Tuesday, November 22, 2016

မူဆယ်လမ်းပြန်ဖွင့် တွဲကားများ သွားလာခွင့်မပြုသေး

မူဆယ်သို့ သွားရောက်ရန် လားရှိုးမြို့ရှောင်လမ်း အတက်ကားများ ထဲမှ ၁၄ ဘီးအထိ ကုန်တင်ကားကြီးများကို သွားလာခွင့် ပြုထားပြီး ဗုံးခွဲတိုက်ခိုက်ခံ ရသည့် တံတားခံနိုင်ဝန်မှာ ၃၅ တန် အထိသာရှိခြင်းကြောင့် တွဲကားများကို သွားလာခွင့် မပြုသေးကြောင်း လားရှိုး- မူဆယ်- ချင်းရွှေဟော်သို့ ကုန်စည် ပို့ဆောင်နေသူများထံမှ စုံစမ်းသိရသည်။ “အခုဟာက ၁၂ ဘီးတွေ ၁၄ ဘီးတွေ လားရှိုးမြို့ရှောင်လမ်းမှာ ပိတ်ထား တာတွေကို စပြီးလွှတ်နေပြီ။ ယာဉ်ရော ကုန်ရော ၃၅ တန်အထိ ခွင့်ပြုပြီးစလွှတ်နေတာ တံတားအခြေအနေက ဘာမှန်း မသိသေးတော့ တွဲကားတွေကတော့ သွားလို့မရသေးဘူး။ သွားတော့ သွားနေကြပါပြီ။ အများကြီးတော့ မသွားသေးဘူး။ တစ်စီးစ နှစ်စီးစ အရဲစွန့်ပြီး သွားတာတွေရှိ တယ်။ အဲ့ဒီဘက်မှာ တည်တည်ငြိမ်ငြိမ် ရှိသွားပြီ လို့ ကားသမားတွေ ပြောတယ်" ဟု လားရှိုး- မူဆယ်- ချင်းရွှေဟော် ကုန်စည်ပို့ဆောင်ရေး ဂိတ်မှ တာဝန်ရှိသူတစ်ဦးက The Ladies သို့ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီခန့်က ပြောသည်။

ကုန်တင်ယာဉ်မောင်းများ၏ အဆိုအရ ယခင်ကကဲ့သို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မော်တော်ယာဉ်များ ကို စစ်ဆေးမှု များ မပြုလုပ်တော့ဘဲ မူဆယ်အထိ တိုက်ရိုက်မောင်းနှင့်ခွင့် ရနေကြောင်းလည်း သတင်းရရှိသည်။
“၁၀၅ မိုင်ကလည်း အရင်တုန်းကလို ကားတွေ ဘာတွေစစ်စရာ ဘာမှမရှိတော့ဘူး။ လူတွေလည်း မရှိတော့ဘူး။ အရင်က ၁၀၅ မိုင်မှာ ကားတွေစစ်ရတယ်။ အခုမစစ်ဘဲ မူဆယ်ကို တိုက်ရိုက်မောင်းရတယ်” ဟု ကုန်တင်ယာဉ်မောင်း တစ်ဦးက The Ladies သို့ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးအထွက် သိန္ဒီတံတား အပါဝင် တံတား ၃ စင်း သည် နိုဝင်ဘာ ၂၀ ရက်က မိုင်းခွဲခံခဲ့ရပြီး တံတားပျက်စီး ခဲ့ခြင်းကြောင့် မော်တော်ယာဉ် သွားလာမှုကို သက်ဆိုင်ရာက ခေတ္တ တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဇော်မင်းထွန်း

No comments:

Post a Comment