Saturday, November 19, 2016

နိုဝင်ဘာလကုန်ပိုင်းတွင် မြို့ကြီးသုံးမြို့၏ မြို့ပြစီမံကိန်း ၂၀၄၀ ကို ထုတ်ပြန်သွားမည်ဟုဆို

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပူးပေါင်း ရေးဆွဲထား သည့် မြန်မာနိုင်ငံရှိ မြို့ကြီး သုံးမြို့၏ မဟာဗျုဟာ မြို့ပြဖွံဖြိုးတိုးတက်မှု စီမံကိန်း ၂၀၄၀ ကို နိုဝင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါမြို့ကြီး သုံးမြိုမှာ မန္တလေး၊ ပုသိမ်၊ မော်လမြိုင် တို့ဖြစ်သည်။ ဆောက် လုပ်ရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ်ကတည်းက အဆိုပါမြိုကြီးများ ဖွံဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာ မြို့ပြဖွံဖြိုးတိုးတက်မှု စီမံကိန်း ၂၀၄၀ ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေးဆွဲခဲ့သည့် စီမံကိန်း ကို အခြေခံကာ ယခုနှစ်တွင် JICA နှင့် ပူးပေါင်းကာ အသစ်ပြန်လည်ရေး ဆွဲခဲ့ခြင်း ဖြစ်ကြောင်း ယင်းကဆိုသည်။

စီမံကိန်း အကောင်အထည်ဖော်ရာတွင် မန္တလေးမြို့ကို မဟာဗျူဟာ စီမံကိန်း ဆောင်ရွက်ရာ၌ မြို့ပြအမွေအနှစ် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း စီးပွားရေးမြို့တော် တစ်ခုအဖြစ် ဆောင်ရွက်ရမည်ဖြစ် သည်။ မော်လမြိုင်မြို့ အား အာဆီယံ တံခါးပေါက်မြို့တော် အဖြစ်နှင့် ပုသိမ်မြို့ကို ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဒေသ၏ ဗဟိုမြို့တော်အဖြစ် ဖော်ဆောင်သွားရန် ရည်မှန်း ထားကြောင်း သိရသည်။
စီမံကိန်းရေးဆွဲပြီးစီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရသို့ လွဲပြောင်းပေးသွားမည် ဖြစ်သည်။ လွဲပြောင်းပေးပြီးသည့်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက မဟာဗျူဟာ လမ်းညွန်ချက်အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ၂၀၄၀ ခုနှစ်ပြည့်သည်အထိ သတ်မှတ်ထားသည့် မြို့ကြီး သုံးမြို့တွင် နှစ်ရှည် လုပ်ဆောင်သွားမည် ဖြစ်သည်။
လက်ရှိတွင် အဆိုပါမြို့ သုံးမြို့အတွက် မဟာဗျူဟာ စီမံကိန်းကို ပြန်လည် သုံးသပ်ခြင်း နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ယခုလကုန်အတွင်း အပြီးသတ် စီမံကိန်းအစီစဉ် ထွက်ပေါ်လာမည် ဖြစ်သည်။ စီမံကိန်းထွက်ရှိလာသည့်နှင့် စီမံကိန်းအကြောင်း အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

No comments:

Post a Comment