Saturday, November 19, 2016

လန်ဒန်မှ နယူးယောက်သို့ ကြာချိန် သုံးနာရီခွဲဖြင့် သွားရောက်နိုင်မည့် အသံထက် မြန်သည့် လေယာဉ် တည်ဆောက်မည်

လန်ဒန်မြို့မှ နယူးယောက်မြို့သို့ ကြာချိန် သုံးနာရီခွဲဖြင့် သွားရောက်နိုင်မည့် အသံထက်မြန်သော ခရီးသည်တင် လေယာဉ်ကို စတင် တည်ဆောက်သွားမည်ဟု နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြသည်။
အဆိုပါ လေယာဉ်ကို ယခင်က အသံထက်မြန်သော ခရီးသည်တင် လေယာဉ်များ ပြေးဆွဲခဲ့ ဖူးသည့် ပြင်သစ်နိုင်ငံ အခြေစိုက် Concorde ကုမ္ပဏီက တည်ဆောက်ခဲ့သည့် နည်းပညာများကို အခြေခံကာ ခေတ်မီ နည်းပညာသစ်များဖြင့် ပေါင်းစပ် တည်ဆောက်သွားရန် စီစဉ် ထားသည်။ အဆိုပါ လေယာဉ်များကို ခရီးသည် ၄၅ ဦးသာ လိုက်ပါ စီးနင်းနိုင်သည့် အသေးစား လေယာဉ်ငယ်များ အဖြစ် တည်ဆောက်သွားရန် ပြင်ဆင်လျက် ရှိသည်။

လေယာဉ် တည်ဆောက်မည့် ပုံစံများကို အမေရိကန် အင်အားကြီး စီးပွားရေး လုပ်ငန်းစု တစ်ခုဖြစ်သော Virgin အုပ်စုက ပံ့ပိုး ပေးထားသည့် Boom ကုမ္ပဏီက ရေးဆွဲ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အသံထက် မြန်သော ခရီးသည်တင် လေယာဉ်ငယ်များသည် ပြောင်းလဲ လာသည့် ခရီးသွားလာရေး ပုံစံများနှင့် ကိုက်ညီသော အားသာချက်များ ပါရှိမည်ဖြစ်ကာ ၂ဝ၁၇ ခုနှစ်တွင် စမ်းသပ် ပျံသန်းမှုများ စတင် ပြုလုပ်ရန် ရည်မှန်းထားသည်ဟု Boom ကုမ္ပဏီ ဥက္ကဋ္ဌ ရစ်ချတ်ဘရန်ဆန်က ပြောသည်။ Boom Jet ဟု အမည် ပေးမည့် အဆိုပါ ခရီးသည်တင် လေယာဉ်များသည် တစ်နာရီလျှင် ၁၄၅၁ မိုင် သွားရောက်နိုင်မည် ဖြစ်ကာ Concorde ကုမ္ပဏီက ထုတ်လုပ်ခဲ့သော ခရီးသည်တင် လေယာဉ်များ၏ မြန်နှုန်းထက် မိုင် ၁ဝဝ ခန့် ပိုမည် ဖြစ်သည်။ လေယာဉ် အရှည်မှာ ၆၈ ပေ ရှိမည်ဖြစ်ကာ တောင်ပံများ၏ အရှည်မှာ ၁၇ ပေ ရှိမည် ဖြစ်သည်။ အများဆုံး တင်ဆောင်နိုင်မည့် အလေးချိန်မှာ ၁၃၅ဝဝ ပေါင် ဖြစ်သည်။
မြ၀တီ

No comments:

Post a Comment