Tuesday, November 22, 2016

ကုန်ဈေးနှုန်းဒဏ် ဘယ်သူခံ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မြင့်တက်လျက်ရှိနေသည့် ကုန်ဈေးနှုန်းများအနေဖြင့် အစိုးရသစ်လက်ထက် ရှစ်လအတွင်းမှာ ကုန်ဈေးနှုန်းများသည် ကျဆင်းသွားခြင်းမရှိဘဲ စံချိန်တင် မြင့်တက်မှုများ ရှိနေဆဲပင်ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုက NLD အစိုးရမတက်ခင် ၂၀၁၃ ခုနှစ်ကတည်းက ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများအနေဖြင့် ၂၀၁၃  ခုနှစ်မှ ၂၀၁၆ ခုနှစ် သုံးနှစ်တာကာလအတွင်း ဈေးနှုန်းနှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။ြ မင့်တက်ခဲ့သည့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကတော့ ဆန်၊ ဆီ၊ သားငါး၊ ကြက်သွန်၊ ကုန်စိမ်းများမှာ တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်နေခြင်း ဖြစ်ပါတယ်။ အခြေခံစားသောက်ကုန် ဈေးနှုန်းရဲ့ ဈေးနှုန်းမြင့်တက်မှုက ၂၀၁၃ ဇွန်လကနေ စတင်ပြီးတော့ ဈေးနှုန်းမြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။



၂၀၁၃ ခုနှစ်အတွင်းမှာ ဈေးနှုန်းမြင့်တက်ခဲ့တဲ့ သားငါးဈေးနှုန်းတွေကတော့ ငါးမြစ်ချင်းတစ်ပိဿာ ကျပ် ၂၂၀၀ - ၂၅၀၀ ကနေ တစ်ပိ ဿာကျပ် ၃၅၀၀ သို့လည်းကောင်း၊ ငါးကြင်းတစ်ပိဿာကျပ် ၃၀၀၀ - ၄၀၀၀ မှ ကျပ် ၅၀၀၀ သို့လည်ကောင်း၊ တီလားဗီးယား တစ်ပိဿာ ကျပ် ၁၀၀၀ - ၁၂၀၀ မှ ကျပ် ၁၅၀၀ သို့ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်အတွင်းမှာ ငါးဈေးကွက်အတွင်း ဈေးအပေါဆုံး ပင်လယ်ငါးဖြစ်တဲ့ ငါးသေတ္တာ ငါးဈေးနှုန်းမှာလည်း တစ်ပိဿာ ကျပ် ၈၀၀ - ကျပ် ၁၀၀၀ တစ်ပိ ဿာကျပ် ၁၈၀၀ မှ ကျပ် ၁၉၀၀ သို့ ဈေးနှုန်းမြင့်တက်ခဲ့တယ်။ ငါးဈေးများနည်းတူ အသားဈေးမှာလည်း ဈေးနှုန်းမြင့်တက်မှုရှိခဲ့ပါတယ်။

ကြက်တစ်ပိဿာကို ကျပ် ၄၅၀၀ မှ ကျပ် ၆၀၀၀ သို့လည်းကောင်း၊ ၀က်သားတစ်ပိဿာ ကျပ် ၅၀၀၀ မှ ကျပ် ၆၅၀၀၀ သို့လည်ကောင်း၊ အမဲသားတစ်ပိဿာ ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ - ၇၅၀၀ သို့ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။
ဆန်ဈေးနှုန်းတွေ အနေနဲ့ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ၄၅၀၀၀ သို့လည်းကောင်း၊ ဒုတိယတန်းစား ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၃၄၀၀၀ မှ ၃၇၀၀၀ သို့လည်းကောင်း၊ ဖျာပုံပေါ် ဆန်းတစ်အိတ်လျှင် ကျပ် ၃၁၀၀၀ မှ ၃၄၀၀၀ သို့လည်းကောင်း၊ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထတစ်အိတ်လျှင် ကျပ် ၁၉၀၀၀ မှ ၂၀၅၀၀ သို့လည်ကောင်း ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဆီဈေးနှုန်းတွေ အနေနဲ့ကတော့ ပြည်တွင်းမြေပဲဈေးနှုန်းတွေက ဈေးနှုန်းမြင့်တက်ခြင်း မရှိခဲ့ပေမယ့် နိုင်ငံခြားကနေ တင်သွင်းလျက်ရှိတဲ့ စားအုန်းဆီတစ်ပိဿာကို ကျပ် ၁၅၀၀ မှ ၁၈၀၀ သို့ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။
ထိုမှဈေးနှုန်းစတင်မြင့်တက်ခဲ့တဲ့ အခြေခံစားသောက်ကုန်စည်များ အနေဖြင့်လည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ ဈေးနှုန်းမြင့်တက်လျက် ရှိနေဆဲဖြစ်ပါတယ်။

ကုန်ဈေးနှုန်းများအနေဖြင့် ဈေးနှုန်းစတင်မြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ယခင်အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ၀န်ထမ်းလစာတိုးမြှင့်ခြင်း၊ ပိုးကျမှုကြောင့် ဆန်အထွက်နည်းခြင်း၊ ဒေါ်လာဈေး မြင့်တက်မှုများ ရှိခဲ့တာကြောင့် ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ပါတယ်။

ထိုသို့ တရိပ်ရိပ်ဈေးနှုန်း မြင့်တက်နေသည့် အခြေခံစားသောက် ကုန်စည်များသည် ရွေးကောက်ပွဲကာလ မတိုင်ခင်အထိ မည်သည့်အချိန်မှ ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ အတက်ဈေးအတိုင်းသာ ရှိနေခဲ့ပါတယ်။ ရွေးကောက်ပွဲကာလအပြီးမှာ အခုလိုမြင့်တက်နေတဲ့ အစားအသောက် ကုန်စည်တွေက ဘာတစ်ခုမှ သိသိသာသာပြောင်းလဲပြီး ဈေးနှုန်းကျဆင်းခဲ့ခြင်းမရှိပါဘဲ ထပ်မံတက်ရိပ်ပြသည့် အနေအထားတွင် ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးနှင့် နိုင်ငံရေးအပြောင်းအလဲအကြား တစ်ဟုန်ထိုး မြင့်တက်ခဲ့တဲ့ နှုန်းအတက်ကြမ်းတဲ့အတွက်ကြောင့် အစိုးရ၀န်ထမ်းသာမက သာမန်ပုဂ္ဂလိက ၀န်ထမ်းတွေအနေနဲ့ကလည်း လစာနှင့် လောက်ငခြင်းမရှိတာကို ကြုံတွေ့ရလျက်ရှိပါတယ်။ ဒါ့အပြင် ယခုလိုမြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေက တောက်လျှောက်ကို ယနေ့ထိ ဈေးနှုန်းမြင့်တက်နေဆဲ ဖြစ်ပါတယ်။
ထိုသို့ ဈေးနှုန်းမြင့်တက်မှုရဲ့ နောက်ဆက်တွဲပြဿနာကို ဆင်းရဲသားပြည်သူများနဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်နေသူများက အလူးအလဲ ခံစားခဲ့ရပါတယ်။

၂၀၁၆ ခုနှစ် အစိုးရသစ်လက်ထက်အထိ ဈေးနှုန်းကျဆင်းရှိခဲ့တဲ့ ကုန်ဈေးနှုန်းတွေအနေနဲ့ ၂၀၁၆ ဧပြီလတွင် ဈေးနှုန်းမငြိမ်မသက် ဖြစ်ပေါ်လျက်ရှိခဲ့ပါတယ်။

၂၀၁၆ ဧပြီလမှ စတင်ပြီး ကုန်ဈေးနှုန်းများ အနေဖြင့် ပြန်လည်၍ ဈေးနှုန်းမြင့်တက်လာပြီး ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်းမှာ ဈေးနှုန်းမြင့်တက်မှုများသည် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး ဆန်ဈေးနှုန်းမှလွဲ၍ မည်သည့်စားသောက်ကုန်စည်မျှ ဈေးနှုန်းကျဆင်းခြင်း မရှိခဲ့ပါ။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဈေးနှုန်းကျဆင်းခဲ့သည် ဆန်ဈေးနှုန်းမှာလည်း ဆန်တစ်ပြည်ကို ကျပ် ၁၀၀ ၀န်းကျင်သာ ကျဆင်းခဲ့သောကြောင့် ၂၀၁၃ - ၂၀၁၄ ခုနှစ်တွင်းရှိ ဆန်ဈေးအတိုင်းတာ ရှိနေဆဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ သားငါးဈေးနှုန်းများ အနေဖြင့် ဈေးနှုန်းမှာ ကြက်သားတစ်ပိဿာ ကျပ် ၇၀၀၀ မှ ၁၂၀၀၀ သို့လည်းကောင်း၊ ၀က်သားတစ်ပိဿာလျှင် ယခင် ကျပ် ၇၀၀၀ မှ ၁၂၀၀၀ရှိခဲ့ရာ ယခုအခါဈေးသို့လည်းကောင်း၊ အမဲသားတစ်ပိဿာလျှင် ယခင် ကျပ် ၈၀၀၀ မှ ၁၃၀၀၀အထိ ဈေးနှုန်းရှိခဲ့ပါတယ်။      

ငါးဈေးနှုန်းများအနေဖြင့် ယခင်ငါးရံ့တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ဈေးရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿာ ကျပ် ၁၂၀၀၀ သို့လည်းကောင်း၊ ငါးကြင်းတစ်ပိဿာလျှင် ယခင်ကျပ် ၆၀၀၀ မှ ၆၅၀၀ အတွင်းဈေးရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿ ကျပ် ၇၀၀၀ မှ  ၈၀၀၀ သို့လည်းကောင်း၊ ငါးခူတစ်ပိဿာလျှင် ယခင် ကျပ် ၁၀၀၀၀ မှ ၁၂၀၀၀ အတွင်း ဈေးရှိခဲ့ရာ ယခုအခါတွင် တစ်ပိဿကျပ် ၁၅၀၀၀ သို့လည်းကောင်း ဈေးနှုန်းရှိကြောင်း သိရသည်။

ငါးဈေးနှုန်းမြင့်တက်ရခြင်းက ကုန်စည်ရှားပါးမှုတို့ကြောင့် ယခုလို ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ငါးရောင်းချသူများက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုလအတွင်း ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုများကြောင့် မလေးရှားနိုင်ငံမှ အဓိကတင်သွင်းသည့် စားအုန်းဆီဈေးနှုန်းအနေဖြင့် ယခင်တစ်ပိဿာ ကျပ် ၁၈၀၀ မှ ၂၀၀၀ မှ ယခုအခါတွင် တစ်ပိဿာကျပ် ၂၃၀၀ မှ ၂၅၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိပါတယ်။

ယခု ကြက်သွန်ဈေးနှုန်းများ အနေဖြင့်လည်း ဈေးနှုန်းမြင့်တက်မှုများရှိနေပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာ ကျပ် ၇၀၀ မှ ၁၃၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။

အခြေခံစားသောက်ကုန်စည် နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၆ ရက်တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က “အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ မရှိ” နှင့်ပတ်သက်သည့် မေးခွန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကို မေးမြန်းခဲ့ပါတယ်။

“ကုန်ဈေးနှုန်းတရိပ်ရိပ် တက်နေခြင်းက ယခုအစိုးရလက်ထက်မှာ လူနေမှုဘ၀ရဲ့ အနီးကပ်ဆုံး ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရခြင်းမှာလည်း ယခင်ခေတ်စနစ်တွေ အစိုးရတွေ လက်ထက်ကတည်းက ကုန်ဈေးနှုန်းတက်နေခြင်းပြဿာနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ယခုအစိုးရတက်လာပြီး နောက်ပိုင်းမှာလည်း ကုန်ဈေးနှုန်းဟာ လျော့ကျမှုမရှိတဲ့အပြင် ယခင်အတိုင်းပဲ တရိပ်ရိပ်ဆက်မြင့်နေတာကို တွေ့ရပါတယ်” ဟု ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရအနေဖြင့် တိုက်ရိုက်ထိန်းချုပ်ရန် မသင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားပါတယ်။

အရပ်ရပ်ကုန်ဈေးနှုန်း မြင့်တက်နေခြင်းသည် အချို့ကုန်စည်ဈေးနှုန်းများသည် အတက်ချည်းမဟုတ်ဘဲ ရောင်းလိုအား၊ ၀ယ်လိုအားနှင့် ဈေးကွက်အပေါ်မူတည်ကာ ဈေးနှုန်းများတက်ခြင်း၊ ကျခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း၊ လေ့လာသုံးသပ်ချက်အရ ထူးကဲစွာ ဈေးနှုန်းမြင့်တက်ခြင်း၊ ကျဆင်းခြင်းမျိုးမဟုတ်ဘဲ အခြေအနေမျိုးတွင် ဖြစ်လေ့ဖြစ်ထရှိသော ဈေးနှုန်းအတက်အကျသာ ဖြစ်ပေါ်လေ့ရှိကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ကုန်ဈေးနှုန်းထိန်းညှိရန် လိုအပ်သည့်အချိန်တွင် ပြည်တွင်းထုတ် အချို့ကုန်ပစ္စည်းများအား ပြည်ပမှ တင်သွင်းခွင့်ပြုပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဥပမာ - ပဲပြုတ်အတွက် စားတော်ပဲ၊ ပုစွန်ဖြူ စသည်တို့ကိုလည်း တင်သွင်းခွင့်ပြုထားခဲ့ကြောင်းနှင့် စီးပွား/ကူးသန်း ၀န်ကြီးဌာနအနေဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်း သတင်းအချက်အလက်များ တိုင်းဒေသကြီး၊ မြို့ကြီးများမှ နေ့စဉ်ဈေးနှုန်းသတင်း၊ ဈေးကွက်သတင်းများကို ကုန်သည်အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းများကို အစိုးရက တိုက်ရိုက်ဆုံးဖြတ်ပေးခြင်းမပြုဘဲ ရောင်းလိုအားနှင့် ၀ယ်လိုအားတို့အပေါ် မူတည်၍ သတ်မှတ်ဆုံးဖြတ်ခြင်း ဖြစ်ပါသဖြင့် ထိန်းညှိခြင်းကိုသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရမှ တိုက်ရိုက်ထိန်းချုပ်ရန် မသင့်ပါကြောင်း   စီးပွား/ကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။

စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထိုသို့ကုန်ဈေးနှုန်း မြင့်တက်မှု နှင့်ပတ်သက်၍ “ပြည်သူတစ်ယောက် အနေနဲ့ရော၊ လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ပါ သုံးသပ်ရင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းရဲ့ပထမဆုံး အခြေခံတာကတော့ ငွေကြေးပါ။ ဒီငွေကြေး ဖောင်းပွနှုန်းက အရမ်းကိုမြန်နေတာက အဓိကအခြေခံအချက်ပါ။ Export အနေနဲ့ ကြည့်ရင်တော့ မြန်မာငွေကြေးဖောင်းပွတာက ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်တဲ့ အားကတော့ ပိုရှိတာပေါ့။ ပိုရှိပေမယ့်လည်းပဲ တကယ်တမ်းကျတော့ ငွေကြေးမတည်ငြိမ်ဘဲ အခုလိုမျိုး တက်သွားမယ်။ ပြီးမှ ပြန်ကျမယ်ဆိုရင် Exporter တွေအနေနဲ့လည်း ဒုက္ခရောက်မှာပဲ။ ဒါက Export အနေနဲ့ပြောတာပါ။ နောက်တစ်ခါ Import အနေနဲ့က အခုလို ငွေကြေးကြီးမြင့်တဲ့အပေါ်မှာ ပထမလက်ကျန် ပစ္စည်းရောင်းပြီး နောက်ထပ်သွင်းတဲ့ ပစ္စည်းပေါ်မှာ ဈေးနှုန်းကိုထပ်မြှင့်တော့မှာ။ ဒီဟာကိုတကယ်တမ်း ခါးစည်းခံရမှာက စားသုံးတဲ့ပြည်သူတွေကပဲခံရမှာ။ ပထမအရေးကြီးတာက ငွေကြေးဖောင်းပွတာကို တည်ငြိမ်အောင်လုပ်ဖို့က အရမ်းအရေးကြီးတယ်။ ငွေကြေးတည်ငြိမ်မှလည်း Export ရော Import ရော အားလုံးက အဆင်ပြေမှာပါ။ ငွေကြေးဖောင်းပွတာပေါ် အခြေခံပြီး ဈေးနှုန်းတွေက ကြီးမြင့်လာရင် ဘာပဲပြောပြော ၀င်ငွေနဲ့ထွက်ငွေ မမျှတဲ့အခါမှာ အခက်အခဲတွ ဖြစ်လာမှာပဲ။ ဒီလိုအခက်အခဲတွေ ဖြစ်လာတဲ့အခါမှာ အစိုးရအနေနဲ့ ဘာလုပ်သင့်လဲ။ အစိုးရအနေနဲ့လည်း ငွေကြေးဖောင်းပွတာကို နည်းပညာသုံးပြီး အထိုက်အလျောက် လုပ်ဆောင်မယ်လို့ ထင်ပါတယ်။ ငွေကြေးဖောင်းပွမှု တည်ငြိမ်မှလည်း ကုန်ဈေးနှုန်းက ထပ်ပြီးကြီးမြင့်ဖို့မရှိဘဲ ပြန်ပြီးတည်ငြိမ်လာမှာပါ။ အစိုးရအနေနဲ့ကတော့ လတ်တလောအနေအထားမှာ ပြောရမယ်ဆိုရင် Open Types လုပ်ထားပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေလည်း မထိခိုက်အောင်၊ ပြည်သူတွေ အပေါ်မှာလည်း ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရမှာပါ” ဟုမြန်မာနိုင်ငံပဲကုန်သည်၊ နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက သုံးသပ်ပြောကြားသည်။

ထိုသို့ ကုန်ဈေးနှုန်းမြင့်တက်မှုကို အလူးအလဲ ခံစားနေရသည့် ပြည်သူများကလည်း - “ကုန်ဈေးနှုန်းက အတက်ပဲရှိတယ်။ အကျမရှိဘူး။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းကဆိုရင်လည်း ကုန်ဈေးနှုန်းတွေက အခါတွင်းမို့လို့ တက်ရတာပါ။ သင်္ကြန်လည်းပြီးရော ကုန်ဈေးနှုန်းက ပြန်ပြီးမကျသွားပါဘူး။ တက်မြဲတိုင်းတက်နေတာပဲ။ ကျွန်မတို့ပြည်သူတွေမှာ ကုန်ဈေးနှုန်းရဲ့ ဒဏ်ကိုခံနေရတာ။ အခုဆိုရင် အစိုးရသစ်လည်း တက်လာပြီ။ ပြည်သူတွေကလည်း ဒီကုန်ဈေးနှုန်းကျဖို့ကိုပဲ မျှော်လင့်တာ။ အခုထက်ထိတော့ ကုန်ဈေးနှုန်းကျဖို့ ဘာသံမှထွက်မလာသေးဘူး။ ကုန်ဈေးနှုန်းမကျတော့ ၀င်ငွေနဲ့ထွက်ငွေနဲ့က မမျှတော့ဘူး။ ပြည်သူတွေမှာကြာတော့ စီးပွားရေးအခက်အခဲတွေ ဖြစ်ကုန်ပြီ။ မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုကို အစိုးရအနေနဲ့ ထိန်းပေးမှပဲ ရတော့မှာ။ ဒေါ်လာဈေးတွေ တက်တာက ဒေါ်လာစားတွေအတွက်ပဲ ကောင်းတာ။ အောက်ခြေလူတန်းစား ပြည်သူတွေမှာ ဒုက္ခရောက်ကုန်ပြီ။ လက်ရှိအစိုးရကို ပြောချင်တာက ပြည်သူတွေ အရမ်းကိုမျှော်လင့်နေတာက ကုန်ဈေးနှုန်းကို အဓိကချပေးဖို့ကိုပဲ တောင်းဆိုချင်တာပါ” ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ဒေါ်သန်းသန်းထွေးက ပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဦးဝင်းမြိုင်ကလည်း “ကျွန်တော်က ပန်းရန်လုပ်တာပါ။ အိမ်မှာက မိသားစုငါးယောက်ရှိတယ်။ ကျွန်တော့်သမီးက စတိုးဆိုင်မှာ အရောင်းစာရေးလုပ်တယ်။ ပြောချင်တာက မိသားစုတစ်ခုမှာ လူတစ်ယောက်တည်းရဲ့ ၀င်ငွေနဲ့ အခုခေတ်ကြီးမှာ ရပ်တည်လို့မရတော့ဘူး။ အိမ်မှာရှိတဲ့ မိသားစုအကုန် အလုပ်ထွက်လုပ်မှ စားဝတ်နေရေး အဆင်ပြေမှာ။ အခုခေတ်ကုန်ဈေးနှုန်းက သိတဲ့အတိုင်းပဲ။ အကျမရှိဘူး။ အတက်ပဲ။ အခုအစိုးရသစ် လက်ထက်မှာဆိုရင် အောက်ခြေလူတန်းစား ပြည်သူတွေအကုန်လုံးနီးပါးက ကုန်ဈေးနှုန်းကိုပဲ ကျစေချင်တယ်။ ဒါပေမဲ့ကုန်ဈေးနှုန်းက မကျတဲ့အပြင် ထပ်တောင်တက်နေသေးတယ်။ ပြည်သူတွေမှာ ကန်စွန်းရွက်တောင် ၀ယ်မစားနိုင်တော့တဲ့ အခြေအနေမျိုး ရောက်နေပြီ။ အပေါင်ဆိုင်တွေမှာလည်း တစ်နေ့တစ်နေ့ လာလိုက်တဲ့လူတွေ နည်းတာမဟုတ်ဘူး။ ကျွန်တော်တို့လည်း အပေါင်ဆိုင်ကို သွားရတာပဲ။ မရှိရင်ပေါင်နှံပြီးစားရတာ။ မစားဘဲ အငတ်နေလို့မှမရတာ။ အခုကတော့ ပိုက်ဆံရှိပြီးသားလူတွေကပဲ ရှိပြီးရင်းရှိနေတာ။ အောက်ခြေပြည်သူတွေမှာ ဆန်တစ်ပြည် တစ်ထောင်တန်တောင် မစားနိုင်တဲ့သူတွေ ရှိနေသေးတယ်ဆိုတာ လက်ရှိအစိုးရကို သိစေချင်တယ်။ ဒေါ်လာဈေးတက်တာ၊ ရွှေဈေးတက်တာတွေက ပိုက်ဆံရှိလူတန်းစားတွေအတွက် အရေးမကြီးပေမယ့် ဒေါ်လာဈေးတက်လို့ ငွေကြေးဖောင်းပွလာရင် ကုန်ဈေးနှုန်းတွေက လိုက်ပြီးတက်လာတာဆိုတော့ နောက်ဆုံးခံစားရတာက အောက်ခြေပြည်သူတွေကို ထိတာပါ။ ကြက်ဥ၊ ဘဲဥတစ်လုံး ကျပ် ၂၀၀၊ ကန်စွန်းရွက်တစ်စည်း ကျပ် ၃၀၀ ဆိုတဲ့အနေအထားက ကြောက်ဖို့ကောင်းနေပြီ။ ဆင်းရဲတဲ့အိမ်တွေမှာ ဘဲဥဟင်းချက်ရင်တောင်မှ တစ်ယောက်တစ်လုံး မစားနိုင်ဘူး။

တစ်ယောက်တစ်ခြမ်းစီပဲ စားနိုင်တဲ့ခေတ်ကြီးပါ။ ကျန်တဲ့အသားငါးတွေကတော့ အနားတောင်မကပ်နိုင်ပါဘူး။ လက်ရှိအစိုးရကို ပြောချင်တာက ပြည်သူတွေတကယ်လိုအပ်နေတာက ဘာလဲဆိုတာကို သိစေချင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

ထိုသို့မြင့်တက်နေသည့် ကုန်ဈေးနှုန်းများအား ပညာရှင်များအနေဖြင့် “ကုန်ဈေးနှုန်း ကြီးမြင့်နေတာကတော့ ချရမလွယ်ပါ။ ၀င်ငွေတိုးအောင် တိုင်းပြည်စီးပွားရေး တက်အောင် ဆောင်ရွက်ပေးရပါမယ်” ဟု မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်တင်သွင်းရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားခဲ့ပါတယ်။

ထို့ပြင် ဘဏ္ဍာ/အခွန်အနေဖြင့် ဘတ်ဂျက်လိုငွေမပြအောင် လျှော့သုံး (သို့မဟုတ်) ပိုရှာရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။

ဗဟိုဘဏ်အနေဖြင့် Exchange rate ကိုထိန်းညှိပြီး အတိုးနှုန်းသက်သာစွာဖြင့် SME လုပ်ငန်းများ၊ Micro လုပ်ငန်းများကို ငွေချေးနိုင်အောင် စီစဉ်ပေးရန်၊ စင်ကာပူဘဏ်များတွင် မြန်မာ့နိုင်ငံခြားငွေများကို မြန်မာပြည်ရောက်လာအောင် ရွှေ့ဖို့စီစဉ်ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ရေလုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရအောင်၊ ဘဏ်လိုင်စင်ရ နိုင်ငံခြားဘဏ် (၁၃) ဘဏ်ကို ငွေချေးခွင့်ပေးရန် (သို့မှသာ ဒေါ်လာငွေလုံးငွေရင်း ၀င်ပါမည်)၊ ပြည်တွင်းထုတ်ပစ္စည်းများ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျရေး၊ သယ်ယူပို့ဆောင်ခ လျော့ကျရေး၊ Logistic Cost လျော့ကျရေး၊ Transaction Cost လျော့ကျရေး ၀န်ကြီးဌာနများ ပူးပေါင်းဖြေရှင်းပေးရမည်ဟုလည်း ဒေါက်တာစိုးထွန်းက ဆိုပါတယ်။

“လုပ်ငန်းကြန့်ကြာမှုတွေ ကြိုးနီစနစ်တွေကြောင့် ငွေတစ်ရင်းကတစ်ပတ် Circle လည်ဖို့ လေးငါးလကြာတယ်။ ဒါကြောင့် ငွေအတိုးပြန်တွက်ရတော့ စရိတ်ထပ်ပေါင်း ရပါတယ်။ နည်းနည်းနဲ့နောက်ဆုံး သုံးစွဲတဲ့သူတွေဆီမှာ ဈေးတက်လာပါတယ်။ အခြေခံအဆောက်အအုံက မကောင်းတော့ စရိတ်ပိုလာတယ်။ မီးကမလာတော့ အားမပြည့် မီးစက်ဝယ်မောင်းတော့ ဒေါ်လာထွက်၊ စရိတ်ကတက်စသဖြင့် မြေငှားခကကြီး၊ ဟိုစရိတ်ဒီစရိတ်တွေကကြီး နောက်ဆုံးတော့ စားသုံးသူ ခံရတာပေါ့ဗျာ။ ပြည်ပကို ရောင်းနေတဲ့ ဓာတ်ငွေ့ကို ပြည်တွင်းလောင်စာအဖြစ် ပြန်သုံးဖို့ ညှိနှိုင်းပါမယ်။ ဒီလိုပြဿနာတွေကို အမြန်ဆုံးအဖြေရှာ ပြုပြင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ဆောင်ရွက်ပါမယ်” ဟုဒေါက်တာစိုးထွန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

“ကုန်ဈေးနှုန်းက အဓိကလုပ်သင့်တာက အစိုးရဘက်က Market Economy လို့ပြောပေမယ့် Market က ပြည့်ပြည့်၀၀ မဟုတ်သေးဘူး။ အဲဒီတော့ တချို့နေရာတွေမှာ ထိန်းညှိတဲ့ဟာတော့ လုပ်သင့်တယ်။ အချို့အပိုင်းတွေမှာ ကျွန်တော်တို့ရဲ့ Culture ပဲပြောရမှာပေါ့။ ကုန်သည်လုပ်ငန်းရှင်တွေက အကျိုးအမြတ်ရရင် ငြိမ်နေတယ်။ အကျိုးအမြတ်မရရင် အော်တယ်။ အကျိုးအမြတ်မရရင်လည်း ရအောင် ဘယ်လိုလုပ်မလဲဆိုတာ အမြဲတမ်းစဉ်းစားတယ်။ ဥပမာ - လောင်စာဆီဈေးဆိုရင် မြင်သာတယ်။ နိုင်ငံတကာမှာ ဈေးတက်တယ်ဆိုရင် ပြည်တွင်းမှာ ဆီဈေးချက်ချင်းတက်တယ်။ ဟိုမှာကျသွားလည်း သူတို့က ချက်ချင်းမချဘူး။ မသိသလိုလုပ်နေတယ်။ အမြတ်ကို ရအောင်ယူတယ်။ ဒါမျိုးတွေမှာ အစိုးရက သူ့ဆိုင်တဲ့အဖွဲ့တွေခေါ်ပြီး ပြောရမယ်။ ကျွန်တော်ပြောချင်တာက လုပ်ငန်းရှင်ရဲ့သဘောက အမြတ်ကိုရမယ်ဆို ရသလောက်ယူမယ့် သဘောမှာရှိတယ်။ ကျွန်တော်တို့နိုင်ငံက ပိုဆိုးတယ်။ ဈေးတက်တယ်ဆိုရင် တက်တဲ့ဟာကဘာလဲဆိုတာ Reason က ရှာလို့ရတယ်။ ဥပမာ - Supply Chain ပဲဖြစ်ဖြစ် Value Chain ပဲဖြစ်ဖြစ် ဘယ်နေရာကြောင့်ဖြစ်တာလဲ။ ထုတ်လုပ်တဲ့ အပိုင်းကလား။ ဖြန့်တဲ့အပိုင်းကလား။ လှောင်တဲ့အပိုင်းကလား၊ ကြိတ်ခွဲတဲ့အပိုင်းကလား။ နောက်ဆုံး Customer ဆီရောက်တဲ့ Retailer အပိုင်းကလား အဆင့်ဆင့် လိုက်ကြည့်လို့ရတယ်။ တကယ်လို့ Transportation ကြောင့်ဖြစ်တယ်ဆိုရင် ဖြစ်နေရတဲ့အကြောင်းတွေ ဘာကြောင့်လဲ။ ဂိတ်ကြေးကြောင့်လား။ လောင်စာကြောင့်လည်း တစ်ခုခုရှာတွေ့ရင် အမြဲညှိနှိုင်းပေးရမယ်။ အဲလိုပေါင်းစပ်ပေးရင် ကျွန်တော်ထင်ပါတယ် ကုန်ဈေးနှုန်းက အတိုင်းအတာတစ်ခုအထိ ထိန်းလို့ရမယ် ထင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့သဘာဝအရ Supply တို့ Demand တို့က တစ်ပိုင်းပေါ့။ ကျွန်တော်ပြောချင်တာက Man Made Disaster မျိုးလိုပေါ့။ လူကလုပ်တဲ့ဟာမျိုးကတော့ ခုနကပြောသလို ခေါ်ယူညှိနှိုင်းတာတို့ လိုအပ်သလို ထိန်းကျောင်းတာတို့မလုပ်ရင် အဆင်မပြေဘူး။ နောက်တစ်ခုက ဈေးဆိုတာတက်ပြီးရင် ပြန်ချဖို့အရမ်းခက်တယ်။ ဒါတွေကို သူ့အစုနဲ့သူ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့ အမြဲတမ်းပေါင်းစပ် ညှိနှိုင်းပေးဖို့လိုပါတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာ မောင်အောင်က သုံးသပ်ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမြင့်တက်မှု ဂယက်က ပြည်သူတွေကို အတော်လေး အထိနာစေပါတယ်။ ဒါတွေအပြင်၂၀၁၆ ခုနှစ် အစိုးရသစ်လက်ထက် ရှစ်လတာကာလ အတွင်းမှာလည်း ဒေါ်လာဈေးနှုန်းများအဖြင့် စံချိန်တင် ဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လျက်ရှိသော ပြည်ပမှသွင်းကုန်များ အနေဖြင့်လည်း ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်မှုများကြောင့် မြန်မာ့ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းများ စံချိန်တင်ဈေးနှုန်း မြင့်တက်မှုတွေက ဖြစ်ပေါ်လျက်ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အခြေခံလူတန်းစားများနှင့် ဆင်းရဲသားပြည်သူများသည် ခံနိုင်ရည်မရှိသည့်အတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုကျပ်တည်းလာခဲ့ပြီးတော့ စားဝတ်နေရေး မပြေလည်မှုများကြောင့် ဆန်၊ ဆီ၊ ကြက်သွန်စသည့် အခြေခံစားသောက်ကုန်များ ပေးဝေလှူဒါန်းမှုတွင် လာရောက်တန်းစီသူ များပြားလျက်ရှိနေကြောင်းကို ပြည်သူများထံမှ စုံစမ်းသိရှိရပါတယ်။

လက်ရှိအခြေခံ စားသောက်ကုန်စည်များသည် သုံးနှစ်တာကာလအတွင်း ဈေးနှုန်းနှစ်ဆထက် မြင့်တက်သည့် အနေအထားသို့ ရောက်ရှိနေခြင်းကြောင့် အခြေခံလူတန်းစားများနှင့် ဆင်းရဲသားပြည်သူများသည် ကုန်ဈေးနှုန်းအတက်ကြမ်းမှုဒဏ်ကို အလူးအလဲ ခံစားရလျက်ရှိနေပြီး လက်ရှိအစိုးရအနေဖြင့် ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ခြင်းမရှိပါက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများကြံ့ကြံ့ခံနိုင်ဖို့ များစွာခက်ခဲလာတာ အမှန်ဘဲ ဖြစ်ပါတယ်။
Writer:
နီလာ၊ မို့မို့၊ မြတ်စု

No comments:

Post a Comment