Thursday, November 17, 2016

သေနတ်တစ်လက် ၊ ကြိုးတစ်ချောင်းနှင့်လက်သန်းများ၏ရာဇဝင်

ရှားရှားပါးပါး တန်ဆောင်မုန်းလပြည့်နေ့က တနင်္လာနေ့နှင့်ကြုံသဖြင့် တနင်္ဂနွေ၊ တနင်္လာ ရုံးပိတ်ရက် နှစ်ရက် ဖြစ်သွားသည်။ တနင်္ဂနွေနေ့ကတော့ ဝယ်ထားပြီး မဖတ်ဖြစ်ခဲ့သော ကြည်ဝင်းစိန်၏ ''ကျွန်တော်နှင့်ဗိုလ်ချုပ်များ''ဆိုသည့် စာအုပ်ကို ဖတ်ဖြစ်ခဲ့ သည်။ အမှန်က စာရေးသူ ကြည်ဝင်းစိန်သည် ထိုစာအုပ်ကို ME AND THE GENERALS ဟူ၍ တစ်အုပ်လုံး အစအဆုံး အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး မာလိန်မှူး တင် ထူးစိန်က မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။ စာရေးသူ ကြည်ဝင်းစိန်သည် တော်လှန် ရေးကောင်စီလက်ထက်မှစ၍ လက်ပွန်းတတီး အတူနေထိုင် လုပ်ကိုင်ခဲ့သော ဗိုလ်ချုပ်များ ပါဝင်သည့် သူ့ဘဝတစ်စိတ်တစ်ဒေသကို ရေးသားထားခြင်းဖြစ်သည်။ ထိုစာအုပ်တွင် တစ်ချိန် က နိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ခဲ့ဖူးသည့် ဗိုလ်ချုပ်များ၏ စိတ်နေသဘောထားနှင့် မဖတ် ဖူး မသိခဲ့ရဖူးသော တိုင်းပြည်၏ အတွင်းရေးများလည်း ပါဝင်သဖြင့် စိတ်ဝင်စားစရာ စာအုပ် တစ်အုပ် ဖြစ်သည်။ နိုင်ငံရေးသုတေသီများအတွက် ကွက်လပ်ဖြည့်ပေးနိုင်မည့် စာအုပ်တစ် အုပ်လည်း ဖြစ်ပါသည်။



တနင်္လာနေ့တွင်တော့ မဖတ်ဖြစ်သေးသည့် ဂျာနယ်၊ သတင်းစာများကို ဖတ်ဖြစ်ခဲ့ပါသည်။ ယခုရက်ပိုင်းသည် နိုင်ငံတကာရော ပြည်တွင်းမှာပါ စိတ်ဝင်စားစရာ အကြောင်းခြင်းရာ အဖြစ် အပျက်များက နေရာယူထားသည်ဖြစ်၍ စာမျက်နှာတိုင်းက ဖတ်စရာတွေချည်းပဲ ဖြစ်ခဲ့သည်။ ထိုဖတ်စရာ ဆောင်းပါးတွေ၊ သတင်းတွေကြားထဲတွင် မိမိအာရုံကို ဖမ်းစားခဲ့သော သတင်း တစ်ပုဒ်နှင့် စာတစ်ပုဒ်လည်း ပါဝင်ခဲ့ပါသည်။ စာတစ်ပုဒ်က ဝါရင့်ကလောင်ပိုင်ရှင် နာမည်ကြီး စာရေးဆရာတစ်ဦးရေးသားသည့် ''သေနတ်တစ်လက်လောက်လိုချင်တယ်''ဟူသော အတွေး အမြင် စာတစ်ပုဒ်ဖြစ်သည်။ ထိုစာထဲတွင် စာရေးသူက ''သင်ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူတစ်ဦး ဖြစ်တယ်ဆိုရင် နောက်သုံးရက်ကျော်ကြာလျှင် သင်ဟာ အသက်ရှင်လျက် ရှိနေလိမ့်ဦးမယ်လို့ ကံသေကံမ ပြောမရတဲ့သူတစ်ယောက် ဖြစ်နေပါပြီ''ဟု စဖွင့်ထားသည်။

ပြီးသည့်နောက် ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တို ဘာလအတွင်း လူသတ်မှု ၁၃ဝ ကျော် ဖြစ် ပွားခဲ့ကြောင်း၊ ထိုနှုန်းအရ သုံးရက်တွင် လူ တစ်ယောက်နှုန်းဖြင့် အသတ်ခံနေရကြောင်း၊ ထိုဆယ်လအတွင်းမှာပင် ရန်ကုန်တိုင်းဒေသ ကြီးတွင် မုဒိမ်းမှုပေါင်း ၁၇၉ မှု ဖြစ်ပွားခဲ့ပြီး၊ နှစ်ရက်တွင် မိန်းကလေးတစ်ယောက်ကျ မုဒိမ်းကျင့်ခံနေရကြောင်း၊ ထိုကြားထဲကမှ အနုကြမ်းစီးမှု၊ လုယက်ခံရမှု၊ အုပ်စုဖွဲ့ အကြမ်း ဖက်ခံရမှုများလည်း ရှိကြောင်းများ ရေးထားသည်။ ထို့နောက် ရန်ကုန်မြို့တွင် ကြုံတွေ့နေရ သည့် ပြဿနာအခက်အခဲများကို ရေးထားပြီးနောက် NLD ၏ ရွေးကောက်ပွဲကြေညာစာတမ်း မှ စာပိုဒ်တချို့၊ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှ ပြောစကားတချို့ကို ကောက်နုတ် ရေးထားသည်။ အဆုံး၌ ပြည်သူက တာဝန်ပေးထားသော အစိုးရအနေဖြင့် တာဝန်ကျေအောင် လုပ်ရမည်ဖြစ်၍ ပြည်သူတွေရဲ့ လုံခြုံမှုကို လောလောဆယ် အစိုးရက တာဝန်မယူနိုင်သေးဘူး ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လူတစ်ယောက်ကို သေနတ်တစ်လက်စီလောက် အစိုးရက ဝေငှပေးဖို့ လိုအပ်ပါတယ်ဟု ရေးထားသည်။

နောက်ဖတ်ရသည့် သတင်းတစ်ပုဒ်က ''တစ်ရက်လျှင် ၂၅ဝဝ ကျပ် အိမ်စရိတ် ပုံမှန်မပေး နိုင်သဖြင့် ကလေးငါးဦး၏ဖခင် အနှေးယာဉ်လုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး''သည့် သတင်း ဖြစ်သည်။ ထိုအမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့ သော အမှုဖြစ်သည်။ ဆင်းရဲမွဲတေမှု၏ ဇာတ်သိမ်းမလှသော ပြဇာတ်တွေကို မိမိတို့ မကြည့်ချင် မြင်လျက်သား ဖြစ်ဖြစ်နေသည်။ ဒီဇာတ်လမ်းတွေ၊ ဒီအဖြစ်အပျက်တွေ ရပ်တမ်းက ရပ်စေချင် ပါပြီ။

အသက် ၈၂ နှစ်ကျော်ပြီဖြစ်သော နိုင်ငံရေး ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးဖြစ်သည့် စာရေး သူ (ဦး)ကြည်ဝင်းစိန်ကတော့ သူ၏ ''ကျွန်တော်နှင့်ဗိုလ်ချုပ်များ''စာအုပ်အဆုံးတွင် ''NLD က ရွေးကောက်ပွဲဝင် ဆောင်ပုဒ်အတိုင်း ပြည်သူလူထုတစ်ရပ်လုံးကို အဘက်ဘက်မှ ပြောင်းလဲရေး အတွက် ဖော်ဆောင်မည်ဟု ကတိပေးထားသည့်အတိုင်း NLD ကို ပုံအောလိုက်ပေပြီ။ လွတ် လပ်ရေးရပြီး နှစ်ပေါင်း ၇ဝ နီးပါး မရရှိခဲ့သည့် ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ပြည်သူအများ ဆင်းရဲတွင်းထဲကလွတ်ပြီး ထမင်းဝဝစားနိုင်သည့် အဖြစ်မျိုး ရရှိလိုကြပြီ ဖြစ်ပါသည်။ အခြားနိုင်ငံမှ ပြည်သူတို့ကဲ့သို့ ကျွန်တော်တို့ မြန်မာနိုင်ငံသားအပေါင်း အခွင့်အရေး အပြည့် ခံစား စံစားလိုသောစိတ်က ပြင်းပြဆဲ ဖြစ်ပါသည်။ ကျွန်တော်၏ နောက်ဆုံးနေ့ရက်များ မကုန်ဆုံးမီ မြန်မာနိုင်ငံမှ အနိဋ္ဌာရုံ မကောင်းသတင်းများ မကြားရဘဲ၊ ဣဋ္ဌာရုံ သတင်းကောင်း များသာ ကြားရပြီး ပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဒီမို ကရေစီ အသီးအပွင့်များ ခံစားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်''ဟု ¤င်း၏ ဆန္ဒမွန်ကို ရေးသားထားသည်။ တရားဥပဒေစိုးမိုးရေး အပါအဝင် ထိုဆုသာ အမှန်တကယ် ပြည့်မည်ဆိုပါက ပြည်သူတွေအတွက် သေနတ်တစ်လက် ၊ ကြိုးတစ်ချောင်းလည်း လိုအပ်တော့ မည် မဟုတ်ဘဲ တခဲနက် မဲပေးခဲ့ကြသည့် လက်သန်းများ၏ ရာဇဝင်လည်း လှပလာလိမ့်မည်ဟု မမှိတ်မသုန် ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပေသည်။          

No comments:

Post a Comment