Tuesday, November 22, 2016

ဒေါ်နယ်ထရမ့်ကိုထောက်ခံသည့် ၈ နှစ်သားကလေးငယ်ကို မိခင်က အိမ်မှနှင်ချပြစ်ဒဏ်ပေး

အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့် သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် နိုင်ငံတ၀ှမ်း ဆန့်ကျင်ဆန္ဒပြတာတွေနဲ့ ဝေဖန်ပြစ်တင်သံတွေ မြင့်တက်နေခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကတော့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဒေါ်နယ်ထရမ့်ကို မဲပေးထောက်ခံခဲ့တဲ့ ကလေးငယ်ကို မိခင်က ပြစ်ဒဏ်ပေးခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ဖြစ်ပါတယ်။ အဲဒီကလေးငယ်ဟာ ၈ နှစ်အရွယ်သာရှိသေးပြီး ကျောင်းမှာပြုလုပ်တဲ့ မဲပေးရွေးချယ်မှုမှာ ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တက္ကဆက်စ်ပြည်နယ်မှာ သူ့ရဲ့မိဘတွေကိုယ်တိုင် ရိုက်ယူထားခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ အိမ်အခန်းအပြင်လျှောက်လမ်းမှာ ဝေခွဲမရတဲ့ မျက်နှာနဲ့ ရပ်နေခဲ့ကာ သူ့ရဲ့ နောက်တံခါးနားမှာတော့ အ၀တ်အစားသေတ္တာတလုံး ရှိနေခဲ့တာပါ။



စိတ်ဆိုးဒေါသထွက်နေတဲ့ မိခင်ဖြစ်သူက ကလေးငယ်ကို “မင်းက ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့တာပဲ။ မင်းရဲ့ပစ္စည်းတွေယူပြီး ခုသွားတော့” လို့ ပြောခဲ့တာကို တွေ့ရပါတယ်။

ကလေးငယ်ဟာ မျက်ရည်တွေအ၀ိုင်းသားနဲ့ သူဘာပြစ်မှုကျူးလွန်ခဲ့လို့ ခုလိုဖြစ်ရတယ်ဆိုတာကို နားမလည်နိုင်ပဲ ရှိနေခဲ့တာပါ။

မိခင်ဖြစ်သူက သူ့ဆီမှာ “ကျနော် ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့လို့ အိမ်ပေါ်က နှင်ချခံရတာပါ” ဆိုတဲ့ စာသားတွေပါတဲ့ ဆိုင်းဘုတ်ကို ကိုင်ခိုင်းခဲ့တာပါ။

ကလေးငယ်က အဲဒီမှာဆက်နေဖို့ တောင်းပန်တိုးလျှိုးပြောခဲ့ပေမယ့် မိခင်ဖြစ်သူက “သွားတော့။ ဒေါ်နယ်ထရမ့်ချစ်သူကြီး” လို့ နှုတ်ဆက်ပြီး လမ်းထဲကို မောင်းထုတ်ခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် ရုပ်သံဗွီဒီယိုဖိုင်အဆုံးပိုင်းမှာတော့ မိခင်ဖြစ်သူက ကလေးငယ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး ဘာကြောင့် ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့သလဲလို့ မေးမြန်းခဲ့ချိန်မှာ ကလေးငယ်က “သူ့ကို တီဗွီထဲမှာ မကြာခဏတွေ့ရလို့” ဆိုပြီး ပြန်ဖြေခဲ့တာပါ။

ဒီ့နောက် သူဟာ ကလေးငယ်ကို မောင်းထုတ်လိုက်ကာ အိမ်မှာကျန်နေခဲ့တဲ့ သားအငယ်ဖြစ်သူကို သူ့ရဲ့အစ်ကို အိမ်ကိုပြန်လာတော့မှာ မဟုတ်ကြောင်း ပြောခဲ့တာပါ။

ညီဖြစ်သူကလေးငယ်ဟာ ငိုကြွေးပြီး အစ်ကိုဖြစ်သူကို အော်ခေါ်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်ခံခဲ့ရပြီး တဦးကတော့ “ဒါဟာ တော်တော့်ကို ဆိုးဝါးပါတယ်။ မိခင်တယောက်အနေနဲ့ ကလေးငယ်အပေါ် ခုလိုမျိုး မဆက်ဆံသင့်ပါဘူး။ ကြည့်တာနဲ့တင် နာကျင်ရပါတယ်” လို့ ရေးခဲ့ပါတယ်။

No comments:

Post a Comment