Saturday, November 19, 2016

စစ်တွေမြို့နယ်တွင် ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုန့်စားရန်ခေါ်ယူသွားပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွား

စစ်တွေမြို့နယ်တွင် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအား မုန့်စားရန်ခေါ်ယူသွားကာ အဓမ္မပြုကျင့်မှုတစ်ရပ် နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူဟုဆိုသူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ စစ်တွေမြို့နယ် ကျေးတောရွာမကျေးရွာနေ မ------- သည် မိခင်၊ အဘွားတို့နှင့်အတူ ရွာရှိပွဲဈေးတန်းအနီး ပျော်ပွဲရွှင်ပွဲအဖြစ် ကာရာအိုကေသီဆိုနေကြသည်ကို ကြည့်ရှုနေကြပြီး မိခင်ဖြစ်သူက သီးချင်းဆိုသူတစ်ဦးအား ဆုငွေသွားရောက်ပေးနေစဉ် တစ်ရွာတည်းနေ မောင်မောင်ချေ (ခ) ပေါက်စ၊ အသက် ၂၅ နှစ်၊ (ဘ) ဦးမောင် အေးညွန့်ဆိုသူက ကလေးအနီးသို့ ရောက်ရှိလာခဲ့ပြီးနောက် မုန့်စားရန်သွားမလားဟု မေးကာ အဘွားထံမှ ကလေးငယ်အားတောင်းပြီး  ခေါ်ဆောင်သွားခဲ့ကြောင်း၊
ယင်းနောက် ချောင်းစပ်အနီးသို့ ခေါ်ဆောင်သွားကာ အတင်းအဓမ္မပြုကျင့်ကာ ပြန်လည်ခေါ်ယူခဲ့ကြောင်း၊ အဘွားနှင့် မိခင်ဖြစ်သူမှာလည်း ကလေးအား ခေါ်ဆောင်သွားသည်မှာ တစ်နာရီခန့် ကြာမြင့်သွားပြီဖြစ်သဖြင့် ပွဲဈေးတန်းတစ်လျှောက် လိုက်လံရှာဖွေရာ ကလေးငယ်အား ပြန်လည်ခေါ်ဆောင်လာသော မောင် မောင်ချေအား ပွဲခင်းအနီးတွင် ပြန်တွေ့သဖြင့် ကလေးအားခေါ်ယူလာခဲ့ကြောင်း၊ လမ်းတစ်ဝက် အရောက်တွင် ကလေးငယ်မှာ ဘောင်းဘီခြေပေါက် တစ်ပေါက်တည်းတွင် ခြေနှစ်ချောင်းစလုံးကိုသွင်းကာ ၀တ်ဆင်ထားသည်ကို သတိထားမိသဖြင့် ဘောင်းဘီအား စစ်ဆေးကြည့်ရာ သွေးများ ယိုစီးနေသည်ကို တွေ့ရှိရသည့်အတွက် ကလေးငယ်အား မေးမြန်းရာ မောင်မောင်ချေမှ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသဖြင့်  မောင်မောင်ချေအား ရှာဖွေကာ မေးမြန်းရာ မဟုတ်မှန်ကြောင်း ပြောဆိုခဲ့သော်လည်း  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးက မောင်မောင်ချေနဲ့ အိမ်နီးချင်းဖြစ်လို့ခါတိုင်းလည်း သူနဲ့လိုက်ပြီး မုန့်စားလေ့ရှိတယ်လို့ သိရတယ်။ ကလေးကိုခေါ်သွားပြီး သူ့မှာ ကျန်ခဲ့တဲ့လှေကို ချောင်းစပ်မှာသွားကြည့်တယ်။ လှေကိုမမြင်တဲ့အတွက် ချောင်းနားကို ဆင်းသွားတယ်။ အဲဒီမှာ ကလေးမလေးကို အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်။ မောင်မောင်ချေကိုတော့ အခုဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ ကလေးမလေးကို စစ်တွေဆေးရုံမှာ သုံးရက်လောက်ထားခဲ့ ရတယ်။ မနေ့က ဆေးရုံက ဆင်းသွားပါပြီ” ဟု အမှတ် (၂) ရဲစခန်းမှ ရဲအုပ် အောင်မြင့်ဦးက ပြောကြားသည်။

ယင်းအတွက် မောင်မောင်ချေ (ဘ) ဦးမောင်အေးညွှန့်ကို စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှ (ပ) ၉၈/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
Writer:
သန်းလှိုင် (စစ်တွေ)

No comments:

Post a Comment