Friday, November 25, 2016

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွား

ကွတ်ခိုင်-မူဆယ် လမ်းပိုင်းတွင် နိုဝင်ဘာ၂၄ ရက် နံနက်ပိုင်းက ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက် သေဆုံးခဲ့ပြီး (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းအနီးတွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားကာ အိမ်စီးကားနှစ်စီး သေနတ်ကျည်ထိမှန်၍ တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၂၄ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ခန့်တွင် မူဆယ် (၁၀၅) မိုင် မိုင်းယုတပ် စခန်းအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ လက်နက်ငယ်များဖြင့် အဝေးမှ လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြရန်နှင့် မြို့လုံခြုံရေးအား တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များဖြင့် တာဝန်ယူစောင့်ရှောက် ပေးထားလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ နန့်ဟွယ်ကျေးရွာခံတစ်ဦး မောင်းနှင်လာသည့် ပါဂျဲရိုးယာဉ်အား သေနတ်ကျည်ဆန်ထိ မှန်ခဲ့ပြီး ကားမောင်းနှင်လာသူ ကိုစံအေးမှာ မျက်ခုံးထိမှန်ဒဏ်ရာနှင့် ပခုံးတို့တွင် ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
“ကျွန်တော် အဲဒီနားကိုရောက်တော့ မနက် ၉ နာရီလောက်ပါ။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က တားလို့ရပ်ပေးတော့ ကားသော့ဖြုတ်သိမ်းပြီး စစ်မေးတယ်။ ပြီးတော့ သွားလို့ရပြီဆိုပြီး သော့ပြန်ပေးလို့ မောင်းထွက်လာတုန်း နောက်ကနေ သေနတ်နဲ့ပစ်ခံရတာပါ” ဟု မူဆယ်ဆေးရုံတွင် သေနတ်ဒဏ်ရာ ရရှိမှုကြောင့် ကုသမှုခံယူနေသူ ကိုစံအေးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍လည်း ၎င်း၏ကား ကျည်ဆန်ထိမှန်ခံခဲ့ရသူ ကိုကျော်ကျော်ဦးက “ကျွန်တော်က ရန်ကုန်ကနေ အလုပ်ကိစ္စနဲ့ ရောက်နေတာပါ။ နန့်ဟွယ်ရွာအ၀င် ရဲစခန်းနားကို ဒီနေ့မနက် ၉ နာရီ လောက်မှာဖြတ်တော့ ကားကို ဖြည်းဖြည်း မောင်းကျော်လာခဲ့တာပါ။ အဲဒီနားကျော်ပြီးတော့ ကားကိုနောက်ကနေ ပစ်ခံရတာ နောက်ဘီး နှစ်ဘီးစလုံးပေါက်ပြီး မှန်တွေလည်း ထိလို့ မောင်းပြေးခဲ့ရတယ်” ဟု ပြောကြားသည်။
ထို့အတူ ကွတ်ခိုင်-မူဆယ်လမ်းပိုင်း ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား အောက်ရှုခင်းသာ ညောင်ပင်ကွေ့တွင် လားရှိုးဘက်မှ မောင်းနှင်လာသည့် ကုန်တင်ယာဉ်အမှတ် SHN1H 7546 မှာ နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီခန့်က လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက်မှာ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်နှင့် လားရှိုးခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ်များကြောင့် ဒဏ်ရာရရှိသူ ၄၀ ခန့်နှင့် သေဆုံးသူ ၁၅ ဦးခန့် ရှိနေပြီဖြစ်သည်ဟု ဒေသခံ လူမှုကူညီရေး လုပ်ဆောင်နေသည့် အသင်းအဖွဲ့များ၏ အချက်အလက်များအရ သိရသည်။

Writer:
မင်းသန့်

No comments:

Post a Comment