Monday, November 21, 2016

ဗီယက်နမ်ကုန်တင်သင်္ဘောနှင့် အင်ဒိုနီးရှား ရွက်လှေ တိုက်၊ လူ ၁၅ ဦး ပျောက်ဆုံး

အင်ဒိုနီးရှား အရှေ့ဂျာဗာခရိုင်မှာ ဗီယက်နမ်ကုန်တင်သင်္ဘောနဲ့ အင်ဒိုနီးရှားရွက်လှေတိုက်မိပြီး လူ ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာလ ၂၀ ရက်နေ့က ပြောလိုက်ပါတယ်။ ကုန်တင်သင်္ဘော MV ထိုင်းဆန်း ၄ နဲ့ လူ ၂၇ ဦးကို သယ်ဆောင်လာတဲ့ KM မူလ်ရာဆီဂျတိုင် ရွက်လှေဟာ တူဘန်ခရိုင်ထဲမှာ နိုဝင်ဘာလ ၂၀ ရက် အရုဏ်မတက်ခင် တိုက်မိခဲ့တာလို့ ဒေသခံ သဘာဝဘေးအန္တရာယ် လျော့ချရေး အေဂျင်စီက အကြီးအကဲ တဦးဖြစ်သူ ဂျိုကိုလိုရီဒီယိုနိုက ပြောလိုက်တာပါ။ မျက်မြင်သက်သေတွေကို ကိုးကားတဲ့ သတင်းထုတ်ပြန်ချက်တွေအရ အင်ဒိုနီးရှားရွက်လှေရဲ့ အနောက်ဘက်ကို ကုန်တင်သင်္ဘော တိုက်မိပြီးတဲ့နောက် အင်ဒိုနီးရှားလှေဟာ နစ်မြှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ စုံစမ်းစစ်ဆေးဖို့အတွက် ကုန်တင်သင်္ဘောကို လမွန်ဂန်မြို့မှာ ဆိုက်ကပ်ထားတယ်လို့လည်း သိရပါတယ်။



ကုန်တင်သင်္ဘောဟာ ပီလောပီနမ်အမှုန့်တွေကို တင်ဆောင်လာပြီး အရှေ့ဂျာဗားရဲ့ မြို့တော်ဆူရာဘရမှာရှိတဲ့ တန်ဂျွန်းပီရက်က်ဆိပ်ကမ်းကို ဦးတည်မောင်းခဲ့တာလို့ သတင်းတွေက ထုတ်ပြန်ရေးသားခဲ့တာပါ။

ပျောက်ဆုံးနေသူအားလုံးဟာ အင်ဒိုနီးရှားရွက်လှေက ဖြစ်ပြီး ၁၂ ယောက်ကိုတော့ ကယ်ဆယ်လို့ရခဲ့ကြောင်း ဆိုပါတယ်။

ရေတပ်ရဲ့အကူအညီနဲ့ ပျောက်ဆုံးနေသူတွေကို သင်္ဘော ၂ စီးနဲ့ ရှာဖွေနေဆဲဖြစ်တယ်လို့ ဂျိုကိုလိုရီဒီယိုနိုက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ခရီးသွားလာ သယ်ယူပို့ဆောင်ရေး စရိတ် အတော်အသင့်သက်သာတဲ့ ကျွန်းပေါင်း ၁၇,၀၀၀ ထောင်ကျော်နဲ့ လူဦးရေ ၂၅၆ သန်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံ ဖြစ်လို့ သင်္ဘောနဲ့ လှေတွေ သုံးစွဲတာများပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ပင်လယ်တွင်း မတော်တဆမှုတွေ ဖြစ်တာဟာ အမြဲလိုလို ဖြစ်နေတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment