Monday, November 21, 2016

အိန္ဒိယမြောက်ပိုင်းမှာ ရထားလမ်းချော်မှုကြောင့် အနည်းဆုံး လူ (၁၀၈) ဦး သေဆုံး၊ (၁၁၄) ဦး ဒဏ်ရာရ

နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေ မနက်အစောပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ (၁၀၈) ဦးအထိ သေဆုံးခဲ့ပြီး (၁၁၄) ဦး ဒဏ်ရာရခဲ့ကြောင်း နောက်ဆုံး သတင်းတွေအရ သိရပါတယ်။ အဆိုပါမတောတဆမှုမှာ နယူးဒေလီမြို့ အရှေ့ဘက် (၄၇၀) ကီလိုမီတာ (၂၉၂ မိုင်) အကွာ  ကန်ပါးခရိုင် ပူခရာယန်မြို့အနီးမှာ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀၈ ဦး သေဆုံးတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရင်နာ Pavitra Mohan Tripathi က EFE ကို ပြောပါတယ်။ Uttar Pradesh ပြည်နယ် အစိုးရက မတော်တဆဖြစ်မှုမှာ ဒဏ်ရာရရှိသူ ၁၁၄ ဦး ဆေးရုံတင်ခဲ့တယ်လို့ ပြည်နယ်တွစ်တာအကောင့်မှာ တင်ထားပါတယ်။





လူအသေအပျောက်မှာ အနည်းဆုံး ၁၁၅ ဦးထိ မြင့်တက်လာတယ်လို့လည်း ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

လမ်းချော်တိမ်းမှောက်မှုကြောင့် ရထားတွဲ (၁၄) တွဲ ပျက်စီးခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာမှာ ရှိတဲ့ အမျိုးသား သဘာဝဘေးတုံ့ပြန်မှုအဖွဲ့မှ ပြောခွင့်ရသူ Anil Shekhawat က EFE သတင်းအေဂျင်စီက ပြောပါတယ်။

မတောတဆမှုဖြစ်ရတဲ့ အကြောင်းအရင်းကိုမှု ဆုံးဖြတ်မရသေးကြောင်း မြောက်ပိုင်း အိန္ဒိယမီးရထား ဗဟိုဌာနခွဲမှ ပြောခွင့်ရသူ R.D. Bajpayee က ပြောပါတယ်။

မိုဘိုင်းဆေးကုသအဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ချက်ချင်း ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူအားလုံးကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယမီးရထားဝန်ကြီး Suresh Prabhu က တွစ်တာပေါ်ကနေ ပြောပါတယ်။



အိန္ဒိယနိုင်ငံဟာ စုစုပေါင်း ရထားလိုင်း အရှည် (၆၅,၀၀၀) ကီလိုမီတာ (မိုင် ၄၀,၄၀၀ နီးပါး) ဖြင့် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ပြီးရင် ကမ္ဘာမှာ စတုတ္ထမြောက် အရှည်ဆုံး နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယမှာ နေ့စဉ် ခရီးသည်ပေါင်း (၂၃) သန်းကို ရထားပေါင်း ၁၂,၅၀၀ နဲ့ ပြေးဆွဲနေပြီး လူပေါင်း (၁.၃) သန်းကို အလုပ်အကိုင်ပေးနေပါတယ်။

မီးရထားဝန်ကြီးဌာနရဲ့ လေ့လာမှုအရ ဘေးကင်းလုံခြုံမှုမှာ ရင်းနှီးမြှုပ်နှံမှုဟာ အလွန်အရေးပါပြီး ပြီးခဲ့တဲ့ နောက်ဆုံး ဆယ်စုနှစ်အတွင်း (၁,၅၂၂) ကြိမ် ရထားမတော်တဆဖြစ်မှု တွေ့ရှိရပြီး လူပေါင်း (၂,၃၃၁) သေဆုံးခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment