Monday, November 28, 2016

ပျော်ရွှင်ခြင်း ကင်းဝေနေဆဲ အညာတောင်သူတို့ဘဝ

မြန်မာပြည်ရဲ့ အလယ်ပိုင်းဆိုတာ မိုးနည်းရပ်ဝန်း အညာအရပ်။ နှစ်စဉ်နှစ်တိုင်း မဟုတ်တောင် တစ်နှစ်လုံးရွာတဲ့ မိုးရဲ့ မိုးရေ ချိန်ပေါင်းလို့ မိုးရေချိန် လက်မ ၃၀ မကျော်ဘူး။ အဲဒီလောက်မိုးနည်းတာ။ တစ်ရက်လောက်ရွာပြီးရင် မိုးက တစ်ပတ်လောက် ပျောက်သွားတယ်။ တစ်ခါတလေ တစ်ပတ်လောက် ဆက်တိုက်ရွာပြီး တစ်လလောက် ပေါ်မလာဘူး။ မိုးလယ်မိုးနှောင်းလောက်ပဲ မိုးရွာတယ်။ မိုးဦးကတော့ ရွာတယ်ဆိုရုံပဲ။ ဒီနှစ်တော့ အညာမိုးက စံချိန်တင်တယ်။ အညာမှာ စက်မှုလုပ်ငန်းတွေ မရှိပါဘူး။ လူအများကြီးကို အလုပ်ပေးထားနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေလည်း မရှိပါဘူး။ မြို့နေလူတန်းစားက အရောင်းအ၀ယ်လုပ်။ ၀န်ထမ်းလုပ်။ ဈေးသည်လုပ်။ ကုန်သွယ်ရေးလုပ်။ တောအရပ်နေသူတွေကတော့ စိုက်ပျိုးရေးပဲ။ မိုးနည်းတဲ့ အရပ်ပီပီ တောအရပ်က တောင်သူတွေ စိုက်ပျိုးတဲ့ သီးနှံက မိုးရေချိန် နည်းနည်းရရုံနဲ့ ဖြစ်ထွန်းတဲ့ သီးနှံ။ တောကထွက်သမျှ မြို့ပို့။ မြို့က ပွဲရုံတွေကတစ်ဆင့် မြို့ကြီးတွေထက်ပို့ နယ်စပ်ပို့ပြီး ရောင်းကြ ၀ယ်ကြ။ တောသာမှ မြို့စည်တဲ့ အရပ်။




အညာမှာ နှစ်စဉ်နှစ်တိုင်း မေလလောက် ရောက်ပြီဆိုတာနဲ့ ယာလုပ်ငန်းတွေ စပါပြီ။ မိုးဦးသီးနှံ စိုက်ပျိုးရေးပါ။ အဓိက မိုးဦးသီးနှံက ပဲတီစိမ်း။ ပဲတီစိမ်းက ပခုက္ကူဒေသရဲ့ အဓိက သီးနှံထွက်ကုန်။ အိန္ဒိယကို အများဆုံးတင်ပို့တဲ့ သီးနှံ။ ဒီနှစ်က အယ်လ်နီညိုနှစ်။ အလွန်အပူပြင်းတယ်။ နွေကာလ တစ်ခုလုံး ချစ်ချစ်တောက်အောင်ပူတယ်။ မိုးဦးနောက်ကျတယ်။ ပဲတီစိမ်းသီးနှံအတွက် မိုးလိုသလောက် မရခဲ့ဘူး။ စိုက်ခင်းတွေပျက်တယ်။ အထွက်နှုန်းလျော့တယ်။ သီးနှံအရည်အသွေး ကျတယ်။ တောင်သူတွေ ဈေးကွက်ထဲ ၀င်ရောင်းတော့ ၀ယ်သူမရှိဘူး။ ဈေးမကောင်းဘူး။ အကျိုးဆက်က စိုက်ပျိုးစရိတ် ရှုံးတာပဲ။

စီးပွားရေးဆိုတာ မြတ်တစ်လှည့် ရှုံးတစ်လှည့် ဆိုတဲ့အတိုင်း အညာတောင်သူတို့ မိုးလယ်၊ မိုးနှောင်းမိုးကိုမျှော်ပြီး မြေပဲတို့ နှမ်းတို့ ပဲစင်းငုံတို့ ထည့်စိုက်ပါတယ်။ စိုက်ပျိုးပြီး မကြာဘူး။ မိုးရွာပါတယ်။ ရာသီဥတုဖြစ်စဉ်ကလည်း လာနီညာ ဖြစ်သွားပြန်ပါတယ်။ မိုးလယ်စတော့ မိုးက သာမန်ပါပဲ။ ရွာတယ်ဆိုရုံ သီးနှံဖြစ်ထွန်းရုံ။ တောင်သူတွေကြိုက်တဲ့မိုး။ မနည်းလွန်း မများလွန်း ရွာတဲ့မိုး။ သို့ပေမဲ့ တောင်သူကြာကြာ မပျော်လိုက်ရပါဘူး။

သြဂုတ်လကုန်လောက် ကစပြီး အညာမှာ နေ့တိုင်း ညတိုင်း မိုးရွာပါတယ်။ မိုးပြတ်သွားလည်း သုံးရက် လေးရက်ပါပဲ။ ပြီးပြန်ရွာပါတယ်။ နိုဝင်ဘာလဆန်း အထိ မိုးကောင်းတုန်းပါ။ အကျိုးဆက်အနေနဲ့ လက်ရှိ မြေပဲဖော်နေတဲ တောင်သူတွေ ဒုက္ခများပါတယ်။ မြေပဲ ဥတွေမြေကြီးထဲ ကျန်ခဲ့ပါတယ်။ ကြက်ယက်သလိုရှာရ အောင်လည်း မြေကြီးကဆိုပြီး လုံးခဲနေလို့ အဆင်မပြေပါဘူး။ ရသမျှလေး  နေလှန်းပြန်တော့ မိုးက အစိုးမရသလို ရွာနေတော့ မိုးမိပြီးပျက်မှာ စိုးရိမ်ရပြန်ပါတယ်။

မြေပဲသိမ်းချိန်  မိုးရွာသွန်းမှုကြောင့် “မြေပဲပင်တွေက နုတ်ချိန်လည်း ရောက်ပြီဆိုတော့ တောင်သူတွေက နုတ်လိုက်ကြတယ်။ နုတ်နေတုန်းမှာပဲ မိုးကဆက်တိုက်ရွာတယ်။ အကျိုးဆက်က မြေပဲဥတွေက မြေကြီးထဲ ကြွေကျန်ခဲ့တယ်။ အစိုဓာတ်နဲ့ဆိုတော့ ဖော်ယူလည်း ကောင်းနိုင်စရာမရှိဘူး။ မိုးမရွာခင် နုတ်ထားတဲ့သူတွေ ကလည်း တလင်းတွေထဲ လှန်းထားကြတာ။ မိုးတွေမိကုန်တော့ အရိုးတွေ အရွက်တွေက ရိဆွေးကုန်တယ်။ နွားစာမရတော့ဘူး။ ဒီနှစ် အထွက်နှုန်း ထက်ဝက်လောက် လျော့တယ်” ဟု ပခုက္ကူမြို့နယ် ကိုင်းကျေးရွာမှ တောင်သူကိုသက်ခိုင်က ပြောပြသည်။

တောင်သူတွေဘ၀ ရှင်းပြနေတဲ့ ကိုသက်ခိုင်က ရာသီဥတုမမှန်လို့ မိုးမကောင်းတာကိုတော့ သူဘာမှမတတ် နိုင်ဘူး။ လူတွေ ကတိသစ္စာမတည်တော့ ရာသီဥတုတွေလည်း မမှန်တော့ဘူးပေါ့လို့ပြောရင်း ရှေးလူကြီးများဆိုခဲ့ စကားဟာ မှန်တယ်လို့လည်း ညည်းညူပြန်ပါတယ်။ ရာသီဥတု ဖောက်ပြန်ခြင်းရဲ့ အကြောင်းတရားက သစ်တောတွေ ပြုန်းတီးလို့ဖြစ်တဲ့အကြောင်း၊ အညာအရပ်မှာနေပေမယ့် သစ်တောတွေ ကုန်နေတာကိုတော့ ပုဂ္ဂလိကသတင်းစာတွေ ၊ ရေဒီယိုအစီအစဉ်တွေကနေ ဖတ်ရင်းကြားရင်း သိနေတယ်လို့ ဆိုပါတယ်။ အညာရာသီဥတုဟာ တစ်နှစ်ထက် တစ်နှစ်မှန်းဆဖို့ ပိုခက်လာလို့ တောင်သူလုပ်ငန်း ဆက်လုပ်ဖို့ လွယ်ပါ့မလားလို့လည်း ပြောပြပါတယ်။

မိုးရွာသွန်းမှု များပြားခြင်းရဲ့အကျိုးဆက် မြေပဲသီးနှံတစ်ခုတည်း ထိခိုက်ခဲ့တာ မဟုတ်။ သက်ရင့်နှမ်းနဲ့ ပဲစင်းငုံပင်များမှာ ထိခိုက်ကုန်ပါတယ်။ နှမ်းက ခုမှပွင့်စဖူးစ။ ပဲစင်းငုံပင်တွေ ကလည်း ခုမှပွင့်ဖူးစ။ မပွင့်ဖူးမီအချိန်က အပင်ဖြစ်အား ကောင်းလွန်းလို့ တောင်သူတွေပျော်နေတာ။ မကြာခင် အသီးသီးတော့မှာ။ တောင်သူတွေ အပျော်ကလ ပိုင်းလောက်ပဲခံပါတယ်။  အခုမိုးက သည်းလွန်းတော့ အပွင့်အဖူးတွေ ကြွေကုန်ပါတယ်။ အပွင့်တွေ ကြွေကုန်တော့ အသီးမသီးနိုင်တော့တဲ့အတွက် အထွက်နှုန်းတော့ ထိခိုက်မှာပါ။ တောင်သူတွေ ဈေးကောင်းရပါစေလို့ ဆုတောင်းရုံပဲ။။

မိုးများလို့ သီးနှံတွေ အရေးပေါ် နုတ်သိမ်းရမယ့် အခြေအနေကြောင့် အလုပ်သမားငှားပြီး မြန်မြန်လုပ်ငန်းသိမ်းဖို့ ပြင်ကြပေမယ့် လုပ်သားရှားတဲ့ပြဿနာ ထပ်ကြုံရပြန်ပါတယ်။ အရင်က အလုပ်သမားတစ်ယောက် တစ်မနက် ကျပ်  ၁၅၀၀ ထမင်းဆိုရင် လုပ်ချင်ကိုင်ချင်သူ များပါတယ်။ ခုနောက်ပိုင်း ယောက်ျားမိန်းမမရွေး ရေကြည်ရာ မြက်နုရာ ပြောင်းပြီး အလုပ်ရှာကြပါတယ်။ တချို့လည်း နယ်စပ်ထွက်။ တချို့လည်းရှိတာလေး ပေါင် ကြရောင်းကြပြီး နိုင်ငံခြားထွက်ကြပါတယ်။ ဒီနှ စ်အလုပ်သမားတစ်ယောက်ကြိုပို့ ထမင်းကျွေး တစ်ရက် ကျပ် ၅၀၀၀ ပေးတာတောင် လိုက်သူက ရှားပါသေးတယ်။

ဒေသခံတွေ နေရပ်စွန့်ခွာမှုနဲ့ လုပ်ငန်းအဆင်မပြေမှုတွေကြောင့် နောက်နှစ်အနည်းငယ်ကြာရင် နေ့စား လုပ်သားဆိုတာ ခေါ်ဖို့မလွယ်ပါဘူး။ ကိုယ့်ယာကိုယ်စိုက်။ ကိုယ့်အပင်ကိုယ်တိုင်နုတ်ရမယ့် အဖြစ်ရောက်လာမှာပါ။ စိုက်ပျိုးရေးက လက်မှုလယ်ယာပဲ ရှိပါသေးတယ်။ စက်မှုလယ်ယာစနစ် မရောက်သေးပါဘူး။ တစ်ရွာမှ ထွန်စက်က တစ်စီးလောက်ရှိတာပါ။ ဒီထွန်စက်ကလည်း စိုက်ရုံပါပဲ။ ရိတ်ဖို့ကတော့ လူသားအရင်းအမြစ် လိုပါသေးတယ်။

“ ဒီသီးနှံ မစိုက်ချင်လို့ တခြားသီးနှံလည်း ပြောင်းစိုက်စရာမရှိဘူး။ တောင်သူတွေမှာ မိုးများမှကြိုက်တဲ့ အပင်လည်း စိုက်ရတယ်။ မိုးမရလည်း အတော်သင့်ဖြစ်ထွန်းတဲ့ အပင်လည်း စိုက်ရတယ်။ မိုးခေါင်ရင်လည်း ပဲစင်းငုံလေးရ။ မိုးကောင်းလွန်းရင်လည်း မြေပဲလေးရ။ တစ်ခုမဟုတ်တစ်ခု ရအောင် စိုက်နေရတယ်။ သီးနှံအထွက်ကောင်းတော့လည်း ဈေးကောင်းရဖို့ မျှော်ရပြန်ရော” ဟု တောင်သူ ကိုညွန့်က တောင်သူတွေဘ၀ကို ပြောပြပါတယ်။

အညာတောင်သူတို့ကို အဆင်မပြေမှုတွေဖြစ်စေတာက အစွန်းရောက်နေတဲ့ ရာသီဥတုတင်မကပါဘူး။ ဈေးကွက်ကလည်း ရှိနေပါသေးတယ်။ တောင်သူတွေ သီးနှံပေါ်နှစ် အတော်များများမှာ သီးနှံဈေးက ကျဆင်းနေတတ်ပါတယ်။ တောင်သူတွေဆီမှာ သီးနှံကုန်ချိန်မှ သီးနှံဈေးက တက်လာတာပါ။ အများအားဖြင့် တောင်သူတွေ ခံစားရတာက လုပ်အားခလောက်ပါပဲ။ လှောင်လက်သမားတွေ ပွဲစားတွေက အကျိုးအမြတ် ပိုများပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ အညာအရပ်က တောင်သူတွေအတွက် ရာသီဥတုတွေ ဘယ်လောက်အစွန်းရောက်ပါစေ၊ သီးနှံဈေးတွေ ဘယ်လောက်ကျပါစေ ရွေးချယ်စရာ အခြားအလုပ်မရှိလို့ လယ်ယာ လုပ်ငန်းက ဆက်လုပ်နေရဦးမှာပါ။ သို့ပေမဲ့ အခု အရပ်သားအစိုးရ တက်လာပြီ။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ ပြည်သူကို ပြန်ကြည့်မယ် ထင်ပါတယ်။ ဒါကြောင့် လက်ရှိ အစိုးရအနေနဲ့ တောင်သူတွေအတွက်  ခိုင်မာတဲ့ဈေးကွက်၊ မြင့်မားတဲ့ စိုက်ပျိုးရေး နည်းပညာတွေ ဖြန့်ဖြူးပေးနိုင်ပါစေလို့ မျှော်လင့်နေမိပါတော့တယ်။
Writer:
သက်ထိန်ဝင်း(ပခုက္ကူ)

No comments:

Post a Comment