Tuesday, November 29, 2016

ကျောင်းသားထု ညီလာခံဖြစ်မြောက်ရေး အစည်းအဝေးမှ လှည့်ပြန်လာ သည့်အကြောင်း ရတနာပုံ တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၅ ခုမှ သတင်းစာရှင်း

ဗကသများအဖွဲ့ချုပ်မှ ဦးစီးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု ညီလာခံဖြစ်မြောက်ရေး အကြို အစည်းအဝေး ပွဲအား ကန့်ကွက်ပြီး လှည့်ပြန်လာသည့် ကိစ္စနှင့် ပတ်သက်ပြီး ရတနာပုံ တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၅ ခုမှ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲအား နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီခန့် က မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရှိ ရတနာပုံ တက္ကသိုလ် ကျောင်း သားသမဂ္ဂ အသင်းရုံးခန်းတွင် သတင်းစာရှင်းလင်းကြောင်း သိရသည်။ ရတနာပုံတက္ကသိုလ် အနေဖြင့် အကြိုအစည်းအဝေးပွဲသို့ ဆွေးနွေးပွဲ တက်ရောက်လာသူများသည့် တက္ကသိုလ် အခြေခံသမဂ္ဂများမှ ရွေးချယ် ထားသည့် ကိုယ်စားလှယ်များ ဖြစ်ရဖြစ်ကြောင်း၊ အလုပ်အမှုဆောင် အဖွဲ့များဖွဲ့စည်းရာတွင် အခြေခံသမဂ္ဂများ စေလွှတ်သည့် ကိုယ်စား လှယ်များဖြင့် သာ ဖွဲ့စည်းရမည်ဆိုသည့် မူနှစ်ချက်ကို အခြေခံကာ တက်ရောက်ခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း အကြိုအစည်း အဝေးပွဲသည် ၄င်းတို့မူဖြင့် မကိုက်ညီသဖြင့် ညှိနှိုင်းရာ အဆင့်မပြေ သည့်အတွက် အစည်းအဝေး ပထမရက် ဖြစ်သည့် နိုဝင်ဘာ ၂၇ ရက် အစည်းအဝေးကို ကန့်ကွက်ပြီး လှည့်ပြန်လာခဲ့ကြောင်း ဆိုသည်။


ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုကျော်သီဟရဲကျော်က “အဲံ့ဒီမူနှစ်ချက်နဲ့ သွားဆွေးနွေးတော့ ဟိုရောက်တော့ ကျွန်တော်တို့ ချမှတ်ထား တဲ့ မူနဲ့ မကိုက်ညီဘူး။ မကိုက်ညီတဲ့အတွက် ဆွေးနွေးတဲ့ ပထမနေ့မှာတင် ကန့်ကွက်ပြီးတော့ ဆက်လက် မဆွေးနွေးဘဲ လှည့်ပြန်ခဲ့တာဖြစ်တယ်။ ပြန်ခဲ့တဲ့ကျောင်းတွေံက ၁၅ ကျောင်းပြန် ခဲ့တာ ဖြစ်တယ်။ သတင်းစာ ရှင်းလင်းပွဲလုပ်တာကတော့ ရတနာပုံ တက္ကသိုလ်ရယ်။ ကလေးတက္ကသိုလ်ရယ်။ မုံရွာတက္ကသိုလ်၊ ဗန်းမော် နည်းပညာ တက္ကသိုလ်ရယ်။ မန္တလာကောလိပ်က ကျောင်းသား ကိုယ်စားလှယ်တွေ ပေါင်းပြီး သတင်းစာ ရှင်းလင်းတာဖြစ် တယ်”ဟု ပြောသည်။
အစည်းအဝေး ကျင်းပသည့် အဖွဲ့မှ ထုတ်ပြန်ရာတွင် အစည်းအဝေး ကန့်ကွက်သည့် ကျောင်းများအား အဆုံးထိ ညှိနှိုင်းကြောင်း၊ ညှိနှိုင်းလို့မရသည့်နောက် လှည့်ပြန်သွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည့် အချက်သည် မှားယွင်းသည့်အတွက် သတင်းစာ ရှင်းလင်းခြင်းဖြစ်ကြောင်း ကိုကျော်သီဟရဲကျော်က ဆက်လက်ပြောသည်။
ယင်းက “အဲ့ဒီ ၂၇ ရက်နေ့ ညနေပိုင်းမှာ သူတို့ကြေညာတာ က နောက်ဆုံးအချိန်အထိ ညှိနှိုင်းခဲ့တယ်။ ကျွန်တော်တို့ လိုချင်တဲ့အတိုင်း ညှိနှိုင်းခဲ့တယ်လို ထုတ်ပြန်ထားတယ်။ အဲ့လိုပုံစံမျိုးနဲ့ ညှိနှိုင်းပွဲက အထ မမြောက်ဘူး ထုတ်ပြန်ခဲ့တယ်။ အမှန်က သေချာညှိနှိုင်းတာ မဟုတ်ဘူး။ တကယ်က လက်ဖက်ရည်ဆိုင်မှာ အလွတ်သဘောမျိုး ဆွေးနွေးခဲ့တဲ့ပုံစံပဲ ရှိတယ်။ ကျွန်တော်တို့ စကားပြောလို့ မပြီးခင်မှာပဲ ကျွန်တော် တို့ တောင်းဆိုတယ်ဆိုပြီး ထုတ်ပြန်ခဲ့တယ် ဘယ်ကျောင်းမှ ညှိနှိုင်းတာ အဆင်မပြေခဲ့ဘူး။ အဲ့ဒါကိုရှင်းတာ ဖြစ်တယ်”ဟု ပြောသည်။
ဆက်လက်ပြီး လက်ရှိ အစည်းအဝေးသည် အကြိုညှိနှိုင်း သည့် ဆွေးနွေးပွဲသာ ဖြစ်ကြောင်း ၄င်းတို့အနေဖြင့် ဗကသ ၏ အသက်သွေးကြော ဖြစ်သည့် အခြေခံသမဂ္ဂ လုပ်ငန်းစဉ်များ အတိုင်း ကျောင်းသား သမဂ္ဂလုပ်ငန်းစဉ် များအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။

No comments:

Post a Comment