Friday, November 18, 2016

ရန်ကုန်မြို့လယ်လမ်းမကြီး လေးခုရှိ လမ်းဘေးဈေးသည်များအား ကမ်းနားလမ်း ညဈေးသို့ ပြောင်းရွှေ့စေမည်

ရန်ကုန်မြို့လယ်ကောင်လမ်းမကြီး လေးခု၏ လမ်းမပေါ်တွင် ရောင်းချနေသည့် လမ်းဘေး ဈေးသည်များအား ကမ်းနားလမ်းတွင် အသစ်ဖွင့်လှစ်မည့် ညဈေးသို့ ရွှေ့ပြောင်း ရောင်းချစေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အဆိုပါညဈေးတန်းသို့ ပြောင်းရွှေ့ရမည့် ဈေးသည်များမှာ ရန်ကုန်မြို့လယ်ကောင် အဓိက လမ်းမကြီး လေးခုဖြစ်သည့် ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းမများပေါ်တွင် ရောင်းချနေသည့် လမ်းဘေး ဈေးသည်များဖြစ်ကြောင်း စည်ပင်ကော်မတီ တာဝန်ရှိသူက ပြောသည်။ အဆိုပါညဈေးတွင် ဆိုင်ခန်း နှစ်ထောင်ဝန်းကျင်ခန့် ဖွင့်လှစ်ဖွယ်ရှိပြီး ညဈေးသစ်တွင် ဈေးသည်များအနေဖြင့် ညနေ့ ၃ နာရီမှ ည ၁၁ နာရီအထိ သာ ရောင်းချခွင့်ရမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ညဈေး ပြောင်းလဲဖွင့်လှစ်ရခြင်းမှာ လမ်းမကြီးများ၏ ပလက်ဖောင်း များပေါ်တွင် ရောင်းချနေသည့် ဈေးသည်များကြောင့် လူသွားလာရ ခက်ခဲမှုနှင့် ယာဉ်ကြော ပိတ်ဆို့မှု များ သက်သာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆိုသည်။
လမ်းဘေးဈေးသည်များ ပြောင်းရွှေ့ရာတွင် လမ်းကြား ရောင်းနေ သည့် ဈေးသည်အားလုံးကို မပြောင်းနိုင်သေးဘဲ လတ်တလော အဆင်ပြေစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။
“ညဈေးတန်း နေရာမှာ ပြောင်းရွှေ့ ရောင်းချ ကြမယ့် မြို့လယ်ကောင်က လမ်းဘေး ဈေးသည်တွေ အနေနဲ့ ဆိုင်ခန်းခနဲ့ ဈေးကောက် ပေးစရာမလိုဘဲ သူတို့သုံးတဲ့ ရေဖိုးနဲ့ မီတာခ ၊ အမှိုက်ခွန်အတွက်ကိုသာ ပေးရမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့အတွင်း သွားလာသူ တစ်ဦးဖြစ်သည် ကိုထွန်းက “ညဈေး ဆိုပြီး ပြောင်းမယ်။ လမ်းဘေးဈေးသည်တွေကို ရွှေ့တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ရေရှည်ဘယ်လောက်ထိ သွားမလဲဆိုတာ အစီအမံတွေ လုပ်ဖို့လိုတယ်။ အချိန်တန် ဒီနေရာ ပြန်ရောက်လာတာမျိုးဆိုရင် လူပြောစရာ ဖြစ်မှာစိုးရတယ်”ဟု သုံးသပ်ပြောသည်။

No comments:

Post a Comment