Tuesday, November 22, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ တတိယ အကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနက် ၉း၃၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်တွင် ပြုလုပ်သည့် တတိယ အကြိမ်မြောက် မြန်မာ-အီးယူလူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ (Third Myanmar-E.U. Human Rights Dialogue)သို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် နှင့် အီးယူဘက်မှ အီးယူလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis တို့ကပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်မည်ဖြစ်ပါသည်။



အဖွင့်အမှာစကားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆွေးနွေးမှုအပေါ်အခြေခံကြောင်း၊ လူ့အခွင့်အရေးတိုးတက်စေရေးမှာ ဒီမိုကရေစီဖြစ်စဉ်၏ အဓိကသော့ချက်ဖြစ်သည်ကို မြန်မာနိုင်ငံအနေဖြင့် ခံယူထားသည့်အလျောက် မိမိတို့အနေဖြင့် အီးယူဘက်နှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုးပြုလုပ်သွားနိုင်မည့် နည်းလမ်းများအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် အီးယူအကြားအတွေ့အကြုံများ၊ နည်းလမ်း ကောင်းများအား အမြင်ချင်းဖလှယ်ဆွေးနွေးပြီး ကာလရှည်ကြာရှိနေသည့် ပြဿနာများအား အဖြေရှာရန် အတွက် အထောက်အကူပြုမည့် စုပေါင်းဆောင်ရွက်မှု တစ်ရပ်ဖြစ်ပါကြောင်း ဖြင့်ထည့်သွင်းပြောကြား သွားပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အီးယူလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Stavros Lambrinidis နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် သီးခြား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment