Saturday, November 19, 2016

ရုရှား လမ်းစဉ်ကို လိုက်ပြီး နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှ နုတ်ထွက် မည်ဟု ဒူတာတေ ပြော

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေသည် ၎င်း၏ နိုင်ငံအတွင်း လုပ်ဆောင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအား အနောက်နိုင်ငံများက ပြစ်တင်ဝေဖန်နေမှုကို ကိုးကား၍ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ရုရှား လမ်းစဉ်ကိုလိုက်ကာ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး မှ နုတ်ထွက်သွား မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင်ပြောသည်။ အဆိုပါ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) သည် အသုံးမဝင်ကြောင်း ဒူတာတေ က သတ်မှတ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ၎င်း၏ လုပ်ဆောင်မှုများအပေါ် အနောက်နိုင်ငံများက စွပ်စွဲမှုများနှင့် ပတ်သက်၍ စိတ်ပျက်ကြောင်းပြောသည်။ ထို့ပြင် ၎င်းသည် ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ် ပွားနေသော စစ်ပွဲများကိုတားဆီးနိုင်ခြင်း မရှိမှုနှင့် ပတ်သက်၍လည်း ပြစ်တင်ဝေဖန်ထား သည်။
ရုရှားနိုင်ငံ အနေဖြင့် နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးမှ နုတ်ထွက်သည့် အထူးအမိန့်ကို သမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၁၆ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးပြီး နောက် ဒူတာတေကလည်း ယင်းကဲ့သို့ လိုက်ပါ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောခြင်းဖြစ်သည်။
ယင်း နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးတွင် ပါဝင်သူများ အားလုံးသည် အသုံးမကျသည့် အပြင် ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံငယ်များအပေါ် အဆက်မပြတ် ဖိနှိပ်ဆက်ဆံမှုများ လုပ်ဆောင် နေသောကြောင့် ယခုကဲ့ သို့ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဒူတာတေက လိုင်မာမြို့ တွင်ပြုလုပ်မည့် အာရှ-ပစိဖိတ် ညီလာခံသို့သွားရောက်ရန်အတွက် မထွက်ခွာမီပြောသည်။
ဆက်လက်ပြီး တရုတ်နှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းကာ အဖွဲ့အစည်းတစ်ခုအား ထူထောင်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ချိန်တွင် ဖိလစ်ပိုင်သည် ယင်းအဖွဲ့အစည်းတွင် ပထမဆုံး ပါဝင်သည့် နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ဒူတာတေက ပြောသည်။ ထို့ပြင် ဒူတာတေသည် အဆိုပါ ညီလာခံတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လည်း တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံသည် ဆီးရီးယားတွင် လုပ်ဆောင်သည့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် နိုင်ငံတကာ နှင့် လူ့ အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးမှုကိုခံနေ ရခြင်းဖြစ်သည်။
မြ၀တီ

No comments:

Post a Comment