Friday, November 25, 2016

ငလျင်သင့်ပုဂံဘုရားများပြုပြင်ရန် ပညာရှင်အသီးသီးထံမှအကြံပြုချက်ရယူမည်

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရှေးဟောင်းသမိုင်းဝင်ပုဂံဘုရားများကိုပြန်လည်ပြုပြင်ရန် ပညာရှင်များထံမှ အကြံပြုချက်များရယူမည့်အစည်းအဝေးကို ပုဂံဒေသရှိရှေးဟောင်းသုတေသနပြတိုက်၌ ဒီဇင်ဘာလဆန်းပိုင်း တွင် ပြုလုပ်သွားရန်ရှိကြောင်း ပုဂံဒေသရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ သြဂုတ်လအတွင်းက ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဂံရှိ စေတီ၊ ပုထိုးများကို ပြုပြင်မှု
မလုပ်သေးဘဲ ပညာရှင်များ၏ အကြံပြုချက်များကိုရယူပြီးမှသာ ပြုပြင်မည်ဖြစ်သောကြောင့် အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ “ဘုရားတွေပြင်ဖို့အတွက် ဘုရားတွေပြင်ရင် အင်္ဂါစုံပြန်မွမ်းမံတဲ့အခါ ဘယ်လိုနည်းစနစ်နဲ့သွားမလဲဆိုတာ ပညာ ရှင်တွေနဲ့ အကြံပြုချက်တွေရယူသွားမယ်။ နောင်လည်း ငလျင်ကလှုပ်ဦးမှာပဲ၊ ရှေ့ဖြစ်စဉ်တွေကို ဒီသင်ခန်းစာ တွေယူပြီး ထိခိုက်မှုနည်းအောင် ပညာရှင်တွေရဲ့အကြံဥာဏ်တွေယူရမှာ။
အစည်းအဝေးကို ဒီဇင်ဘာပထမ
အပါတ်ထဲ ၃ ရက်နေ့လောက်ဖြစ်မယ်ထင်တယ်။”ဟု ပုဂံဒေသရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
အဆိုပါအစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဗိသုကာအသင်း၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခများ၊ ပညာရှင်များ၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ သမိုင်းပညာရှင် များကို ဖိတ်ကြားကာ အကြံပြုချက်များရယူမည်ဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ခဲ့သည့် စေတီပုထိုး(၃၈၉)ဆူရှိကာ လက်ရှိအချိန်၌ အရေးပေါ်ပြုပြင်ရန်
လိုအပ်သည့်စေတီပုထိုးပေါင်း(၇၂)ခုမှလွဲ၍ ကျန်စေတီများကိုပြုပြင်ခြင်းမရှိသေးကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်ပုဂံဘုရားမျာကို အဆင့်(၃)ဆင့်ဖြင့်ပြုပြင်ရမည်ဖြစ်ပြီး ပထမဦးစားပေး ပြုပြင်ရမည့် စေတီပုထိုးပေါင်း(၃၆)ဆူ၊ ဒုတိယဦးစားပေး(၅၃)ဆူနှင့် တတိယဦးစားပေးအဆူ(၃၀၀)ရှိကြောင်း သိရသည်။
“အခုကဝန်ကြီးက အကြီးစားနဲ့အလတ်စားပျက်စီးသွားတဲ့ပုဂံဘုရားတွေကို ပြည်တွင်း၊ ပြည်ပလှူဒါန်းထားတဲ့ ရန်ပုံငွေတွေနဲ့ ပြုပြင်မယ်။ ပြည်သူပုဂ္ဂလိက ပြင်ခွင့်မပေးဘူးဆိုတာ ပြောကြားသွားတာ အင်မတန်ကောင်းပါ တယ်။ ကြိုဆိုပါတယ်။”ဟု ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးဦးဆောင်ကော်မတီဝင် ဦးဆန်းဝင်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၊ ပြည်ပမှအလှူရှင်များကလှူဒါန်းသည့်အလှူငွေပေါင်း သုံးဘီလီယံရရှိထားပြီး ပြုပြင်ရ မည့်ကုန်ကျစရိတ်ကို ပညာရှင်များထံမှ အကြံပြုချက်များရယူပြီးမှသာ အသေးစိတ်တွက်ချက်ရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment