Friday, November 18, 2016

ဗိုလ်အောင်ဒင်၊ ၆၆(ဃ)နှင့် ဖိနပ်ပေါက်သူများ

(၁) ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ စစ် ကိုင်းတိုင်းအထက်ပိုင်းကို ခရီး တွေ ထွက်နေဖြစ်တာမို့ ခေတ်နဲ့ အဆက်ပြတ်သွားတယ်လို့တောင် ဆိုရမလားပါပဲ။ ဘာဖြစ်လို့လဲဆို တော့ ရပ်ထဲရွာထဲသာမကဘဲ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ မှာပါ ဟိုးလေးတကျော် နာမည် ကြီးနေတဲ့ အဆိုတော် မနောရဲ့ ‘ဗိုလ်အောင်ဒင်’သီချင်းကို အ တော်လေး နောက်ကျပြီးမှ နား ထောင်မိလို့ပါပဲ။ ကြိုက်သူ၊ မကြိုက်သူ လွတ်လွတ်လပ်လပ် သဘောထားကွဲလွဲကြပေမယ့် ဗိုလ်အောင်ဒင်ကတော့ အတော့် ကို အောင်မြင်တယ်လို့ပဲ ပြောရ မှာပါ။ သီချင်းထဲက ‘ကွမ်းတစ် ယာ၊ ရေတစ်မှုတ်နဲ့ ကောင်မလေးကို ငါ့ဆီထားခဲ့’ဆိုတဲ့ စာသားကို နားထောင်ရင်း ပါရှန်းကဗျာဆရာ ကြီး အိုမာခရမ်ရဲ့ ‘‘ပေါင်မုန့်တစ် ယှက်၊ ဝိုင်တစ်ခွက်နဲ့ ချစ်သူသာ ရှိရင် ငါအသက်ရှင်နိုင်ပါရဲ့ (A Jug of Wine, a Loaf of Bread- and Thou.. Just enough to keep me alive)ဆိုတဲ့ စကားကို မြန်မာမှုပြုထားလေသလားလို့ တောင် ထင်ယောင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုလ်အောင်ဒင်ဟာ ကိုရီးယားက PSY ရဲ့ ဂန်းနမ်း စတိုင် (Gangnam Style)လို ပေါက်သွားနိုင်တဲ့ သီချင်းမျိုးလို့ပဲ ဆိုရမှာပါ။



နိုဝင်ဘာလမို့ ၂၀၁၅ ရွေး ကောက်ပွဲနှစ်ပတ်လည်လည်းဖြစ် နေပြန်၊ ဗိုလ်အောင်ဒင်သီချင်း လည်း ကြားရပြန်တာကြောင့် မနှစ်က ရွေးကောက်ပွဲ မဲဆွယ်ကာလ မှာ ကိုယ်စားလှယ်လောင်းတစ်ဦး ပြောတဲ့ စကားကိုလည်း ကြား ယောင်မိပါတယ်။ ပြည်ခိုင်ဖြိုး ပါတီနဲ့ ဒီချုပ်ပါတီ နှစ်ပါတီမှာ ဘယ်ပါတီကို မဲထည့်ရမလဲစဉ်း စားချင့်ချိန်နေကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေကို အဲဒီကိုယ်စား လှယ်မင်းက ‘‘မမြဝင်းရယ် လှေနံ နှစ်ဖက် နင်းမနေပါနဲ့။ ကိုအောင် ဒင်ဘက်ကိုသာ ရဲရဲကြီးနင်းလိုက် စမ်းပါ’’ ဆိုတဲ့ တစ်ခေတ်တစ်ခါ က ဓာတ်ရှင်မင်းသားကြီး ခင်မောင်ရင်ရဲ့ ဗိုလ်အောင်ဒင် လေသံမျိုးနဲ့ပါ။

(၂)

လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဆွေးနွေးငြင်းခုံမှုအများ ဆုံးကတော့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ပဲ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ပထမအကြိမ် ပြည် ထောင်စုလွှတ်တော်က အတည် ပြုပြဋ္ဌာန်းခဲ့တဲ့ အဲဒီဥပဒေရဲ့ ပုဒ်မ ၆၆ မှာ ‘‘မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမယ်လို့’’ ဖော်ပြ ထားပြီး အဲဒီပုဒ်မရဲ့ ပုဒ်မခွဲ (ဃ)ကတော့ ‘‘ဆက်သွယ်ရေးကွန် ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးအား ခြောက်လှန့်တောင်း ယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက် ခြင်း၊ မလျော်ဩဇာသုံးခြင်း (သို့ မဟုတ်) ခြိမ်းခြောက်ခြင်း’’လို့ ဖော် ပြထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ကြည့်မယ်ဆိုရင် ဆက်သွယ်ရေး ကွန်ရက်တွေ ထွန်းကားလာတဲ့ ဒီ နေ့ခေတ်မှာ အဲဒီဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးချပြီးသူ တစ်ထူးရဲ့ အကျိုးကို ပျက်စီးစေဖို့ မဆောင်ရွက်နိုင်အောင် ရည်ရွယ် ပြဋ္ဌာန်းထားတာကို တွေ့ရနိုင်ပါ တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အတွေ့အ ကြုံတွေအရ ဒီဥပဒေပြဋ္ဌာန်းချက် ဟာ အမှန်တကယ် ဆက်သွယ် ရေးကွန်ရက်ကို အသုံးပြုပြီး သူ တစ်ပါးကို နစ်နာစေချင်သူတွေကို တားဆီးကာကွယ်ဖို့ထက် အာ ဏာပိုင်အဖွဲ့အစည်းတွေကို ဝေ ဖန်ပြောဆိုသူတွေကို ဖိနှိမ်နှိပ် ကွပ်ဖို့ အသုံးချသွားတာတွေရှိတာ ကြောင့် ပြည်သူအများရဲ့ အမြင် မှာ မကြည်လင် မလေးစားတဲ့ ဥပဒေပုဒ်မတစ်ခုဖြစ်ခဲ့ရပါတယ်။

ဒီမိုကရေစီစနစ်မှာ အုပ်ချုပ် ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြု ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ကို တည့် တည့်မတ်မတ်ထားရှိပြီး တိုင်း ပြည်ကို မောင်းနှင်ရပါတယ်။ အဲ ဒီမဏ္ဍိုင်သုံးရပ်ဟာ တစ်ခုနဲ့တစ် ခု လွှမ်းမိုးမှု လုံးဝကင်းလွတ်ပြီး အချင်းချင်းလေးစားစွာနဲ့ ထိန်း ကျောင်းကြမှသာလျှင် တိုင်းပြည် ဟာ ဒီမိုကရေစီအနှစ်သာရနဲ့ ပြည့်ဝနိုင်ပါတယ်။

လတ်တလော ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ပတ် သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ကို ပြန်လည်သုံးသပ်ကြည့်ရင် တော့ အများစုက ဥပဒေရဲ့ အား နည်းချက်ကို ဝေဖန်ဖို့ထက် လက် ရှိတည်ဆဲဥပဒေကို အသုံးမပြုဖို့ တိုက်တွန်းရေးသားချက်တွေကို တွေ့ရှိရတာပါပဲ။ ရာနှုန်းပြည့် ပြည့်စုံကောင်းမွန်တဲ့ ဥပဒေဆို တာမရှိနိုင်ပေမယ့် လူ့လောကကို တစ်ဖက်စောင်းနင်းမဖြစ်အောင် ထိန်းကျောင်း နိုင်တယ်ဆိုရင် တော့ တည်ဆဲဥပဒေတွေကိုတော့ လိုက်နာရမှာဖြစ်ပြီး မမျှတဘူးလို့ အများက လက်ခံတဲ့ဥပဒေတွေကို တော့ မျှတမှုရှိလာအောင် မိမိတို့ ရွေးချယ်တင်မြှောက်ထားတဲ့ ဥပ ဒေပြုလွှတ်တော်ကိုယ်စားလှယ် တွေကတစ်ဆင့် ပြင်ဆင်လုပ် ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ မဏ္ဍိုင်သုံးရပ်ရဲ့ အနှစ်သာရတွေ ထဲက တစ်ခုဖြစ်ပါတယ်။ မတရားဘူးလို့ မိမိတို့ယူဆတဲ့ ဥပဒေကို ပြင်ဆင်ဖို့ထက် အဲဒီဥပဒေကို မသုံးပါနဲ့လို့ ဖိအားပေးပြောဆို လာရင် တရားဥပဒေစိုးမိုးရေးကို ဘယ်လိုအကောင်အထည်ဖော် မလဲဆိုတဲ့ မေးခွန်းက ဆက်ပြီး စဉ်းစားစရာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရအ နေနဲ့ တရားဥပဒေစိုးမိုးရေးကို အ ကောင်အထည်ဖော်ရာမှာ တရား စီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကို သိသာထင်ရှားတဲ့ ပိုင်း ခြားမှုပြုလုပ်ခြင်းက စတင်တယ် လို့ ယူဆပါတယ်။ တိုင်တန်းချက် တစ်ခုအပေါ် ဘယ်ပုဒ်မနဲ့ အမှုဖွင့် မယ်ဆိုတာ ရဲရဲ့လုပ်ငန်းဖြစ်ပြီး ဘယ်ပုဒ်မအရ စွဲချက်တင်ထိုက် တယ်။ ဘယ်ပုဒ်မနဲ့တော့ စွဲချက် မတင်ထိုက်ဘူးဆိုတာ တရားရုံး ရဲ့ အလုပ်ဖြစ်ပါတယ်။ တရားစွဲ တဲ့သူရဲ့ အလုပ်မဟုတ်သလို တခြားသူတွေရဲ့ အလုပ်လည်း မဟုတ်ပါဘူး။ ဒီလိုပဲ ရဲကဖွင့်ထား တဲ့ အမှု၊ တရားရုံးကတင်ထားတဲ့ စွဲချက်အပေါ် အစိုးရက ဒီပုဒ်မ မလုပ်နဲ့တော့၊ ဟိုပုဒ်မပြောင်း တပ်လို့ အစိုးရက ပြောလာရင် လည်း အဲဒီအစိုးရဟာ ဒီမိုကရေစီ အစိုးရမဟုတ်ဘဲ အာဏာရှင် အစိုးရသာ ဖြစ်ပါလိမ့်မယ်။ အစိုး ရကို အဲဒီလိုလုပ်ဖို့ လူ့အဖွဲ့အ စည်းတစ်ခုလုံးက တွန်းအားပေး မယ်ဆိုရင်လည်း အဲဒီလူ့အဖွဲ့အ စည်းဟာ ဒီမိုကရေစီစံနှုန်းတွေကို မလေးစားတဲ့ လူ့အဖွဲ့အစည်းဖြစ် ပါလိမ့်မယ်။ စီရင်ချက်ကို အ ထက်ပုဂ္ဂိုလ်တွေက အပို့မလွှတ် သေးလို့ တရားသူကြီးရော၊ တရားလို၊ တရားခံပါ ထိုင်စောင့်နေရတဲ့ တရားခွင်မျိုးနဲ့သာ ထိုက်တန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးကို တွန်းပို့ တဲ့ သတင်းမီဒီယာဆိုရင်လည်း စတုတ္ထမဏ္ဍိုင်မဟုတ်ဘဲ ဗရုတ် သုတ်ခမဏ္ဍိုင်သာ ဖြစ်ပါလိမ့် မယ်။

စိတ်မကောင်းစရာတစ်ခုက အဲဒီလို ရှင်းလင်းပြီးသားကိစ္စတွေ ကို သူ့ဘက်ကိုယ့်ဘက် သံယော ဇဉ်တွေကြောင့် အမှန်တကယ် သွားရမယ့် လမ်းကြောင်းကို မေ့ လျော့သွားကြခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းပြည်ဆက်လျှောက်ရမယ့် လမ်းကို မူဝါဒခုနစ်ရပ် ချထားပါ လျက် အဲဒီအတိုင်း ညီညီညွတ်ညွတ်လျှောက်ကြရမယ့်ခရီးမှာအခုလိုပြဿနာတွေက သွားမယ့် ခရီးကို တုံ့နှေးစေပါတယ်။ တကယ်တော့ ပုဒ်မ ၆၆ (ဃ)ပြဿနာဟာ မိမိတို့ ကိုယ်စီကိုယ်စီရဲ့ ရင်တွင်းခံစားချက်နဲ့ သံယောဇဉ်တွေကို ရှင်း ထုတ်ပြီး မဏ္ဍိုင်တရားဥပဒေစိုးမိုး ရေးရှုထောင့်နဲ့ ဒီမိုကရေစီစံနှုန်း ဆိုတာတွေနဲ့ တိုင်းတာအဖြေ ထုတ်ကြည့်မယ်ဆိုရင် ဘာမှ ပြော ပလောက်တဲ့ ပြဿနာမဟုတ်ပါ ဘူး။ အခုတော့ အရှေ့ကိုလျှောက် ရင်း ဖိနပ်ပေါက်တဲ့အဖြစ်မျိုးကို ကြုံနေရတာပါ။

(၃)

တကယ်တော့ ဒီမိုကရေစီ စနစ်ဟာ မဏ္ဍိုင်သုံးရပ်ကို မျှခြေ ဖြစ်အောင် ထိန်းကျောင်းထားရင်း တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ရတဲ့ စနစ်ဖြစ်ပါ တယ်။ ဘယ်မဏ္ဍိုင်ကိုမှ ဖိနင်း လိုက်လို့မရဘဲ အားလုံးဟာ သဟ ဇာတဖြစ်ဖြစ်၊ အချိုးကျကျ၊ ဟန် ချက်ညီညီသွားရတာပါ။ လှေနံ နှစ်ဖက်ကို ဟန်ချက်ညီညီ နင်း ထားရတဲ့သူလိုပါပဲ။ တစ်ဖက်ဖက်ကို ပိုပြီးဖိနင်းလိုက်ရုံနဲ့ လှေမြုပ် သွားရမယ့် အနေအထားဖြစ်ပါ တယ်။

ဗိုလ်အောင်ဒင်က မမြဝင်း ကို သူ့ဘက်ကို ရဲရဲကြီးနင်းလိုက် ပါလို့ ပြောပေမယ့် မဏ္ဍိုင်သုံးရပ် မှာ တစ်ဖက်ဖက်ကို နင်းလိုက်ရင် တော့ ရွှေပြည်တော်ကို ချီတက် မယ့်ခရီးမှာ လှေမှောက်မယ့်ကိန်း နဲ့ ကြုံရမှာ အမှန်ပါပဲ။

ပုဒ်မ ၆၆ (ဃ) သာမကဘဲ လက်ရှိ အွန်လိုင်းပေါ်မှာ သတင်း စာနဲ့ ဂျာနယ်စာမျက်နှာတွေအ ပေါ်မှာ ဖြစ်ပေါ်နေတဲ့ Pop ဖြစ် တဲ့သတင်း၊ Hot ဖြစ်တဲ့သတင်း များအားလုံးဟာ ဥပဒေအားလုံး ရဲ့ အကြီးအချုပ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုယ်တိုင်မှာ ပြုပြင်စရာတွေ ရှိနေသေးတယ်ဆိုတဲ့အ ချက်ကို အာရုံလွဲစေ၊ သတိမေ့စေ တယ်ဆိုတာလေးကိုလည်း သတိ ချပ်နိုင်ကြဖို့ မီးမောင်းထိုးပြောပြ လိုက်ပါရစေ။     ခိုင်ကြည်သစ်

No comments:

Post a Comment