Friday, November 25, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၃၇၆ သန်းကျော်သာ ရရှိထားပြီး ယခင်နှစ်ထက် ဒေါ်လာ ၁၆၇ သန်းကျော် လျော့ကျ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၃၇၆ သန်းကျော်သာ ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၆၇ သန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ြ မန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှု အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ ကျောက်စိမ်းတင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၃၇၆ ဒသမ၈ ၉၅ သန်း ရရှိခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကာလတူက တန်ဖိုးဒေါ်လာ ၅၄၄ ဒသမ ၁၅၇ ရရှိခဲ့သဖြင့် ယခုနှစ် လက်ရှိအချိန်အထိ ကျောက်စိမ်းတင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆၇ ဒသမ ၁၆၂ သန်း လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။




မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ကျောက်စိမ်းတင်ပို့မှု၌ နှစ်စဉ် ဒေါ်လာတစ်ဘီလျံ ကျော်သည်အထိ တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ကမ္ဘာကျော် ကျောက်စိမ်းများကို လုံးခင်း၊ ဖားကန့်ရတနာမြေတွင် လည်းကောင်း၊ ပတ္တမြားများကို မိုးကုတ်ရတ နာမြေနှင့် မိုင်းရှူးရတနာမြေတို့တွင် လည်းကောင်း၊ နီလာနှင့် အခြားရောင်စုံ ကျောက်မျက်များကို မိုးကုတ်ရတနာမြေတွင် လည်းကောင်း စီးပွားဖြစ် တူးဖော်နေကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့်ကို မြန်မာနိုင်ငံသားများ အတွက်သာ ဖြစ်သော်လည်း တရုတ်နိုင်ငံသားများနှင့် တရုတ်ကုမ္ပဏီများ ကျောက်စိမ်းတူးဖော် နေကြသည်။ ထို့ပြင် တူးဖော်နေသည့် အခြားကျောက်စိမ်း ကုမ္ပဏီများဖြစ်သည့် ခရိုနီကုမ္ပဏီ၊ တပ်မတော်၏ အကျိုးစီးပွားနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများဖြစ်ပြီး အဆိုပါ ကုမ္ပဏီများ၏ ကျောက်စိမ်းကို အဆမတန် တူးဖော်နေမှု၊ ကျောက်တူးဖော်ရာမှ စွန့်ပစ်မြေစာကို စနစ်တကျ မပုံသဖြင့် မြေစာပုံပြိုကျမှုကြောင့် ဒေသခံများနှင့် ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးရမှုမှာ ရာနှင့်ချီရှိခဲ့သည်။

သို့သော် လုံးခင်း၊ ဖားကန့်နှင့် အခြား ရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ၉၅၀ ကျော်မှာ နိုဝင်ဘာလတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလအတွင်း လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက် ၅၂၉ ခု၊ ခန္တီးရတနာနယ်မြေတွင် လုပ်ကွက် ၂၈၈ ခု၊ မိုးညှင်းရတနာနယ်မြေတွင် လုပ်ကွက် ၄၈ ခု၊ မိုးကုတ် ရတနာနယ်မြေတွင် လုပ်ကွက် ၇၉ခု၊ မိုင်းရှူးရတနာနယ် မြေတွင် လုပ်ကွက်ကိုးခုနှင့် နန့်ယားဆိပ် ရတနာနယ်မြေတွင် လုပ်ကွက်လေးခု စုစုပေါင်း လုပ်ကွက် ၉၅၇ ခုတို့မှာ နိုဝင်ဘာလအတွင်း သက်တမ်းကုန်ဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


Writer:
နီလာ

No comments:

Post a Comment