Friday, November 25, 2016

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရွှေကုမ္ပဏီများထံမှ ဒေသခံ ရွှေမျောသမားများ တစ်ဆင့်ခံ လုပ်ကိုင်နေကြရ၍ နစ်နာမှု များစွာရှိဟုဆို

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရွှေကုမ္ပဏီ များထံမှ တစ်ဆင့်ခံ လုပ်ကိုင်နေကြရ၍ ဒေသခံ ရွှေမျောသမားများ အနေဖြင့် နစ်နာမှုများစွာ ရှိသည်ဟု ဒေသခံ ရွှေမျောသမားများ၏ ပြောကြားချက်အရ သိရသည်။ “အခုဆို ကုမ္ပဏီလုပ်ကွက်တွေထဲ လိုက်မောင်းနေတော့ လစဉ်ကြေးကတော့ များတယ်ဗျ။ ရွှေမျောမောင်းသူများ ဆိုတာက ကုမ္ပဏီလုပ်ကွက်ထဲ အကွက်ကျယ်ရင် ကျယ်သလိုပေါ့။ အခုဆိုရင် ၈ ထွက်ဆိုရင် (၈ လက်မပိုက် ) ၁၀ သိန်း၊ ၆ ထွက်ဆိုရင် ခုနစ်သိန်း။ အရင်က ကျွန်တော်က ၆ ထွက် မောင်းတယ်။ အရင်လက လေးသိန်းပေးရတယ်။ အခုလ ခုနစ်သိန်းပေါ့။ ရွှေထွက်ရင်ထွက်သလို ကုမ္ပဏီက လူတွေက ငွေတိုးတောင်းကြတာပေါ့။ ကုမ္ပဏီထောင်ဖို့ ဆိုတာက လုပ်ကွက်ကလည်း အသစ်မချဘူး။ အရင်လုပ်ဖူး ကိုင်ဖူးသမားတွေကတော့ လမ်းကြောင်းရှိတော့ ကုမ္ပဏီထောင်ရတာ လွယ်တာပဲလေ။ တချို့ကုမ္ပဏီတွေဆိုရင် သူတို့လုပ်ကွက်မှာ မောင်းဖို့အတွက် ၀င်ကြေးပေးရသေးတယ်။ ၀င်ကြေးဆိုတာကလည်း နေရာအလိုက် ရွှေနှစ်ကျပ်သားကနေ ၁၀ ကျပ်သားအထိ ပေးရတယ်။ လစဉ်ကြေးက သပ်သပ်ပေးရပါတယ်။
ကုမ္ပဏီနဲ့ ရွှေမျောသမား ဆိုတာကလည်း မကင်းရာ မကင်းကြောင်း နေရတော့ မပေးလို့လည်း မရဘူး။ ဈေးတော့ ဆစ်ရတာပေါ့လေ။ ကုမ္ပဏီလုပ်ကွက် ဆိုတာကလည်း တိတိကျကျ တိုင်းတာမှု မရှိပါဘူး။ ကျွန်တော်တို့ ဒေသခံတွေကို ပုဂ္ဂလိကလုပ်ပိုင်ခွင့် ချပေးလိုက်ရင်တော့ အဆင်ပြေမယ်လေ။ အဲဒါကို မျှော်လင့်နေရတာပေါ့” ဟု နန်တောဒေသမှ ရွှေမျောသမား ကိုဆန်းလင်းအောင်က ဆိုသည်။


ဒေသခံများအနေဖြင့် တရားဝင်ရွှေတူးဖော်ခွင့်လိုင်စင် ပြုလုပ်လိုသော်လည်း ငွေကြေးမတတ်နိုင်မှု ပညာအားနည်းမှုတို့ကြောင့် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ တရားဝင် ရွှေတူးဖော်ခွင့်လိုင်စင် ပြုလုပ်မည်ဆိုပါက ရွှေ ၂၄ ကျပ်သား ပေးသွင်းရသည်။ ထို့နောက် မြို့နယ်အဆင့် တိုင်းအဆင့်ရှိ သက်ဆိုင်ရာ ရုံးများတွင် ထောက်ခံစာရယူပြီးမှ နေပြည်တော်အထိ သွားရောက်ရသည်။ ဒေသခံများ အနေဖြင့် ထိုသို့သွားရောက် လုပ်ကိုင်ရန် မတတ်နိုင်ကြသဖြင့် ကုမ္ပဏီများ၏ လုပ်ကွက်များတွင်သာ ၀င်ရောက် လုပ်ကိုင်နေရသည်ဟု သိရသည်။

“ဟုမ္မလင်းမှာ လာလုပ်နေကြတဲ့ ရွှေကုမ္ပဏီတွေ အများစုက ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့ကြီးတွေကပဲ။ ဒီနယ်ခံတွေက နည်းနည်းပဲရှိတာ။ သူတို့တွေက ကုမ္ပဏီလျှောက်တယ် ပြီးရင် အဲဒီနေရာမှာ ရွှေလုပ်ချင်တဲ့ လူတွေကို ၀င်ကြေး လစဉ်ကြေးပြန်ကောက်ပြီး လုပ်ခိုင်းတယ်။ ကုမ္ပဏီလုပ်ကွက်ထဲ လုပ်မယ်ဆိုရင် ၀င်ကြေးတို့ လစဉ်ကြေးတို့ ကုမ္ပဏီကို ပေးရတယ်။ လုပ်ကွက်တစ်ခုကို ရွှေမျောပေါင်း ၁၀၀ ကျော်မကဘူး ၀င်လုပ်ကြတယ်။ ကျွန်တော်တို့ နယ်ခံတွေက ကိုယ့်ဒေသကထွက်တဲ့ သယံဇာတကို ကိုယ်တိုင်တူးဖော်ခွင့် မရှိဘဲ သူတို့ဆီကတစ်ဆင့် ပြန်တောင်းပြီး လုပ်နေရတယ်။ ကုမ္ပဏီလုပ်ကွက်မှာ မလုပ်ဘဲ အပြင်မှာ မျောတိုက်ရင် တရားမ၀င်ဆိုပြီး အဖမ်းခံရတယ်။ ကိုယ်တိုင်လိုင်စင်လုပ်ပြီး ကုမ္ပဏီထောင်ဖို့ ကျတော့လည်း ဒေသခံတွေက မတတ်နိုင်ကြဘူး။ ဒီဒေသက အများစုကလည်း ရွှေပဲအဓိက လုပ်ကြတာဆိုတော့ ကုမ္ပဏီတွေရဲ့ လုပ်ပုံကို သိနေကြပေမယ့် ပြန်မပြောနိုင်ဘဲ ၀င်လုပ်နေကြရတယ်။ အခုလောလောဆယ် မှာတော့ အဆင်ပြေတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ရွှေဈေးက တက်နေပြီး၊ ဆီဈေးကျနေတော့ တော်သေးတာပေါ့” ဟု ဒေသခံ ရွှေတူးဖော်သူတစ်ဦးက ပြောပြသည်။

ရွှေတူးဖော်ခွင့် လိုင်စင်ရ ကုမ္ပဏီများ၏ ထိုကဲ့သို့ လုပ်ကိုင်မှုများနှင့် ပတ်သက်ပြီး အမှတ် (၂) သတ္တုတွင်း လုပ်ငန်းသို့ သွားရောက် မေးမြန်းခဲ့ရာ “ကျွန်တော်တို့ အနေနဲ့ကတော့ ကုမ္ပဏီတစ်ခုက သတ်မှတ်လုပ်ကွက်ကို ကျော်ပြီးလုပ်နေသလား စည်းမျဉ်းစည်းကမ်းနဲ့အညီ တူးဖော်နေသလား ဆိုတာတွေပဲ လိုက်စစ်ပါတယ်။ သူတို့ဟာသူတို့ ဘယ်သူ့ကိုပဲ တူးခိုင်းတူးခိုင်း ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ တရားဝင် လုပ်ကိုင်ခွင့်မရဘဲ တူးနေတဲ့ လူတွေကိုတော့ တာဝန်အရ ဖမ်းရတာပေါ့။ နိုင်ငံတော်ကသာ လက်လုပ်လက်စား နည်းဥပဒေ ချပေးနိုင်ရင် ဒေသခံတွေ အတွက်လည်း အဆင်ပြေတာပေါ့” ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။ စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် လက်ရှိလုပ်ကိုင်နေဆဲ ရွှေတူးဖော်နေသော ကုမ္ပဏီပေါင်း ၆၂ ခုရှိပြီး လုပ်ကွက်ပေါင်း ၈၄ ကွက် ရှိသည်ဟု သိရသည်။


Writer:
အောင်သူထွန်း၊ မဖေငြိမ်း

No comments:

Post a Comment