Monday, November 28, 2016

ဂျပန်ကို နှောင့်ယှက်ကျီစယ်လာပြန်သည့် အတိတ်ဟောင်းက ဆူနာမီ

ဖူကူရှီးမားနဲ့ မီယာဂျီဒေသတွေမှာ အင်္ဂါနေ့ကလှုပ်ခတ်သွားတဲ့ ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိတဲ့မြေငလျင်ဟာ ၂၀၁၁ခုနှစ်က ဖူကူရှီးမားမှာ အကြီးအကျယ်လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးရဲ့နောက်ဆက်တွဲ ငလျင်တစ်ခုဖြစ်တယ်လို့ ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူပညာရှင်တွေက မှတ်ချက်ချခဲ့ကြပါတယ်။ ပြင်းအား ၉ ဒသမ ၀ အဆင့်နဲ့ လှုပ်ခတ်သွားခဲ့တဲ့ ဒီငလျင်ဟာ လူပေါင်း ၁၈၀၀၀ ကျော်ရဲ့အသက်တွေကို နုတ်ယူသွားခဲ့တာပါ။ လူထောင်ပေါင်းများစွာ အိုးအိမ်ပျောက်ကွယ်ခဲ့ရပြီး မြေအောက် ငလျင်ဒဏ်ကြောင့် ပေါ်ပေါက်လာတဲ့ ဆူနာမီရေလှိုင်းကြီးကြောင့် ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲပျက်စီးခဲ့ရပါတယ်။ ပြန်ရှာ မတွေ့တော့တဲ့ လူအရေအတွက် ၂၆၀၀ ကျော်ရှိပါတယ်။ တစ်မီတာကျော်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေရဲ့အောက်မှာ ထိခိုက်ဒဏ်ရာမရှိဘဲ အသက်ရှင် လွတ်မြောက်လာသူအရေအတွက်ဟာ အတော်လေးနည်းပါးခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ရပ်က ဂျပန်နိုင်ငံအတွက် တစ်သက်မမေ့နိုင်တဲ့ ကြေကွဲဝမ်းနည်းဖွယ်နေ့ရက် တစ်ခုအဖြစ် မှတ်တမ်းကျန်ရစ်ခဲ့ပြီး အဏုမြူ စွမ်းအင်အသုံးချမှုကို ပြန်လည်စဉ်းစားသုံးသပ် ဖို့ နိုင်ငံတကာကဖိအားပေးလာတဲ့ နျူကလီးယား အရေးပေါ်အခြေအနေတစ်ရပ် အစပျိုးလာခဲ့ ပါတယ်။ ဒီတော့နှစ်များစွာကြာပြီးတဲ့ နောက်မှာ နောက်ဆက်တွဲ ငလျင်တစ်ခုရဲ့ သက်ရောက်မှုကို ခံစားရတာဟာ ဖြစ်ရိုးဖြစ်စဉ် အခြေအနေတစ်ခု လား။ ဂျပန်မှာ လတ်တလောနေထိုင်တဲ့ ဝယ်လင်တန် ဗစ်တိုးရီးယားတက္ကသိုလ်က ပထဝီရူပဗေဒပါမောက္ခ မာသာဆာဗာဂီက ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားတဲ့ နေရာတစ်ခု တည်းမှာ နောက်ထပ်လှုပ်ခတ်လာတဲ့ သေးငယ် သော ငလျင်အားလုံးဟာ နောက်ဆက်တွဲ ငလျင် ဖြစ်နိုင်တယ်လို့ ဘီဘီစီသို့ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ငလျင်အကြီးအကျယ် လှုပ်ခတ်ပြီး နောက် နှစ်များစွာကြာသည့်တိုင်အောင် နောက် ဆက်တွဲငလျင်တွေ လှုပ်ခတ်တာဟာ မထူးဆန်း တဲ့ အခြင်းအရာတစ်ခုဖြစ်တယ်လို့ ၎င်းကဆိုပါ တယ်။
အင်္ဂါနေ့မှာလှုပ်ခတ်သွားတဲ့ ငလျင်ဟာဆိုရင် အတော်လေးကြီးမားတဲ့ နောက်ဆက်တွဲ ငလျင် တစ်ခုပါ။ ကမ္ဘာ့အင်အားအပြင်းဆုံး ငလျင်လှုပ်ခတ် မှုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ပြင်းအား ၉ ဒသမ ၀ အဆင့်ရှိ ငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင် အဖြစ်နဲ့ လိုက်ပါလာတာဖြစ်ပြီး မူလငလျင် အောက်ပြင်းအား ၂ ဒသမ လောက်သာ လျော့ နည်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ဂျပန်ငလျင်ကြောင့် ကျောက်လွှာကျိုးပြတ်မှုဟာ တစ်ကြိမ်ကျိုးပြတ် တိုင်းမှာ မီတာ၅၀လောက်ကွဲထွက်သွားပါတယ်။ ဒီလိုကွဲထွက်သွားချိန်မှာ ကမ္ဘာ့အပေါ်ယံအလွှာ အဖြစ်ဖွဲ့စည်းထားတဲ့ ကျောက်ချပ်လွှာ အောက်မှာရှိနေတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အပေါ်လွှာ ဟာလည်း ရွေ့လျားသွားပါတယ်။ ဒီအချိန်မှာ ပင်လယ်သမုဒ္ဒရာကြမ်းပြင်ဟာ တချို့ နေရာတွေမှာ မီတာ ၃၀ လောက်မြင့်တက်သွားပြီး ဆူနာမီရေ လှိုင်းတွေကိုဖြစ်ပေါ်စေခဲ့ပါတော့တယ်။
ဖိအားတွေဟာ ကမ္ဘာ့အပေါ်ယံလွှာ တစ်လျှောက်လုံးကို တိုးပွားမြင့်တက်လာခဲ့ပြီး ကုန်းတွင်းငလျင်တစ်ခုအဖြစ်နဲ့ အင်္ဂါနေ့မှာ ထုတ်လွှတ်လိုက်တာဖြစ်တယ်လို့ တိုကျိုတက္ကသိုလ် ပထဝီရူပဗေဒဌာနက တွဲဖက်ပေါမောက္ခ အိန်မင်လင်းက ရှင်းပြခဲ့ပါတယ်။
ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ငါးနှစ်လောက် ကြာမြင့်ခဲ့ပြီဖြစ်သော်ငြားလည်း အဲဒီနေရာမှာ တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ မြေငလျင် လှုပ်ခတ်မှုဖြစ်စေနိုင်တဲ့ သတ္တိကြွလှုပ်ရှားမှု အင်အားအလုံအလောက်ရှိနေနိုင် သေးတယ်လို့ ဂျပန်တိုင်းမ်သတင်းစာထဲမှာ ရေးသားဖော်ပြထား ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာ လှုပ်ခတ်သွားတဲ့ မြေငလျင်ဟာ ၂၀၁၁ ခုနှစ် ငလျင်ကြီးလှုပ်ခတ် မှုရဲ့ နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုဖြစ်ပေါ်လာ နိုင်သေးတယ်လို့ ဂျပန် မြေငလျင်တိုင်းတာမှု အဖွဲ့က ၂၀၁၂ ဒီဇင်ဘာလအတွင်းမှာ သတိပေး နှိုးဆော်မှုပြုလုပ်ပြီးနောက် ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့ နောက်ဆက်တွဲ လှုပ်ခတ်မှုဖြစ်ပါ တယ်။
အချိန်တွေကြာမြင့်ပြီးမှ အင်အားပြင်းပြင်း ဝင်ရောက်လာမှုက အင်္ဂါနေ့မှာဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကို ထူးဆန်း သွားစေခဲ့တာ ဖြစ်တယ်လို့ ပါမောက္ခဆာဗာဂီက ကောက်ချက်ချလိုက်ပါတယ်။
နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုကို ရင်ဆိုင် ရတာဟာ ဂျပန်နိုင်ငံတစ်ခုတည်းတော့ မဟုတ်ခဲ့ ပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ နယူးဇီလန်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါ တယ်။ ဒီလှုပ်ခတ်မှုဟာ နယူးဇီလန်ရဲ့ ထောင် ပေါင်းများစွာသော နောက်ဆက်တွဲ ငလျင်များစွာ ထဲကတစ်ခုဖြစ်ပြီး ငလျင်ပြင်းအား ၆ ဒသမ အဆင့် ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က နာပါ ဒေသမှာလည်း ၂၀၁၄ ခုနှစ် ဩဂုတ်လအတွင်း က ငလျင် အကြီးအကျယ် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုပေါင်း ၄၆၀၀ မကရှိခဲ့ပါတယ်။
၁၉၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မက်ဆီနာ မြေငလျင်ဟာဆိုရင် ပြင်းအား ၇ ဒသမ ၅ အဆင့် နဲ့ အီတလီတောင်ပိုင်းကို လှုပ်ခတ်သွားခဲ့ပြီး ၁၃ မီတာအမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သို့သော်လည်း ပါမောက္ခ ဆာဗာဂီရဲ့ ပြောပြချက်အရ ရာစုနှစ်တစ်ခု ကျော်လွန်သွားခဲ့ပြီးတာတောင်မှ မက်ဆီနာ ဒေသဟာ တခြားသော ပတ်ပတ်လည် ဒေသတွေ ထက် မြေငလျင်လှုပ်ခတ်နိုင်ဖွယ်ရာ တက်ကြွလှုပ်ရှားမှုတွေ ပိုပြီးများပြား လာခဲ့တယ်လို့ သိရပါတယ်။
ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေး စက်ရုံအနီးမှာ အင်္ဂါနေ့က လှုပ်ခတ်သွားတဲ့ ငလျင်အကြောင်းပြောလို့မှ မဆုံးသေးခင် နောက်ထပ်နှစ်ရက်အကြာမှာပဲ အင်အား ၅ ဒသမ ၆အဆင့်ရှိတဲ့ငလျင်တစ်ခုက ဂျပန်အရှေ့မြောက် ပိုင်းမှာ ထပ်မံလှုပ်ခတ်လာပြန်ပါတယ်။ ကြာသပတေးနေ့ နံနက် ၆ နာရီခွဲမှာ တိုကျို အရှေ့မြောက်ဘက် ၂၁၀ ကီလိုမီတာအကွာမှာ လှုပ်ခတ်သွားတာဖြစ်ပါတယ်။ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုတွေဟာ ကမ္ဘာ့အပေါ်ယံလွှာ ဖွဲ့စည်းမှုလေးခုရဲ့ ဆုံချက်နေရာမှာ ထိုင်ထား သလိုဖြစ်နေတဲ့ ဂျပန်နိုင်ငံကို နှစ်စဉ်နှစ်တိုင်း ဆိုသလို လာရောက် နှောင့်ယှက် ကျီစယ်နေခြင်းက ဂျပန်ပြည်သူ တွေရင်ဆိုင်ခဲ့ရတဲ့ အတိတ်ဟောင်းက ဆူနာမီကို ပြန်တူးဆွ လိုက်သလိုပါပဲ။
ကိုးကား- ဘီဘီစီ

No comments:

Post a Comment