Tuesday, November 22, 2016

ဒေါ်နယ်ထရမ့်၊ ရန်သူကို မိတ်ဆွေဖွဲ့ခြင်းနှင့် ပြောင်းလဲချိန်တန် မြန်မာ့နိုင်ငံရေး

ဒေါ်နယ်လ်ထရမ့်သည် သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ၎င်းကို ပြင်းထန်စွာ ဝေဖန်ခဲ့သူ မစ်ထ်ရွန်မ်နီအား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကမ်းလှမ်းခဲ့ခြင်းမှာ အမေရိကန် နိုင်ငံရေး လောက၏ လူနှင့်မူ ကွဲပြားပုံနှင့် အရည်အချင်းရှိသူအား ထိုက်တန်သည့် တာဝန် ပေးအပ်သည့် ဓလေ့ကို အထင်အရှား ပြသလိုက်ခြင်းပင် ဖြစ်သည်။ မစ်ထ်ရွန်မ်နီသည် ၂၀၁၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ အိုဘားမားနှင့်အပြိုင် ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသူ၊ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်၊ နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထိုနည်းတူစွာ ၂၀ဝ၈ ခုနှစ်တွင် သမ္မတ အိုဘားမားနှင့်အပြိုင် ဒီမိုကရက်တစ် ပါတီ သမ္မလောင်းအဖြစ် အဆိုပြုခံရရန် ပါတီအတွင်း ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူ ဟီလာရီ ကလင်တန်ကိုလည်း အိုဘားမားက နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကမ်းလှမ်း ခန့်အပ်ခဲ့သည့် သာဓက ရှိခဲ့သည်။
သို့သော် မစ်ထ်ရွန်မ်နီမှာမူ ဟီလာရီ ကလင်တန်နှင့် ခြားနားစွာ ရီပတ် ဘလစ်ကန် ပါတီဝင် အချင်းချင်းဖြစ်သူ ဒေါ်နယ်ထရမ့်အပေါ် ပြင်းထန်သော စကားလုံးများဖြင့် ဝေဖန် တိုက်ခိုက်ခဲ့သူ ဖြစ်သည့်အတွက် ဒေါ်နယ်ထရမ့်၏ နိုင်ငံရေး သည်းခံနိုင်မှု သို့မဟုတ် နိုင်ငံရေး သဘောထားကြီးမှုကို ထင်းလင်းစွာ တွေ့မြင်ရသည်။
အထိန်းအကွပ်၊ အဆင်အခြင် မရှိ၊ ပရမ်းပတာ မှတ်ချက်များ၊ အစွန်းရောက်ဆန်ဆန် ပြောစကားများ၊ အမျိုးသမီးများအပေါ် လေးစားမှု မရှိသော သဘောထားများကြောင့် အမေရိကန် ပြည်သူ ထက်ဝက်ကျော်က မျက်မုန်းကျိုးသော ဒေါ်နယ်ထရမ့် ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင်လျှင် ၎င်းအား ပြင်းထန်စွာ ဝေဖန် တိုက်ခိုက်သူကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကမ်းလှမ်းခြင်းမှာ လှပသည့် နိုင်ငံရေးဟုလည်း ဆိုနိုင်သည်။
အဆိုပါ အခြေအနေကို အရာရာကို ရန် ငါ စည်းခြားလွန်းပြီး အုပ်စု အမြင် ကဲလွန်းသော အစွန်းရောက် ဆန့်ကျင်မှုများဖြင့် တိုက်ခိုက် ချေမှုန်းသည့် ဓလေ့ရှိသည့် မြန်မာ့နိုင်ငံရေး လောကသားများ သင်ခန်းစာ ယူသင့်လှသည်။
ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းများအရ အကဲဆတ်လွန်းသော မြန်မာ့နိုင်ငံရေးသည် ယခင်က ကွန်မြူနစ်နှင့် ဆိုရှယ်လစ် ဝါဒီတို့၏ အစွန်းရောက်သော ခံယူချက်၊ ဆောင်ရွက်ချက် အမှားများကို သင်ခန်းစာ မယူနိုင်သေးဘဲ ယနေ့ ဒီမိုကရေစီဝါဒ ခေါင်းတပ်၊ ပြောဆိုနေချိန်အထိ အတိတ် ဩဇာ မကင်းသော အစွန်းရောက် တုံ့ပြန်မှုများ တွေ့မြင်နေရဆဲ ဖြစ်သည်။
အထူးသဖြင့် ခံယူချက်ချင်း၊ ရပ်တည်ချက်ချင်း မတူသော ဆန့်ကျင်ဘက် ပါတီ အဖွဲ့အစည်းများ မဆိုထားနှင့် မိမိတို့ အချင်းချင်း အကြားတွင်ပင် အုပ်စု တိုက်ပွဲများ၊ ပုဂ္ဂိုလ်ရေး အားပြု နိုင်ငံရေးများ၊ ခြေထိုး၊ ချောက်ချမှုများဖြင့် နပန်းလုံးကာ ပါတီတွင်း ဒီမိုကရေစီပင် ရှိပါ၏လောဟု မေးခွန်း ထုတ်ခံနေရသည့် ပါတီ၊ အဖွဲ့အစည်းများအတွက် အကောင်းဆုံး နမူနာအဖြစ် အတုယူသင့်လှသည်။
ငြိမ်းချမ်းရေးသမား၊ ကဗျာစာဆိုကြီး ဒဂုန်တာရာ၏ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ပေးတာ”ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်အညီ ရန်သူကို မိတ်ဆွေဖွဲ့ခြင်း အတတ်ပညာ သို့မဟုတ် နိုင်ငံရေး အနုပညာမျိုးကို လက်တွေ့ ကျင့်သုံးပြသွားသည့် ဒေါ်နယ်ထရမ့်ကို ကြည့်ကာ မြန်မာ့နိုင်ငံရေး လောကလည်း ပြုပြင် ပြောင်းလဲရန် အချိန်တန်ပြီဟု ပြောလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၂၁-၁၁-၂၀၁၆)
The Voice

No comments:

Post a Comment