Wednesday, November 23, 2016

ချန်ပီယံလိဂ်မှ ထွက်ခွာရန် သေချာသွားသည့်အတွက် နာကျင်မိဟု စပါး မန်နေဂျာ ပိုချက်တီနို ဝန်ခံ

ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ကျောခိုင်း ထွက်ခွာခဲ့ရသည့်အတွက် အလွန်နာကျင်မိကြောင်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုက ဝန်ခံ ပြောကြားခဲ့သည်။ မိုနာကို၏ အိမ်ကွင်းတွင် (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် မြောက်လန်ဒန် ကလပ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်ခွင့်နှင့် ဝေးကွာသွားပြီ ဖြစ်သည်။ အာဂျင်တီးနားသား မန်နေဂျာက ဟယ်ရီကိန်း၏ ပင်နယ်တီသွင်းဂိုး ရရှိပြီး တစ်မိနစ်အတွင်း မိုနာကိုဘက်သို့ ဒုတိယဂိုး ပေးလိုက်ရသည့် အခြေအနေမျိုးအတွက် အဖြေမရှိခဲ့ဟုလည်း ညည်းညူခဲ့သည်။ ထို့အပြင် အသင်းအနေဖြင့် ဥရောပတန်းတွင် ယှဉ်ပြိုင်ရန် ပိုမိုအဆင့်မီ ကောင်းမွန် သည့် ကစားသမားများ လိုအပ်နေပြီဟုလည်း ပိုချက်တီနိုက မှတ်ချက်ပေးခဲ့သည်။

“လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်အတွင်း ကျွန်တော်တို့ အမှန်တကယ် တိုးတက်မှုတွေ ရှိလာခဲ့တယ်။ တကယ့်ကို မြန်မြန်ဆန်ဆန်ပါပဲ။ ထိပ်တန်းအသင်းတွေနဲ့ ကွာဟမှုကို လျှော့ချနိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်က အနေ အထားတွေ အတွက်က ကျေနပ်စရာပါ။ ဒါပေမဲ့ ပြိုင်ပွဲကြီး နှစ်ရပ်မှာ အမှန်တကယ် အားထည့် ပြိုင်ဆိုင်နိုင်ဖို့ဆိုရင် ဒီထက်လိုအပ်တာတွေ အများကြီးရှိလိမ့်မယ်။ ဟုတ်တယ်။ အသင်းလူစာရင်းရဲ့ အရည်အသွေးပိုင်း ကို မြှင့်တင်ဖို့ လိုကောင်းလိုမယ်။ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပြိုင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ အရည်အသွေးက လုံလောက်တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်လို့ ပြောလို့ရ တယ်။ အထူးသဖြင့် ပြဿနာတွေ၊ ဒဏ်ရာကိစ္စတွေ ရှိနေရင် ပိုဆိုးပါတယ်”ဟု ပိုချက်တီနိုက ဆိုသည်။
၎င်းက “ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘူး။ ဇယားထိပ်ပိုင်းနဲ့ နီးနီးလေးမှာ ရှိနေတယ်။ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲဝင်ဖို့ကျတော့ ကြမ်းတမ်းလွန်းပါတယ်။ အခုတော့ ကျွန်တော်တို့ နာနာကျင်ကျင်ပဲ ပြိုင်ပွဲ ကနေ ထွက်ရတော့မယ်။ ဒီဆိုးရွားမှုတွေဟာ အနာဂတ်အတွက် သင်ခန်းစာကောင်း ဖြစ်ပါစေလို့ မျှော်လင့်တယ်။ ကျွန်တော်တို့ရဲ့ ရှေ့ဆက်မယ့် စီမံကိန်းတွေက မပြီးဆုံးသေးပါဘူး။ နောက်ရာသီလည်း ကျွန်တော် တို့ ချန်ပီယံလိဂ်မှာ ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲ တချို့တော့ လုပ်ဖို့လိုနေပါပြီ”ဟု ပြောကြားသွားခဲ့သည်။ စပါးသည် ချန်ပီယံလိဂ် အုပ်စု(E)တွင် တတိယ နေရာ၌ ရပ်တည်နေပြီး ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာအတွက် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် CSKA မော်စကိုနှင့် ဆက်လက် ပြိုင်ဆိုင်ရဦးမည် ဖြစ်သည်။

No comments:

Post a Comment