Wednesday, November 23, 2016

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ကရိန်းကားနှင့် ၂၂ ဘီးယာဉ်တွဲကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာအုပ်စု သံတံတားကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၁၆/၅) တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က ကရိန်းကားနှင့် ၂၂ ဘီးယာဉ်တွဲကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားရာမှ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ြ ဖစ်စဉ်မှာ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ကျော်သူရ ၂၇ နှစ် ချောက်မြို့နယ်နေသူ အပါအဝင် ၃ ဦး လိုက်ပါလာသည့် FUSO အမျိုးအစား ကရိန်းကား အဖြူရောင်ယာဉ်သည် ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာအုပ်စု သံတံတားကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၁၆/၅) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ လာသော ယာဉ်မောင်း ဇော်မျိုးထက် ၂၂ နှစ် (ဘ) ဦးသန်းထူး ကျိုက်ပွန်ရပ်ကွက် ပဲခူးမြို့နေသူ မောင်းနှင်ပြီး ကျောက်တင်လုပ်သား ၆ ဦး လိုက်ပါလာသည့် FUSO အမျိုးအစား (၂၂) ဘီးယာဉ် အနီရောင်တွဲကားအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် ကရိန်းကားပေါ်ပါ ယာဉ်မောင်း ကျော်သူရနှင့် ၂၂ ဘီးတွဲကားပေါ်ပါ တေဇာအောင်၊ ဇွဲမောင်မောင်၊ စိုးလင်းကိုတို့ ၄ ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး၊ ကရိန်းကားပေါ်ပါ မြတ်မိုး၊ ကောင်းထက်ဇော်နှင့် ၂၂ ဘီးယာဉ်တွဲ ကားပေါ်ပါ ယာဉ်မောင်း ဇော်မျိုးထက်၊ ညီညီဝေ၊ မျိုးကျော်သူ၊ သိန်းမင်းထွန်းတို့မှာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး ကျိုက်ထိုပြည်သူ့ ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး သေဆုံး/ဒဏ်ရာ အသီးသီး ရရှိစေခဲ့သူ ကျော်သူရ (သေဆုံး) အား ကျိုက်ထိုမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၈၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က)/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
Writer: ဘိုဘိုမြင့်

No comments:

Post a Comment