Monday, November 28, 2016

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တရားမ၀င် လှေအစင်း ၆၀ ဖမ်းမိရာတွင် မူးယစ်ဆေးဝါးသယ် လှေများပါဝင်ပြီး ကျပ် ၂,၂၄၄,၈၇၀,၀၀၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တရားမ၀င်လှေအစင်း ၆၀ ဖမ်းဆီးရမိရာတွင် မူးယစ်ဆေးဝါး သယ်လှေများ ပါဝင်ပြီး ကျပ် ၂,၂၄၄,၈၇၀,၀၀၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ်က မြန်မာ့ပင်လယ်ပြင်၌ ခိုးဝင်၍ ငါးဖမ်းဆီးခြင်း၊ ငါးဝယ်ခြင်းတို့ကို လုပ်ဆောင်နေသော ဘင်္ဂလားဒေ့ရှ် စက်လှေများကို တားဆီးပေးရန် အစီအစဉ် ရှိ မရှိနှင့် လွန်ခဲ့သော နှစ် ၂၀ အတွင်း ဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသားတို့၏ တစ်ပိုင်တစ်နိုင် ရေလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာရေးကို ကူညီထူထောင်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းသည်။




ဥပဒေနှင့် မကိုက်ညီသည့် တရားမ၀င်လှေများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် သြဂုတ်အထိ ဓည၀တီ ရေတပ်စခန်းဌာနချုပ် စစ်ဆင်ရေး ရေပြင်အတွင်း သစ်ခိုးလှေ ၁၇ စင်း၊ ကျွဲနွားမှောင်ခိုလှေ ၁၆ စင်း၊ မူးယစ်ဆေးဝါးသယ်လှေ ၁၂ စင်း၊ တရားမ၀င်ကုန်တင်လှေ ခြောက်စင်း၊ လူမှောင်ခိုလှေ ခြောက်စင်း၊ တရားမ၀င်နိုင်ငံခြား ငါးဖမ်းလှေ သုံးစင်း၊ စုစုပေါင်း အစင်း ၆၀ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကာလတန်ဖိုးအားဖြင့် ကျပ် ၂,၂၄၄,၈၇၀,၀၀၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူခဲ့ကြောင်း ဒေါက်တာအောင်သူက ပြောကြားသည်။

ထို့ပြင် တရားဝင် ငါးဖမ်းလိုင်စင်ရယူပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ပြည်တွင်း/ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များ သတ်မှတ် စည်းကမ်းဖောက်ဖျက်သည့်အတွက် အရေးယူမှုများ ရှိခဲ့ကြောင်း၊ ၂၀၁၄ -၂၀၁၅ ခုနှစ်တွင် ပြည်တွင်း ငါးဖမ်းရေယာဉ် ၂၆ စင်းမှ ဒဏ်ကြေးငွေကျပ်သိန်း ၇၂၀၊ နိုင်ငံခြားငါးဖမ်းရေယာဉ် သုံးစင်းမှ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၂၁၀၀၀၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်တွင်းငါးဖမ်းရေယာဉ် နှစ်စင်းမှ ဒဏ်ကြေး ငွေကျပ်သိန်း ၆၀၊၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပြည်တွင်းငါးဖမ်းရေယာဉ် ခြောက်စင်းမှ ဒဏ်ကြေးငွေ ကျပ် သိန်း ၁၈၀ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

No comments:

Post a Comment