Wednesday, November 30, 2016

လမ်းဘေးဈေးသည်များ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သော ရန်ကုန်ညဈေးတန်း

ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသည့် လမ်းဘေးဈေးသည်များကို ယခင်က ရှောင်တခင်ဖမ်းဆီးခြင်း၊ စီမံချက်ဖြင့် ဖယ်ရှားခြင်း၊ ရောင်းကုန် ပစ္စည်းများ သိမ်းဆည်းခြင်း အပါ အဝင် နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်း ခဲ့သည်။ သို့သော် စီမံချက်များအပြီး ကာလတစ်ခုအကြာတွင် ရန်ကုန်မြို့တွင်း လမ်းများပေါ်၌ ဈေးသည် ဈေးဝယ်များဖြင့် ပြန်လည်စည်ကားဆဲ၊ စည်ကားမြဲပင်ဖြစ် သည်။ ယခု ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်လက်ထက်တွင် လမ်း ဘေးဈေးသည်များကို ကမ်းနား လမ်းသို့ ပြောင်းရွှေ့စေကာ ည ဈေးတန်းဟု အမည်တပ်၍ ရောင်း ချစေသည့်နည်းဖြင့် ဖြေရှင်းခဲ့ သည်။



ယခင် မြို့တော်ဝန်များလက် ထက်တွင် မကြာခဏ ပြောကြား လေ့ရှိပြီး အကောင်အထည်မဖော်ခဲ့သည့် ညဈေးဖွင့်လှစ်မည့် အစီ အစဉ်ကို ယခု ရန်ကုန်တိုင်းအစိုးရ အဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ ရေးကော်မတီတို့ ပူးပေါင်း၍ အ ကောင်အထည်ဖော်ခြင်း ဖြစ်သည်။

စတင်ဖွင့်လှစ်သည့် သီတင်း တစ်ပတ်အတွင်း ညဈေးတန်းကို ကြိုဆိုထောက်ခံသူများစွာ ရှိသကဲ့ သို့ ညဈေးတန်း၌ ရောင်းချခွင့်မရ သည့် ဈေးသည်များက ၎င်းတို့၏ နေ့စဉ်ဘဝနှင့် အသက်မွေးဝမ်း ကျောင်းမှုကို ထိခိုက်မည့်အရေး နှင့် ရင်ဆိုင်နေရကြောင်း ပြော ကြားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက လိုက်လံ ဖြန့်ဝေထားသည့် စာထဲတွင် ဈေး သည်များအားလုံး ယခုလကုန် နောက်ဆုံးထား၍ ပြောင်းရွှေ့ရ မည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်၌ စည်ပင်ဥပဒေနှင့်အညီ ဖယ်ရှား မည်ဟုပါရှိရာ ညဈေးတန်းသို့ ပြောင်းရွှေ့ရောင်းချခွင့် မရသည့် ဈေးသည် ၄,၀၀၀ ကျော်တို့သည် အခက်တွေ့နေပြီဖြစ်သည်။


ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားသော ညဈေးတန်းကို တွေ့ရစဉ် (ဓာတ်ပုံ-နစ်ကီ)

စည်ပင်ကမူ ထိုဈေးသည်များအနေဖြင့် လမ်းသွယ်များအတွင်း ဝင်ရောက်ရောင်းချနိုင် ကြောင်း ပြောကြားသော်လည်း လမ်းအတွင်း မူလထားရှိပြီးသား ဆိုင်များ၊ လူနေအိမ်များနှင့် ပြဿ နာများစွာ ဖြစ်ပွားနိုင်ကြောင်းပြောကြားမှုများလည်းရှိနေသည်။

ထို့အပြင် ကားရပ်နားရန် နေ ရာမရှိခြင်းနှင့် လိုင်းကားနှင့် ကုန် တင်ယာဉ်များ ဖြတ်သန်းအသုံးပြု ရာ ခြောက်လမ်းသွား လမ်းမကြီး ဖြစ်သည့်       ကမ်းနားလမ်းတွင်လာရောက်စားသုံးသူများအတွက် ကားလမ်းဖြတ်ကူးရာ၌ ယာဉ်၊ လမ်းအန္တရာယ်နှင့် ကြုံတွေ့နိုင် သည့်အပေါ် စိုးရိမ်မှုများလည်း ရှိ နေသည်။

ရန်ကုန်ညဈေးတန်း ပေါ် ထွန်းလာခြင်းကို ထောက်ခံသူများ က ဈေးသည်များအတွက် နေရာ သီးသန့် သတ်မှတ်လိုက်ခြင်းအပေါ် ကျေနပ်ကြပြီး အစိုးရသစ် တက်လာပြီးနောက်ပိုင်း လုပ် ဆောင်ချက်များထဲတွင် ယခု ည ဈေးတန်း ဖွင့်လှစ်လိုက်ခြင်းက အကျိုးအရှိဆုံး လုပ်ရပ်တစ်ခုဟု ချီးကျူးပြောဆိုလာကြသည်။

ရန်ကုန်မြို့တွင်း ကားကျပ် တည်းမှုကို လျှော့ချရန်၊ ပလက် ဖောင်းများပေါ်တွင် ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ရန်နှင့် နေချင်စဖွယ် ပျော်စရာကောင်း သော စီးပွားရေးမြို့တော်ကြီးဖြစ် ရန် ညဈေးတန်းကို အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေ ရှင်းစရာပုစ္ဆာများထဲမှ ပဏာမခြေ လှမ်း လှမ်းလိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆို သည်။

‘‘ကျွန်တော်တို့ ရန်ကုန်မြို့ မှာ အစဉ်အဆက်အားဖြင့် ညဈေး တန်းတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရကနေ တာဝန်ယူပြီး စနစ် တကျ ဆောင်ရွက်ပေးထားတဲ့ ညဈေးတန်းများတော့ မဟုတ်ပါ ဘူး။ လမ်းဘေးမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဈေးရောင်းကြရတဲ့ ညဈေးတန်းများသာ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အခုတည်ထောင် လိုက်တဲ့ ညဈေးတန်းကတော့ အစိုးရကနေ စနစ်တကျ တည် ဆောက်ပေးတဲ့ ညဈေးတန်း ဖြစ် ပါတယ်’’ဟု ရန်ကုန်ညဈေးတန်း ကို စတင်ဖွင့်လှစ်သည့် အခမ်းအနားအဖွင့်မိန့်ခွန်း၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ သည်။

ယခု ညဈေးတန်း မပေါ် ပေါက်မီ နှစ်လကျော်အလိုက မြို့ တော်ဝန် ဦးမောင်မောင်စိုးက လမ်းဘေးဈေးသည်များနှင့် ပတ် သက်၍ ဖြေရှင်းလုပ်ဆောင်မည့် အကြောင်းကို ၎င်း၏ လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် အရိပ် အမြွက်သတင်းစကားပါးခဲ့သည်။ စားဝတ်နေရေးအတွက် လမ်း ဘေးဈေးရောင်းချသူများကို စိတ် ချလုံခြုံစွာ ရောင်းချနိုင်ရန်နှင့် ပြည်သူများ ဖြောင့်တန်းစွာ လမ်း သွားလာနိုင်ရန် လုပ်ဆောင်မည် ဟု ယခုနှစ် သြဂုတ် ၁၃ ရက်က ၎င်း၏ကိုယ်ပိုင်အကောင့်မှ ရေး သားဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီအချိန်ကတည်း က မြို့တွင်းမြို့နယ်လေးခု (ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်)တို့ရှိ လမ်း ဘေးဈေးသည်များကို ဓာတ်ပုံရိုက် ၍ မှတ်ပုံတင်သည့် လုပ်ငန်းစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက လုပ်ဆောင်ခဲ့ သည်။

ညဈေးတန်းတွင် မီးနှင့် ရေ သွယ်တန်းခြင်း၊ လမ်းဘေးမီးတိုင် များထားရှိခြင်း၊ လုံခြုံရေးကင်မရာ များ တပ်ဆင်ခြင်း စသည်တို့အ တွက် ကျပ်သိန်းငါးထောင်ခန့် အ ကုန်အကျခံ တည်ဆောက်တပ် ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲ ဖက်အတွင်းရေးမှူး ဦးသန်းက 7Day News သတင်းစာအား ဖြေ ကြားသည်။

သို့ရာတွင် မြို့တွင်းမြို့နယ် လေးခု၌ လမ်းဘေးဈေးသည် ၆,၀၀၀ ကျော်ရှိပြီး ယခုကမ်းနား လမ်း ညဈေးနေရာတွင်မူ ဈေး သည် ၁,၆၀၀ ကျော်အတွက်သာ ကနဦး နေရာပေးခဲ့သည်။

ရန်ကုန်မြို့တွင် ညဈေးတန်း များ ဆက်လက်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်ရှိနေသော လမ်းဘေး ဈေးသည်များကို နေရာချထားမည်ဟုဆိုသည်။ ‘‘ဒုတိယညဈေးကို မြို့ထဲက ၅၂ လမ်းမှာ ဖွင့်မယ်။ ရန်ကုန်မြို့မှာ ညဈေးဖော်ဖို့ ခြောက်ခုလောက်လုပ်ဖို့ သတ်မှတ်ထားတယ်။ အဓိက နေရာသတ်မှတ်ဖို့ ခက်ခဲနေတာ။ ဒါ ကြောင့် အခု နေရာတွေ လိုက် ကြည့်နေရတယ်’’ဟု ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက 7Day News အား ပြောကြား သည်။


ရန်ကုန်မြို့လယ်တစ်နေရာရှိ လမ်းဘေးဈေးသည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-နစ်ကီ)

ကမ်းနားလမ်း ညဈေးဖွင့် လှစ်ပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သည် မြို့တွင်းမြို့နယ် လေးခုရှိ အဓိကလမ်းမကြီး ၁၀ ခုပေါ်၌ ဈေးရောင်းချခြင်းကို ဖယ်ရှားရှင်းလင်းမည်ဖြစ်ပြီး ညဈေးသို့ ပြောင်းရွှေ့ခွင့်မရရှိသည့် ဈေးသည် ၄,၀၀၀ ကျော်ကို သင့်လျော်ရာ အဆင်ပြေသော လမ်းများ အတွင်း ဝင်ရောက်ရောင်းချရန် အသိပေးကြေညာထားသည်။

ညဈေးတန်းသို့ ပြောင်းရွှေ့ ခွင့်မရသည့် ဈေးသည်များက လမ်းများအတွင်း ရောင်းချရန်မှာ မလွယ်ကူဘဲ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်ပြီး လမ်းများအတွင်း နေထိုင်သူများ နှင့် ပြဿနာတက်လာနိုင်ကြောင်း ပြောကြားသည်။

‘‘လမ်းထဲမှာ သွားရောင်းဖို့ ဆိုတာ အဆင်မပြေနိုင်ဘူး။ ရိုက်ပွဲတွေတောင် ဖြစ်လာနိုင်တယ်။ လမ်းတွေထဲမှာ ကားခဏရပ်တာ တောင် ရိုက်ပွဲတွေဖြစ်နေတာ။ ဒီ ပုံစံအတိုင်းဆို ပြဿနာတက်လာ လိမ့်မယ်’’ဟု အနော်ရထာလမ်းမ (လမ်း ၃၀ ထိပ်)တွင် ပိုက်ဆံအိတ် များရောင်းချသူ ကိုကျော်ကျော်က မှတ်ချက်ပြုသည်။

ရန်ကုန်မြို့လယ်ရှိ လမ်း ဘေးဈေးသည်များသည် လွန်ခဲ့ သည့် နှစ်ပေါင်းများစွာကတည်းက ရောင်းချလာခဲ့ပြီး စစ်အစိုးရလက်ထက်က စတင်ကာ ၂၀၁၂ မတိုင်မီအထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အား ဈေးကောက်ပေး၍ လမ်းမဘေးတွင် အခိုင်အမာနေရာယူခဲ့ခြင်းဖြစ်သည်။

ထို့အတွက် ဈေးရောင်းချသူ များမှာ ၎င်းတို့အနေဖြင့် စည်းကမ်းဥပဒေအတွင်းမှ ရိုးသားစွာ စီးပွား ရှာသည်ဟု မှတ်ယူပြီး ခေတ် အဆက်ဆက်တွင်လည်း လမ်း ဘေးဈေးသည်များကို စီမံချက် ကာလအတွင်းသာ ဖမ်းဆီးအရေး ယူမှုပြုလုပ်သဖြင့် လမ်းဘေးဈေး ရောင်းချခြင်းပြဿနာကို ဖြေရှင်း ရန်မှာ ဆေးမတိုးတော့သည့် နာ တာရှည်ရောဂါကဲ့သို့ ဖြစ်နေ သည်။

‘‘သူတို့ (စည်ပင်သာယာ)အနေနဲ့ ဈေးသည်တွေအားလုံးအ တွက် အကုန်အဆင်သင့်ဖြစ်ပြီဆို မှ ပြောင်းရွှေ့ဖို့ လုပ်သင့်တယ်။ အခုဟာက ပြောင်းရွှေ့ခွင့်ရတဲ့သူ ကရတယ်။ ကျန်ခဲ့တဲ့သူတွေ အ များကြီး။ ဒီလူတွေကို လမ်းမတွေ ပေါ်မှာ ရောင်းချခွင့်မပေးဘူး။ လမ်းတွေထဲ ၀င်ရောင်းဖို့ ပြော တယ်။ လမ်းထဲမှာလည်း ဈေး သည်တွေက ရှိပြီးသားရယ်။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး’’ဟု အနော်ရထာလမ်းနှင့် ၂၇ လမ်း ထိပ်တွင် ဖိနပ်နှင့် အ၀တ်အထည်များ ရောင်းချသည့် ဦးခင်မောင်အေးကပြောသည်။

အဖမ်းအဆီးရှိသည့် အချိန် များတွင် လမ်းဘေးဈေးသည်များ ၏ ဂုဏ်သိက္ခာအပွန်းအပဲ့ခံ၍ စိတ်ချလက်ချ မရောင်းချရသည့် အခြေအနေကို ညဈေးတန်းက ဖြေရှင်းပေးနိုင်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီ (၅) ဒေါ် သန်းမြင့်အောင်ကပြောသည်။

‘‘အခုအစိုးရသစ်လက်ထက် မှာတော့ ကျွန်မတို့က မြို့တော် စည်ပင်သာယာရေးအတွက် ကိုယ်ရဖို့တင်ပဲ ကိုယ်ကြည့်တာ မဟုတ်ပါဘူး။ တစ်ဖက်က ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ ပြည်သူလူထုဘက်ကလည်း ကြည့်ပါ တယ်’’ဟု ဒေါ်သန်းမြင့်အောင်က ညဈေးတန်းသည် ပြည်သူလူထု အား မျက်နှာမူကြောင်း ပြောကြား သည်။

ညဈေးတန်းမှာ ပြည်သူလူထုအကျိုးအတွက် ပြုလုပ်တည် ထောင်သည်ဆိုသော်လည်း ညဈေးတန်းတွင် ရောင်းချခွင့်မရရှိသေးသည့် ဈေးသည် ၄,၀၀၀ ကျော်အတွက် ရေရာတိကျသော ဖြေရှင်းချက်တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်းမရှိသေးသဖြင့် အစိုးရအဖွဲ့နှင့် စည်ပင်မှာ ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသည်။

‘‘လုပ်ပုံကိုင်ပုံသိပ်မပီပြင်ဘူး လို့ ပြောရမလား။ လုပ်မယ်ဆိုရင် လည်း ဈေးသည်ဟူသမျှ အားလုံး ထည့်ပေါ့။ အခုက သိပ်ပြီးစနစ် မကျဘူး။ လုပ်ဆောင်ချက်က ည ဈေးတန်းဖော်ပါတယ်ဆိုတဲ့ လူ ကြီးတွေ အလုပ်လုပ်ပါတယ်လို့ နာမည်ရအောင် လုပ်တဲ့သဘော မျိုး။ သိပ်တော့ မကြိုက်ဘူး’’ဟု ညဈေးတန်းသို့ ပြောင်းရွှေ့ရောင်းချခွင့်မရသည့် သစ်သီးရောင်းချသူ ဒေါ်မြသန်းကြည်ကပြောပါသည်။

ကမ်းနားလမ်း ညဈေးသို့ သစ်သီးရောင်းချသူများနှင့် အ စားအသောက် ရောင်းချသူများ အား ဦးစားပေးရွှေ့ပြောင်းခြင်းဖြစ်သော်လည်း ဒေါ်မြသန်းကြည်ကဲ့သို့ပင် မှတ်ပုံတင်သည့်အချိန်တွင် စည်ပင်က အချက်အလက်လာရောက်ကောက်ခံပြီး ပြောင်းရွှေ့ခွင့်မရသည့် ဈေးသည်များစွာ ကျန်ရှိနေသည်။

‘‘ဓာတ်ပုံရိုက် မှတ်ပုံတင်တဲ့ အထဲမှာပါတယ်။ ကမ်းနားလမ်း အတွက် နေရာမဲနှိုက်တော့ မပါ ဘူး။ မြို့နယ်စည်ပင်သာယာရုံး မေးကြည့်တော့လည်း မရေမရာ။ လမ်းကြားထဲ ၀င်ရောင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်ဘူး။ အစ်ကိုတို့က တစ်သက်လုံးဈေးပဲ ရောင်းစားလာတာ။ ဒီနေရာကဖယ်ရင် စားဝတ်နေရေး အကျပ်အတည်း ဖြစ်လာမှာ’’ဟု ဦးခင်မောင်အေးက ညည်းတွားသည်။

‘‘လမ်းမတွေက ရောင်းခွင့် မရှိကြောင်း ကြေညာထားပြီး သား။ သူတို့(ဈေးသည်များ)သိပြီ ပဲ။ သိပြီဆိုတော့ သူတို့အားထုတ် မှုနဲ့ ဘယ်နေရာပြောင်းရောင်းမလဲ ဆိုတာ စဉ်းစားဖို့လိုတယ်။ အရမ်း အခက်အခဲဖြစ်တယ်ဆိုရင် အစ်မ တို့ လွှတ်တော်ကိုယ်စားလှယ်ရုံး ကို လာပြောပါ။ အစ်မတို့ တတ် နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပေး နေပါတယ်။ မျက်နှာလွှဲခဲပစ်  မထားပါဘူး’’ဟု ကျောက်တံတား မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါ်ကြည်ပြာက ပြော ကြားသည်။

ကမ်းနားလမ်းသို့ ပြောင်း ရွှေ့ဈေးရောင်းချသူအများစုသည် လည်း လက်ရှိတွင် ညဈေးတန်း စဖွင့်သည့် ကာလဖြစ်နေ၍ ပြည် သူလူထုက စိတ်ဝင်စားကာ လာ ရောက် စားသောက်ကြသော ကြောင့် ရောင်းအားကောင်းပြီး အဆင်ပြေကြောင်း ပြောကြားသော်လည်း အချို့ဈေးသည်များ မှာမူ ယခင်နေရာကထက် ရောင်း အား ၁၀ ဆခန့်ပင် ကျဆင်းသွား ကြောင်း ပြောကြသည်။

‘‘အရင်နေရာတုန်းက တစ်ညကို တစ်သိန်းခွဲအနည်းဆုံးရောင်း ရတယ်။ အခုဒီနေရာမှာ ပထမဆုံး ညက တစ်သောင်းခွဲ၊ ဒုတိယည က သုံးသောင်းခွဲ၊ တတိယညက တစ်သောင်းကျော်ကျော်ဆိုတော့ တက်လိုက်၊ ကျလိုက်ပဲ။ ကျွန် တော်တို့အတွက် အဆင်မပြေဘူး။ လာရတာလည်း ဝေးတယ်’’ဟု ထမင်းကြော်ရောင်းချသည့် ကိုထွန်းထွန်းလင်းက ၎င်းရင်ဆိုင် နေရသည့် အခက်အခဲကို ပြော သည်။

ယခုညဈေးတန်းသည် ကမ်း နားလမ်းနှင့် အေးရှားဝေါလ်အ မြန်လမ်းတို့အကြား တည်ဆောက် ထား၍ လာရောက်စားသောက်သူ များနှင့် ဈေးသည်များ ကားလမ်း ကူးရာတွင် အဆင်ပြေစေရန် လူ ကူးမျဉ်းကျားများ ခပ်စိပ်စိပ်ပြု လုပ်ပေးထားရန် လိုအပ်ကြောင်း ဈေးသည်များက အကြံပြုသည်။

‘‘ပစ္စည်းတင်လာတဲ့ လှည်းနဲ့ ဆို ကားလမ်းကူးဖို့ အရမ်းအန္တ ရာယ်များတယ်။ လာစားတဲ့သူက လည်း လမ်းကူးပြီး လာစားဖို့ အ ခက်အခဲရှိမှာပဲ။ လူကူးမျဉ်းကျား တွေတော့ အများကြီးလုပ်ပေးဖို့ လိုအပ်တယ်’’ဟု ပဲအချိုရည် ရောင်းချသူ ဦးအောင်မြင့်စိန်က ၎င်း၏အမြင်ကိုပြောသည်။

ထို့အပြင် ကမ်းနားအမြန် လမ်းမှ မောင်းနှင်နေသော ကွန် တိန်နာကားကြီးများ၊ လူစီးကား များ အရှိန်မထိန်းနိုင်ဘဲ ဈေးဆိုင် များအား ၀င်တိုက်မည်ကို စိုးရိမ် ကြောင်း ဈေးသည်အမျိုးသမီး တစ်ဦးက မှတ်ချက်ပြုသည်။

ညဈေးတန်း ပေါ်ထွန်းလာ ခြင်းသည် မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်သော လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ဈေးသည်အားလုံးပါဝင် သည့် ဈေးအဖြစ် စနစ်ကျနစွာတည်ဆောက်ပေးရန် အရေးကြီး ကြောင်း မြို့ပြပညာရှင် ဦးစော ဌေးဇော်က အကြံပြုသည်။

လမ်းဘေးဈေးသည်များကို စနစ်တကျ ဈေးရောင်းချနိုင်ရေး စီမံပေးရန် တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က နိုဝင်ဘာ ၄ ရက်တွင် အတည်ပြုခဲ့သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ သည် ယင်းအဆိုကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင် ရွက်ပေးရန် တာဝန်ရှိနေသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ တာဝန်ရှိသူများကလည်း မြို့တွင်းရှိ လမ်း ဘေးဈေးသည်များ စနစ်တကျ ရောင်းချနိုင်သည့် ညဈေးတန်း များ ဆက်လက်လုပ်ဆောင်သွား မည်ဟု ကတိပြုထားပြီး ဈေးသည် များ၏ အခက်အခဲများကို တတ်နိုင်သမျှ ပြေလည်အောင် ဖြေရှင်း မည်ဟုဆိုထားသည်။

လက်ရှိတွင် ညဈေးတန်းကို ရေ၊ မီး၊ လုံခြုံရေးကင်မရာ၊ ရွှေ့ ပြောင်း ရေအိမ်သာတို့သာမက ဈေးသိမ်းချိန် ည ၁၁ နာရီ နောက် ပိုင်းတွင် အမှိုက်သိမ်းကား စသ ဖြင့် စီစဉ်ထား၍ ဈေးသည်များ အတွက်သာမက ပြည်သူလူထုအတွက်လည်း အဆင်ပြေကာ ရန်ကုန်မြို့၏ ပထမဆုံး ညဈေးတန်း အောင်မြင်နိုင်မည်ဟု ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင် ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၏ လူဦးရေအ များဆုံး နေထိုင်ရာ စီးပွားရေးမြို့ တော် ရန်ကုန်တွင် အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီ (YCDC)တို့ ဖြေရှင်းရန် ပုစ္ဆာများ စွာရှိနေချိန်၌ ညဈေးတန်းဖွင့်လှစ် ၍ ဖြေရှင်းခြင်း ပဏာမခြေလှမ်း မှာ ပြည်သူလူထုအကျိုးအတွက် မည်မျှထိရောက်မှု ရှိမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

သို့သော် ညဈေးတန်းတွင် ဈေးရောင်းချသူများကိုယ်တိုင်က လက်ရှိကမ်းနားလမ်း၌ အဆင် ပြေပြေ မရောင်းချရပါက ၎င်းတို့ မူလရောင်းချရာနေရာများသို့ ပြန် သွားရန် အသင့်ရှိကြောင်း ပြော ကြားသည်။   ထက်အာကာကျော်   

No comments:

Post a Comment