုတော့ မြန်မာသံ လုပ်ကိုလုပ်မှာပဲ။ အဲဒါကြောင့် လည်း လုပ်ဖြစ်နေတာ။ ဒါပေမဲ့ ပရိသတ်ဘက်ကအမြင်ကိုလည်း နားလည်ပါတယ်။ တချို့ဆို မက် ဆေ့ခ်ျပို့တယ်။ ကိုမနော ရော့ခ်တွေဆိုပါဦး။ မြန်မာသံကြီးတွေ မလုပ်ပါနဲ့ဗျာ။ သူတို့ နှမြောနေတဲ့ စေတနာကို မြင်ရတယ်။ ဒါပေမဲ့ အချိန်လေးတစ်ခုရောက်လာတဲ့ အချိန်မှာ သူတို့သိမှာပါ။ တစ်လိုင်းစီသွားနေတယ်ဆိုတာ။ ဖြည်းဖြည်းမှ ပေါ်လာမှာ။ အခုက ဟိုဘက်ဒီဘက် မျှနေပြီး
မြန်မာသံဘက်က တောင် ပိုနေတော့ ရော့ခ်ဘက်က လူတွေက လိုင်းကြောင်တယ် ဘာညာပြောတာလည်း စိတ်မဆိုးပါ ဘူး။ သူတို့တွေးတာလည်း မမှား ဘူး။ ကျွန်တော်တို့ ဂီတလုပ်တဲ့ သူတွေ အထူးသဖြင့် ကျွန်တော်နဲ့
တေးရေးကတော့ ဂီတကိုတံဆိပ် မကပ်ပါဘူး။ ဂီတကို တံဆိပ်ကပ် လိုက်ရင် အနုပညာလုပ်တာနဲ့ မတူတော့ဘူး။ ရော့ခ်ဆို ရော့ခ်ချည်းပဲကျန်တဲ့ ဂီတတစ်ခုကိုတန်ဖိုးမထား တာမျိုးမဟုတ်ဘူး။  ဟစ်ဟော့ပ်ဆို  ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန် တော်တို့အတွက် ခက်တယ်။

အစ်ကို့ရဲ့ သီချင်းတွေက အခွေ မထွက်ခင် သီချင်းတွေကို အွန်လိုင်းမှာ အရင်တင်ပြီး ပရိသတ်သိသွားတာဆိုတော့ အခွေထွက်တဲ့အချိန်မှာ အခက်အခဲမရှိနိုင်ဘူး လား။

ကျွန်တော်တို့က အခွေအ ပေါ်မှာ မျှော်လင့်ချက်မထားဘူး။ အထူးသဖြင့် မြန်မာသံကို။ အဲဒီကနေ အကျိုးခံစားခွင့်ကို မျှော်လင့်ချက်မထားဘူး။ မြန်မာသံက ဝါသနာကြောင့်ဆိုတာ။ ကျွန်တော်က နယ်သူနယ်သားဆိုတော့
မြန်မာသံကို ချစ်တယ်။ မြန်မာသံနဲ့ကြီးပြင်းလာလို့ဆိုဖြစ်တာ။ ပြီးတော့ကျွန်တော်တို့ ဗုဒ္ဓဘာသာ အကျိုးပြုသီချင်းတွေကလည်း မြန်မာသံနဲ့မှအဆင်ပြေတာ။ စတီရီယိုနဲ့ကျ အဆင်မပြေတော့ အဲဒီလိုင်းကို တစ်လိုင်းယူထားတာ။ အခုလည်းဆိုဖြစ်တယ်။ နောင်လည်း ဆိုနေဦးမှာ။ အခုဆိုရင်ဆိုဖို့ ရည်ရွယ်ထားတာတွေ အများကြီးရှိတယ်။ ကျိုက်ထီးရိုးသမိုင်းတို့ တကယ်ထင်ပေါ် လူသိများလာဖို့နဲ့လာရောက်ဖူးမြော်ချင်စိတ်ပေါက် အောင် သမိုင်းကြောင်းတွေကို တေးရေးရော၊ တေးဆိုရော၊ ရိုက် ကွင်းတွေရော သေချာလုပ်ပြီး လှူဖို့ရည်ရွယ်ထားပါတယ်။

ယူကျု့ဒ်မှာဆိုရင်လည်း အစ်ကို့ သီချင်းတွေကို ကြည့်တဲ့သူ သန်းနဲ့ ချီပြီးကြည့်တာဆိုတော့ အဲဒီအ ပေါ်မှာ ခံစားမှုလေးပြောပေးပါဦး။

ကိုယ့်သီချင်းတွေ ကြည့် တယ်ဆိုတော့ စိတ်ဝင်စားလို့ ကြည့်တာပဲ ဖြစ်မှာပါ။ အဲဒီအ တွက်လည်း ဝမ်းသာပါတယ်။ ကြိုက်ခြင်း၊ မကြိုက်ခြင်းကတော့ အဲဒီအပေါ်မှာ ရှိဦးမှာပါ။ ကြည့် တိုင်းလည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကြည့်ပေးတာကိုပဲ ကျေးဇူးတင် ပါတယ်။ သူတို့ လက်ခံလို့ရရင် လက်ခံလာမှာပေါ့။

အခုတန်ဆောင်တိုင်မှာ ဗိုလ်အောင်ဒင်ကိုဖွင့်တာ များလွန်းလို့တချို့ဆိုရင် မကြားချင်တော့ဘူး လို့ ပြောတဲ့သူတွေလည်းရှိတာဆို တော့ အဲဒီသူတွေကိုကော ဘာ ပြောချင်တာရှိမလဲ။

ကျွန်တော် သူတို့ကို ကိုယ်ချင်းစာတယ်။ ကျွန်တော် သူတို့ နေရာမှာဆိုရင်လည်း ပြောချင်ရင်ပြောမိမှာ။ သူတို့ အပြစ်မရှိဘူးလို့ ပဲ ပြောချင်ပါတယ်။ လူတိုင်းကအမြဲတမ်းလည်း ပျော်ချိန်မဟုတ် ဘူးလေ။ တချို့စီးပွားရှာနေချိန်မှာ  ဒါကြီးတွေကြားနေရတော့ ပင်ပန်းမှာပေါ့ဗျာ။ တချို့မိသားစုကိစ္စ တွေရှိမယ်။ ကိုယ်ရေးကိုယ် တာကိစ္စတွေရှိမယ်။ ပျော်နေတဲ့လူ အတွက်သာ ဒီသီချင်းက ကောင်းပေမယ့် စိတ်ညစ်နေသူအတွက်က  ဒါကြီး ခဏခဏကြား ရရင်ဖြစ် လာမှာ။ ကိုယ်ချင်းစာပါတယ်။  တောင်းပန်ပါတယ်လို့။

အနုပညာသက်တမ်းလည်း ဆယ်နှစ်ကျော်ပြီဆိုတော့ အခုကိုယ်ရပ် တည်နေရတဲ့အပေါ်မှာ အားရ ကျေနပ်မှု ဘယ်လိုရှိလဲ။ ကိုယ့်ရဲ့ အနုပညာပန်းတိုင်ကိုကော ဘယ် လောက်အထိ မျှော်မှန်းထားလဲ။

လုပ်နိုင်သရွေ့တော့ ဆက် လုပ်သွားမယ်။ ဘယ်လောက်အ ထိရှိရမယ်လို့တော့ မပါပါဘူးဗျာ။သူတို့ အခွင့်အရေးပေးရင် ပေး သလိုပဲ ဆက်လျှောက်သွားရမှာ ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က တော့လုပ်နိုင်သရွေ့ အကောင်း ဆုံးဖန်တီးမှုတွေကို ရိုးသားကြိုး စားစွာ ချပြနေဦးမှာပါ။

အခုချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် အမှတ်တရ စကားလေးပြောပေးပါဦး။

ကျွန်တော်တို့ အခုလိုမျိုးဖန် တီးတာကို နားထောင်ပေးတာ။ ဝေဖန်ပေးတာ၊ ကြိုက်သူရော၊ မကြိုက်သူရော ကြည့်ရှုဖြစ်လို့ ဝေ ဖန်ပေးတာ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ကို အခုလို လူသိမှ ကျွန်တော်တို့ ဖန်တီးတဲ့အရာကို ကြည့်ဖြစ်မှာ။ ကြည့်ဖြစ်မှကြိုက်ခြင်း၊ မကြိုက်ခြင်းက ဝေဖန် သုံးသပ်လို့ရမှာ။ ကျွန်တော်တို့ကိုလူမသိမချင်း ကျွန်တော်တို့ဘယ် လောက်ပဲ လုပ်ထားလုပ်ထား အဲဒီသီချင်းတွေက တိမ်မြုပ်သွားမှာ။ အခုလိုမျိုး ကျွန်တော်တို့ ဖန်တီးမှု တွေကို အားပေးကြတဲ့ တေးချစ်သူ များကို အထူးပဲကျေးဇူးတင်ပါ တယ်။

No comments:

Post a Comment