Saturday, November 19, 2016

မော်ရင်ဟိုနှင့် ပြဿနာများကို မေ့ထားပြီး ယူနိုက်တက်နှင့် ပွဲကိုသာ အာရုံစိုက်ထားဟု ဝင်းဂါးဆို

မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲစဉ်တွင် မန်နေဂျာ နှစ်ဦးကြား အစဉ်အလာ ပြိုင်ဆိုင်မှုကို အလေးထားနေမည် မဟုတ်ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။ အာဆင်နယ် အသင်း၏ မန်နေဂျာကြီးက အိုးလ် ထရက်ဖို့ဒ်တွင် ကစားမည့် ယူနိုက်တက်နှင့် အာဆင်နယ်တို့ တွေ့ဆုံမှုသည် ကလပ်နှစ်သင်းကြား ပြိုင်ဆိုင်မှုသာဖြစ်ပြီး ၎င်းနှင့် ယူနိုက်တက် မန်နေဂျာ ဟိုဆေးမော်ရင်ဟိုတို့ကြား အတိတ်ကို ကိုယ်စားမပြုဟု သုံး သပ်ခဲ့သည်။ မော်ရင်ဟိုသည် ချယ်လ်ဆီးမန်နေဂျာ ဘဝတွင် ဝင်းဂါးကို တောက်လျှောက် ရလဒ်ပိုင်း အသာစီး ယူနိုင်ခဲ့သူ ဖြစ်သည်။ ဝင်းဂါးသည် အရေးပါသော ပြိုင်ပွဲတိုင်းတွင် မော်ရင်ဟိုကို မကျော်နိုင်ခဲ့ဘဲ (၂၀၁၅) ကွန်မြူနတီဒိုင်းတွင်သာ တစ်ကြိမ် နိုင်ခဲ့ဖူးသည်။ ကျန်(၁၄)ပွဲတွင် (၈)ပွဲရှုံးပြီး (၆)ပွဲ သရေကျထားသည်။

၎င်းတို့နှစ်ဦးကြား စကားလုံး တိုက်ပွဲများလည်း ပြင်းထန်ခဲ့ဖူးရာ ယခုတစ်ကြိမ် ထပ်မံတွေ့ဆုံမှုနှင့် ပတ်သက်ပြီး မီဒီယာများကရော၊ ပရိသတ်များကပါ အထူးစိတ်ဝင်စားနေခဲ့သည်။ ဝင်းဂါးကမူ “ကျွန်တော်ကတော့ မန်နေဂျာချင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုပါဘူး။ မော်ရင်ဟိုက သူ့အသင်းအတွက် ကြိုးစား တိုက်ပွဲဝင်ပါလိမ့်မယ်။ ကျွန်တော်က ကျွန်တော့်အသင်းအတွက် ကောင်းအောင်လုပ်မယ်။ ဒီကိစ္စက လုံးဝ ရိုးရှင်းပါတယ်။ အခုလို ပွဲမျိုးကို မန်နေဂျာ နှစ်ယောက်ရဲ့ ပြိုင်ပွဲလို့ ကျွန်တော် မမြင်ပါဘူး။ လူတွေက အငြင်းပွားစရာတွေ မြင်ချင်ကြပါလိမ့်မယ်။ ဒါကို ကျွန်တော် နားလည်တယ်။ ဒါပေမဲ့ အရေးကြီးတာက ဒီပွဲမျိုးဟာ အသင်းနှစ်သင်းရဲ့ အရည်အသွေးချင်း ပြိုင်ဆိုင်ဖို့သာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့် ပြိုင်ဘက်တွေ တွေ့ကြတာပါ။ ကွင်းထဲက ကိစ္စကိုပဲ အာရုံစိုက်သင့်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment