Wednesday, November 23, 2016

ပုလဲမြို့ ပြည်သူ့ ဆေးရုံကြီး၌ ဆရာဝန် အင်အား နည်းပါးသည့် အတွက် လုပ်ငန်း လည်ပတ်ရန် အခက်အခဲ ဖြစ်နေ

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ပုလဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် အင်အား နည်းပါးနေ သောကြောင့် လုပ်ငန်း လည်ပတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ပုလဲမြို့ ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။ ပုလဲမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် သူနာပြု အဆင့် တစ်ဦး၊ အထက်တန်း သူနာပြု ငါးဦး၊ သူနာပြု ဆရာမ ရှစ်ဦးသာ ရှိသည်။ ''ဆေးရုံမှာရှိတဲ့ လူနာတွေကိုလည်း ကြည့်ရတယ်။ အရေးပေါ် အသစ် တက်လာတဲ့ လူနာတွေလည်း ခွဲစိတ်ရတယ်။ ဆရာဝန် အင်အား နည်းတော့ တချို့ နေရာတွေမှာ လစ်ဟာမှု ရှိနိုင်တာပေါ့။ ဆရာတွေက အရေးပေါ် ခွဲစိတ်ခန်း ဝင်နေရတဲ့ အချိန်၊ လူနာလှည့်နေတဲ့ အချိန်မှာ လူနာသစ်က ရောက်လာတယ်။

ရှေ့မှာက ဆရာ မရှိဘူး။ သူတို့က စောင့်နေရတာ မကျေနပ်တော့ ဆရာတွေက အရေးပေါ် မလုပ်ပေးဘူးတွေ ဖြစ်လာတယ်။ ကြာလာတဲ့ အခါ ကြတော့ လူထုက မကျေနပ်မှုတွေ ရှိလာတာပေါ့''ဟု ပုလဲမြို့ ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောသည်။ လက်ရှိတွင် ချင်ပြစ်ကျေးရွာ တိုက်နယ်ဆေးရုံမှ ဆရာဝန် တစ်ဦးအား ပုလဲမြို့ ပြည်သူ့ဆေးရုံကြီး သို့ ခေါ်ဆောင်ထားရပြီး အရေးတကြီး ဆောင်ရွက်ရန် ရှိပါက ကြိုတင် ဆောင်ရွက်ရန်နှင့် တာဝန်ကျသည့် အချိန်တွင် အဆင်သင့် ရှိနေကာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် ဆရာဝန်၊ ဆရာမများအား ညွှန်ကြား ထားကြောင်း သိရသည်။
ပြည်သူများမှာ ကျန်းမာရေး ရှုထောင့် အသိဥာဏ်များ တိုးတက်လာကြပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာမှုကြောင့် ဆေးရုံကို အားထား လာကြသဖြင့် ဆေးရုံတွင် ရှိသည့် ဆရာဝန် အင်အား၊ ဝန်ထမ်းအင်အား၊ အဆောက်အအုံ အင်အားတို့မှာ မျှတမှု မရှိ ဖြစ်လာသည်။ အဆိုပါ ပုလဲမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ၂၅ ခုတင်ဆံ့ဟု သတ်မှတ် ထားသော်လည်း လူနာ အရေအတွက် ပိုမို များပြားနေသဖြင့် လူနာများ အတွက် နေစရာ အခက်အခဲ ရှိသလို ဝန်ထမ်းအင်အား အတွက်လည်း အခက်အခဲများ ရှိနေကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment