Monday, November 21, 2016

ဝန်ကြီးချုပ်နာဂျစ် ရာထူးကဆင်းပေးဖို့ ဆန္ဒပြသူ ထောင်ပေါင်းများစွာ မြို့တော်မှာ ချီတက်တောင်းဆို

မလေးရှားမြို့တော်ကွာလာလမ်ပူမှာ ဝန်ကြီးချုပ်နာဂျစ်ရာဇက်ကို ရာထူးကနေနုတ်ထွက်ဖို့ တောင်းဆိုကြတဲ့အစိုးရဆန့်ကျင်ရေးဆန္ဒပြသူထောင်ပေါင်းများစွာ စနေနေ့မှာချီတက်လာကြတယ်လို့ သိရပါတယ်။
စုဝေးမှုမတိုင်မီနာရီပိုင်းလောက်ကမှ တက်ကြွလှုပ်ရှားသူတွေနဲ့အတိုက်အခံဆန္ဒပြသူတွေအဖမ်းခဲ့ရတာကို တောင် မဖြုံကြတဲ့ အဝါရောင်ဝတ်ဆန္ဒပြသူတွေက လုံခြုံရေးတင်းကျပ်နေတဲ့ကြားက မြို့လယ်ကိုချီတက်လာကြ တာဖြစ်ပါတယ်။ ဒါပေမယ့် သဘောကွဲလွဲသူတွေကိုဖြိုခွင်းပြီးမီဒီယာအဖွဲ့တွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုဟန့်တားကာ အာဏာတည်ရေးကြိုးပမ်းနေတဲ့ နာဂျစ်အတွက်တော့ သည်ဆန္ဒပြပွဲကို တုန်လှုပ်မယ့်ပုံမရှိပါဘူး။ စနေနေ့စုဝေးပွဲကိုစီစဉ်တဲ့ Bersih အဖွဲ့ရဲ့ခေါင်းဆောင်အပြင် အတိုက်အခံခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေအပါအဝင် ဆန္ဒပြပွဲရဲ့တခြားထောက်ခံသူတွေကို သောကြာနေ့မှာ ဖမ်းဆီးခဲ့ ပါတယ်။

Bersih ရဲ့လူစုဝေးမှုဟာ တရားမဝင်ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဆန္ဒပြနေရာမှာပဲ စနေနေ့က နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟီရှာမူဒင်ရစ္စ အဖမ်းခံခဲ့ရပြီး တခြားပါဝင်လှုပ်ရှားသူတွေကို လည်းရဲတွေက သတိပေးသွားပါတယ်။ ၎င်းနေရာအနီးမှာ ရဲအင်အား ၇၀၀၀ ခန့် တာဝန်ချထားတာတွေ့ရတယ်လို့ နိုင်ငံပိုင်သတင်းဌာန Bernama ကဖော်ပြပါတယ်။
နာဂျစ်ကတော့ ဆန္ဒပြသူတွေဟာ အတိုက်အခံတွေရဲ့အသုံးချခံလက်နက်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီကိစ္စက လှည့်ကွက်တစ်ခုပဲ။ ဒီဆန္ဒပြတာတွေဆိုတာတကယ်တော့ ဒီမိုကရေစီကျကျရွေးကောက်ခံ အစိုးရကို ဖယ်ရှားဖို့ကြိုးစားနေတဲ့ အပြင်က NGO အဖွဲ့အဖြစ်ဟန်ဆောင်ထားတဲ့အတိုက်အခံတွေလက်ချက်ပဲ” လို့ အာရှ-ပစိဖိတ် APEC အစည်းအဝေးမှာတက်ရောက်စဉ် နာဂျစ်က ပြောခဲ့ပါတယ်။
Bersih ထောက်ခံသူတွေကိုပစ်မှတ်ထားမယ်လို့ နာဂျစ်ထောက်ခံတဲ့ရှပ်နီအဖွဲ့ Red Shirts ကခြိမ်းခြောက် ခဲ့ပြီးနောက် သည်တပတ်အတွင်း အဖွဲ့နှစ်ဖွဲ့ကြား ခိုက်ရန်ဖြစ်ကြမှာကိုစိုးရိမ်နေရပါတယ်။
စနေနေ့မှာ Red Shirts တွေကလည်းစုဝေးခဲ့ပြီး အာဏာရ United Malays National Organisation (UMNO) ပါတီရုံးချုပ်တွေကနေ Bersih တွေလာရောက်စုဝေးမယ်လို့မျှော်လင့်ရတဲ့ လွတ်လပ်ရေးရင်ပြင် Dataran Merdeka ဆီကိုချီတက်ခဲ့ကြပါတယ်။
သူတို့ရဲ့ချီတက်မှုကိုလည်း တရားမဝင်ဘူးလို့ ကြေညာခံရပြီး Red Shirts ခေါင်းဆောင်ဖြစ်တဲ့ UMNO ခေါင်းဆောင် ဂျမယ်ယူနော့စ် လည်းအဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
သည်နေ့မတိုင်မီက Bersih ရဲ့၆ ပတ်ကြာလှုံ့ဆော်ပွဲအတွင်းမှာ Red Shirts အဖွဲ့တွေရဲ့အကြမ်းဖက်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအများအပြားရှိခဲ့ပြီး Bersih ဥက္ကဌ မာရီယာချင်းအဗ္ဗဒူလာ ကိုလည်း အမည်မဖော်တဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာတွေပို့ခဲ့ပါတယ်။
နာဂျစ်ဟာ သူတည်ထောင်ခဲ့တဲ့1MDB ရဲ့ရန်ပုံငွေ ဒေါ်လာ ၃.၅ ဘီလျံခိုးယူခံရပြီး အဲသည့်ငွေတချို့ဟာ မလေးရှားထိပ်တန်းအရာရှိတစ်ဦးရဲ့အကောင့်ထဲကိုဝင်ရောက်သွားတယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာနက ဇူလိုင်လမှာ တရားစွဲခဲ့ပြီးနောက် သည်နှစ်အတွင်းအကျပ်အတည်းကြုံနေရတာဖြစ်ပါတယ်။
နာဂျစ်ကသည်မကောင်းသတင်းအကြောင်းဆွေးနွေးပြောဆိုမှုတွေကိုကန့်သတ်နိုင်ဖို့ရည်ရွယ်ပြီး ဒုတိယဝန်ကြီးချုပ်ကိုထုတ်ပယ်ကာ ရှေ့နေချုပ်ကိုအစားထိုးခန့်အပ်၊ သတင်းစာတွေကိုရပ်နားခိုင်း၊ ဝက်ဘ်ဆိုက် တွေကို ပိတ်ပင်တာတွေအပါအဝင် လက်ဦးမှုယူလုပ်ဆောင်ခဲ့ပါတယ်။
Kumudra

No comments:

Post a Comment