Monday, November 21, 2016

အမေရိကန် သမ္မတအသစ် ဒေါ်နယ်ထရမ့်နှင့် ရှေ့ အလားအလာ

ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ကြရသော အမေရိကန် သမ္မတ ရွေးကောက်ပွဲကား ပြိုင်ဘက်နှစ်ဦး၏ အကြိတ်အနယ် ယှဉ်ပြိုင်မှုအကြား မှ အသည်းတယားယားဖြင့် ပြီး ဆုံးသွားလေပြီ။ ရွေးကောက်ပွဲ မဲဆွယ်ကာလတစ်လျှောက်လုံးလိုလို လူထုသဘောထားစစ်တမ်းများ တွင် အသာစီးရခဲ့သော ဒီမိုကရက် တစ်ပါတီမှ သမ္မတလောင်း ဟီ လာရီ ကလင်တန်က ပြိုင်ဘက်ဖြစ် သူ ရီပတ်ဘလစ်ကန်ပါတီမှ သမ္မ တလောင်း ဒေါ်နယ်ထရမ့်ကို လူ ဦးရေအလိုက် ဆန္ဒမဲတွင် ၄၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၄၇ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ကပ်၍ရှုံးနိမ့်သွားခဲ့သည်။ အမေရိကန်ပြည်နယ်များ ၏ ‘နိုင်သူအကုန်ယူ’ စနစ်ကြောင့် သမ္မတရွေးကောက်ပွဲအဖွဲ့ဝင် မဲ အရေအတွက်၌မူ ထရမ့်က သတ် မှတ်အနိုင်မဲ ၂၇ဝ ကို အလွယ်တကူရရှိသွားခဲ့သည်။



မစ္စစ်ဟီလာရီ ကလင်တန်အ တွက်မူ ‘ခဲလေသမျှ သဲရေကျ’ ခဲ့ရ ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန် အမေရိကန် သမ္မတအဖြစ်မှ အငြိမ်းစားယူခဲ့ချိန် မှပင် ဟီလာရီသည် အမေရိကန်၌ ပထမဆုံးသော အမျိုးသမီးသမ္မတ ဖြစ်လာရေးအတွက် စတင်ကြိုး ပမ်းခဲ့ခြင်းဖြစ်ရာ ၁၆ နှစ်ခန့် အချိန် ယူကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ပထမ တွင် ကလင်တန်ဇနီးမောင်နှံသည် ဇာတိဖြစ်သော အာကင်ဆော ပြည်နယ်သို့မပြန်ဘဲ စုဆောင်း ထားသည့်ငွေများဖြင့် နယူးယောက် ၌ အိမ်တစ်လုံးဝယ်ယူကာ အခြေ ချခဲ့ပြီး ဟီလာရီကလင်တန်က နယူးယောက်ပြည်နယ်မှ ဆီးနိတ် လွှတ်တော်အမတ်အဖြစ် ယှဉ်ပြိုင် ရွေးကောက်ခံခဲ့ခြင်းဖြင့် နိုင်ငံရေး နယ်ပယ်တွင် စတင်ခြေကုပ်ယူခဲ့ သည်။ ထို့နောက် ရီပတ်ဘလစ်ကန် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် အနား ယူသည့် ၂ဝဝဝ ပြည့်နှစ် ရွေး ကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရေး ကြိုးပမ်းရာတွင် လူမည်း သမ္မတလောင်း အိုဘား မားကို ရှုံးနိမ့်ကာ အကြိုဗိုလ်လု ပွဲမှပင် ပြိုင်ပွဲမှထွက်ခဲ့ရသည်။ ထို့နောက် သမ္မတ အိုဘားမား အစိုးရ ပထမသက်တမ်းတွင် နိုင်ငံ ခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ ခဲ့ပြီး ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှစ၍ ယခု ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်ယူပြင်ဆင်ခဲ့သည်။ ထိုကာလ၌ အဆက်အသွယ်၊ ဂုဏ်သတင်း၊ အတွေ့အကြုံနှင့် ငွေရေးကြေးရေးကအစ ပြည့်စုံ ကုံလုံနေပြီဖြစ်၍ အကြိုဗိုလ်လုပွဲ ဖြစ်သည့် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းရွေးပွဲကို
အလွယ်တကူပင် ဖြတ်သန်းကျော်လွှား နိုင်ခဲ့သည်။

သို့သော် ဗိုလ်လုပွဲအဆင့်သို့ ရောက်သောအခါ ပြိုင်ဘက် ၁၆ ဦးကို ဖြတ်ကျော်အနိုင်ယူခဲ့သည့် ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ် ထရမ့်နှင့် အကြိတ်အနယ် ယှဉ် ပြိုင်ရတော့သည်။ စင်စစ်၌ ဒေါ် နယ်ထရမ့်သည် အမေရိကန် နိုင်ငံရေးနယ်ပယ်တွင် လူသစ် တန်းမှ ဝင်ရောက်လာသူဟု ဆိုနိုင် သည်။ အောက်လွှတ်တော်၊ အ ထက်လွှတ်တော်တို့၌ အမတ်တစ် ခါမျှ မဖြစ်ခဲ့ဖူးသလို ပြည်နယ်အုပ် ချုပ်ရေးမှူး၊ ဗဟိုအစိုးရအဖွဲ့ဝင် ဝန်ကြီးစသည့် အုပ်ချုပ်ရေးဆိုင်ရာ ထိပ်တန်းရာထူးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မဟုတ် ပေ။ ဒေါ်နယ်ထရမ့်သည် စီးပွား ရေးနယ်ပယ်၌မူ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ မီဒီယာ လုပ်ငန်းများဖြင့် ကြီးပွားချမ်းသာ နေသူ ဘီလျံနာ သူဌေးကြီးတစ်ဦး သာဖြစ်သည်။ သို့သော် ရှေးရိုးစွဲ နိုင်ငံရေး အမြင်သန်သော ရီပတ် ဘလစ်ကန်ဘက်သားတစ်ယောက် အနေဖြင့် လက်ရှိနိုင်ငံရေး အခင်း အကျင်းကို အားမရသောကြောင့် ကိုယ်တိုင်ဝင်၍ကြဲလိုသည့် လူသစ်တစ်ဦးဟု ဆိုနိုင်သည်။

ဟီလာရီကလင်တန်နှင့် ဒေါ် နယ်ထရမ့်တို့ နှစ်ဦးစလုံးမှာ သူ့ နယ်ပယ်တွင်သူ လူတော်များဟု ဆိုနိုင်ကြသော်လည်း ပုထုဇဉ်လူ သားများပီပီ အားနည်းချက်များ နှင့်မူ မကင်းနိုင်ကြပေ။ ဒေါ်နယ် ထရမ့်အနေဖြင့် နိုင်ငံရေးနှင့် ပတ် သက်၍ အတွေ့အကြုံအသိအမြင် အားနည်းမှု၊ ငွေကြေးချမ်းသာသူ ပီပီ စိတ်ထင်သလို ပြောဆိုနေ ထိုင်တတ်မှုများကြောင့် သမ္မတ တာဝန်ထမ်းဆောင်ရန် အရည် အ ချင်း၊ အရည်အသွေးအပေါ် မေး ခွန်းထုတ်စရာ ဖြစ်နေခဲ့ရသည်။ ဟီလာရီကလင်တန်အနေဖြင့်လည်း နိုင်ငံရေး၌ အတွေ့အကြုံရင့်ကျက် သည့်တိုင် ကလင်တန်ဇနီးမောင်နှံ နှစ်ဦး ထူထောင်ခဲ့သည့် ကလင် တန်ဖောင်ဒေးရှင်းကို နိုင်ငံရေး အကျိုးအမြတ်မျှော်ကိုး၍ နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီနှင့် ဆက်သွယ်ဆက်ဆံနိုင်ရန် ပြည်ပမှ ငွေကြေးလှူဒါန်းမှုများ ရှိခဲ့သည် ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင် ခဲ့ရသလို ကိုယ်ပိုင်ကွန်ပျူတာ ဆာဗာမှ နိုင်ငံအတွက်ထိပ်တန်း လျှို့ဝှက်အီးမေးလ်များကို ပို့ခဲ့သည် ဟူသော စွပ်စွဲချက်၊ ယင်းအီး မေးလ်အများအပြားကို စစ်ဆေး မခံဘဲ ထိမ်ချန်ဖျောက်ဖျက်ပစ်ခဲ့ သည်ဟူသော စွပ်စွဲချက်များလည်း ပေါ်ထွက်ခဲ့သည်။ သို့သော် ယင်း ကိစ္စများနှင့်ပတ်သက်၍ အက်ဖ်ဘီ အိုင်က စုံစမ်းစစ်ဆေးခဲ့သော်လည်း တစ်စုံတစ်ရာ စွဲချက်တင် အရေး ယူရန် ဆောင်ရွက်ခဲ့ခြင်း မပြုမှုက မျက်နှာကြီးရာဟင်းဖတ်ပါသည် ဟုဆိုစရာဖြစ်ခဲ့ပြီး ဟီလာရီ၏ ကျင့်ဝတ်နှင့်စာရိတ္တအပေါ် မေးခွန်းထုတ်လာခဲ့ကြသည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလ တွင် သမ္မတလောင်းနှစ်ဦးစလုံးက ပြိုင်ဘက်၏ အားနည်းချက်များ ကို ထိုးနှက်အပုပ်ချကာ ဝေဖန် တိုက် ခိုက်ခဲ့ကြမှုကြောင့် ‘ညောင် မြစ်ရော ပုတ်သင်ဥပါ’ ပေါ်ခဲ့ကြ ပြီး အမေရိကန် မဲဆန္ဒရှင်များအ နေဖြင့် နှစ်ဦးစလုံးအပေါ် စိတ်ပျက်ခဲ့ကြသည်။ နောက်ဆုံး၌ အဆိုးထဲက အဆိုးနည်းသည်ဟု ယူဆသူ ( Lesser Evil ) ကို ရွေးလိုက်ကြရသည့် သဘောဖြစ်သွားခဲ့တော့သည်။

မည်သို့ပင်ဖြစ်စေ မဲဆွယ်ရေးကာလတစ်လျှောက်လုံးနှင့် သမ္မတ လောင်းနှစ်ဦး စကားစစ်ထိုးပွဲ သုံး ကြိမ်စလုံးတွင် နှုတ်စလျှာစ သွက် လက်၍ အချက်ကျကျ ပြောနိုင် သော ဟီလာရီကို လူကြိုက်ပိုများ ခဲ့သည်။ သို့သော် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဟီလာရီ၏ အီးမေးလ်ကိစ္စ ကျယ်ကျယ်လောင် လောင်ဖြစ်လာခဲ့ခြင်းက ယင်းလူ ကြိုက်များမှု ထိုးကျသွားစေခဲ့ပြီး ဒေါ်နယ်ထရမ့်က အမှတ်တက်လာ ကာ သူမသာ ကိုယ်မသာ အကြိတ် အနယ်ဖြစ်လာခဲ့သည်။ ထိုကာလ ၌ပင် ရွေးကောက်ပွဲရက် ရောက်ရှိသွားပြီး ဒေါ်နယ်ထရမ့်က ကပ်၍ နိုင်သွားခဲ့ခြင်းဖြစ်သည်။ မည်သို့ ဆိုစေကာမူ လူသစ်တန်းမှ တက် လာသည့် ဒေါ်နယ်ထရမ့်က ဝါရင့် သမ္ဘာရင့်အတွေ့အကြုံရှိပြီး ပိုမိုသာလွန်စွာ ပြင်ဆင်ထားသည့် ဟီလာရီကလင်တန်ကို အနိုင်ယူခဲ့ ခြင်း၏ အကြောင်းတရားများမှာ မူ လေ့လာဆန်းစစ်ဖွယ်ကောင်းလှသည်။

ထိုသို့လေ့လာပါက နှစ်ဖက် ခြားနားသည့် မူဝါဒပိုင်းဆိုင်ရာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အားသာချက် အားနည်းချက်များကို တွေ့ရမည် ဖြစ်သည်။ မူဝါဒပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ထရမ့်၏ အခြေခံ သဘောတရားမှာ ‘အစဉ်အလာ ဖြစ်ခဲ့သော အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ လွှမ်းမိုးခြယ်လှယ်ရေး မူဝါဒ (Interventionism) သို့မဟုတ် အပြင်ဘက်မျှော်သည့် မူဝါဒ (Outward Looking Policy) သည် မလိုလားအပ်ဘဲ အမေရိကန် ငွေကြေးနှင့် လူသားအရင်းအမြစ် တို့ကို ဖြုန်းတီးရာရောက်ပြီး ကမ္ဘာ့ရှိရင်းစွဲ ပြဿနာများကို တိုးပွား လာစေရုံသာရှိသောကြောင့် ယင်း မူဝါဒမှ နောက်ပြန်ဆုတ်ပြီး နိုင်ငံ အတွင်း အင်အားပြန်လည်တည် ဆောက်ရေး အတွင်းမျှော်မူဝါဒ (Inward Looking Policy) ကို ပြောင်းလဲကျင့်သုံးရေး’ ဖြစ်သည်။

ယင်းသဘောတရား အခြေခံပေါ်မူတည်၍ အကြမ်းဖက်မှု တားဆီးရေးနှင့် လူဝင်မှုကြီးကြပ်ရေးတို့ကို ပိုမိုဦးစားပေးပြောဆိုခဲ့သောအခါ အမေရိကန်၏ အဓိက နိုင်ငံရေး အင်အားစုဖြစ်သော လူဖြူများက သဘောကျကြသည်။ သို့ရာတွင် လက်တီနိုများ၊ လူမည်းများနှင့် အခြားအသားအရောင်ကွဲသူများ၊ ဘာသာကွဲများကမူ မနှစ်သက်ကြပေ။ ထိုသူတို့က ဟီလာရီဘက်သို့ ပို၍ တိမ်းညွတ်ကြသည်။ နိုင်ငံရပ် ခြားရှိ စစ်ပွဲပဋိပက္ခများ၌ အမေရိ ကန်ပါဝင်မှုလျော့ကျရေး မူဝါဒကို လူလတ်တန်းစားနှင့် အောက်ခြေပိုင်းက ထောက်ခံသော်လည်း ထိပ်တန်းအဆင့်မြင့် နိုင်ငံရေးအပေါ်လွှာများက မနှစ်သက်ကြပေ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို လေ့ လာပါက ထရမ့်ကို နိုင်ငံရေးအတွေ့ အကြုံနှင့်ပတ်သက်၍ များစွာ အထင်မကြီးကြပေ။ ဟီလာရီကိုမူ အရည်အချင်းရှိသော်လည်း အကျင့် စာရိတ္တနှင့်ပတ်သက်၍ အမှတ် လျှော့ထားခြင်း ခံရသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်နယ် ထရမ့်သည် နိုင်ငံရေးနယ်ပယ်ပြင်ပမှ အပြင်လူတစ်ဦးဖြစ်ပြီး လူအ များကြိုက်မည့်ကိစ္စများကို (အချက် အလက်မှန်သည်ဖြစ်စေ၊ မမှန် သည်ဖြစ်စေ) ထိရောက်စွာ အား ထည့်၍ ပြင်းပြင်းထန်ထန်ပြောနိုင်ခြင်းက အစဉ်အလာနိုင်ငံရေး သမားများ၏ ဝေ့လည်ကြောင်ပတ် ပညာသားပါပါဖြင့် ပြောဆိုနေ ခြင်းများအပေါ် စိတ်ကုန်နေသည့် လူထုအား ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ဒေါ်နယ်ထရမ့်အနေဖြင့် တွေ့သမျှလူနှင့် ငြင်းခုံ၊ ရန်ဖြစ်၊ ပြောဆိုစွပ်စွဲခံ ရသည့်အကြားမှ ပစ်တိုင်းထောင်သဖွယ် ပြန်၍ခေါင်းထောင်လာ နိုင်ခဲ့ခြင်းဖြစ်၏။ ဤသည်မှာလည်း Populist ခေါ် အများကြိုက် နိုင်ငံ ရေးသမားများ ခေါင်းထောင်လာ ခြင်းမှာ အမေရိကန်တစ်နိုင်ငံတည်း ၌မဟုတ်ဘဲ ကမ္ဘာ၌ပါ ခေတ်စားလာခြင်းဖြစ်သည်။ သာဓကအား ဖြင့် ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်မှု  Brexit  ကိစ္စ၊ ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ၌ အများကြိုက်ခေါင်းဆောင် ဒူတာတေး ရွေးကောက်ခံခဲ့ရခြင်းများကို တွေ့ နိုင်သည်။ နောက်ဆုံး၌ မည်သို့ပင် ပိုမိုပြည့်စုံ သာလွန်စွာ ပြင်ဆင် ထားသည်ဖြစ်စေ၊ မည်သို့ပင် လူထုသဘောထားစစ်တမ်းများ၌ အသာစီးရနေသည်ဖြစ်စေ၊ မဲပေး မည့် လူထုအများ ကြိုက်နှစ်သက်သူသာ အနိုင်ရခြင်းဖြစ်သည်ကို သင်ခန်းစာ ဖော်ထုတ်နိုင်ဖွယ်ရှိသည်။ အမေရိသမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့်အနိုင်ရရှိသွားသည် နှင့်တစ်ပြိုင်နက် ယင်းဖြစ်ရပ် ကြောင့် ကမ္ဘာကြီးတစ်ခုလုံးအပေါ်မည်သို့ သက်ရောက်သွားနိုင်သနည်း။

ကိုကိုလှိုင်

No comments:

Post a Comment