Monday, November 21, 2016

ဒေါပုံမြို့နယ်ရှိ Capital Hypermarket တွင် ပေါက်ကွဲမှုဖြစ်ပွား

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် Capital Hypermarket တွင် နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ပထမအကြိမ် ပေါက်ကွဲမှုအဖြစ် ညနေ ၅ နာရီ ၄၅ မိနစ်တွင် Capital Hypermarket ပထမထပ် ပလတ်စတစ်ပစ္စည်း အရောင်းခန်းမတွင် လည်းကောင်း၊ ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ပေါက်ကွဲမှုအဖြစ် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မြေညီထပ်မုန့်အရောင်းခန်းမ၌ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဆက်လက် သတင်းထုတ်ပြန်သည်။ ထို့ပြင် ယင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူထိခိုက်မှု မရှိကြောင်းနှင့် အနီးရှိ ပလတ်စတစ် အရောင်းဆိုင်မှ ပစ္စည်းအနည်းငယ်နှင့် အချိုရည်ပုလင်းအချို့ ပျက်စီးခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် နောက်ဆက်တွဲ အခြေအနေများအား အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ၎င်း၏ MOI Webportal Myanmar အမည်ရှိ Facebook Page တွင် ဖော်ပြထားသည်။


သီးခြား အတည်မပြုနိုင်သေးသည့် ကနဦးမေးမြန်းစုံစမ်းမှုအရ ပေါက်ကွဲသည့်နေရာတွင် ပလတ်စတစ်ပြွန်ပါရှိသော M-150 အမည်ရှိ အချိုရည်ပုလင်းမှ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော Capital Hypermarket သို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထွေး၊ တပ်မတော်မှ ဘီအီးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မှုခင်းတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Capital Hypermarket အပေါ်ထပ်တွင် ဆိုင်ခန်းဖွင့်လှစ် ရောင်းချသူ အမျိုးသားတစ်ဦးက “ပေါက်ကွဲတဲ့အသံ သုံးခါ ကြားရတယ်။ အသံပဲ ကြားရပါတယ်။ ဒဏ်ရာရတာတွေ ဘာတွေလည်း မရှိဘူး။ မတွေ့လည်း မတွေ့မိဘူး။ ပန်းကန်တွေ ပျက်စီးကုန်တာ တွေ့ရတယ်။ ပထမတစ်ကြိမ်ဖြစ်တော့ ကျွန်တော် ဆိုင်မပိတ်သေးဘူး။ နောက်တစ်ကြိမ်လည်းဖြစ်ရော မထူးတော့ဘူးဆိုပြီး ဆိုင်ပိတ်လိုက်တယ်။ တချို့လည်း ၀ရုန်းသုန်းကား ပြေးဆင်းကြတယ်။ အောက်လည်းရောက်ရော နောက်တစ်ကြိမ် ထပ်ကြားရတယ်။ နောက်တော့ မီးသတ်တပ်ဖွဲ့ ရောက်လာတာ တွေ့ရတယ်”ဟု ၎င်း၏ အတွေ့အကြုံကို မီဒီယာများသို့ ပြောပြခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၁၇ ရက် ညပိုင်းကလည်း မရမ်းကုန်းမြို့နယ် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center မြေညီထပ်မှ အများသုံး အမျိုးသားအိမ်သာခန်းအတွင်း သန့်ရှင်းရေးဝန်ထမ်း တစ်ဦးက ပလတ်စတစ် အမှိုက်ပုံးအား နေရာရွှေ့စဉ် အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲသံထွက်ကာ မီးတောက်များဖြစ်ပေါ်ပြီးနောက် ဒုတိယအကြိမ် ထပ်မံ အသံထွက်ပေါ်ခဲ့ရာ စင်တာလုံခြုံရေး ၀န်ထမ်းမှ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခဲ့၍ မီးငြိမ်းသွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ပလတ်စတစ်အမှိုက်ပုံး၏ အပေါ်ပိုင်းတွင် မီးလောင်ခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်းနှင့် အမှိုက်ပုံးအတွင်း၌ M-150 အချိုရည်ပုလင်းကွဲအစများ တွေ့ရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Ocean Center ၏ အခင်းဖြစ်ပွားရာနေရာသို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့ အမှတ် (၂) မှုခင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) ပေါက်ကွဲပစ္စည်း စစ်ဆေးရေးဌာနစုမှ တာဝန်ရှိသူများ၊ နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ပလတ်စတစ် အမှိုက်ပုံးထဲ၌ M-150 အချိုရည်ပုလင်းအတွင်း ဓာတုဗေဒဆေးရည် တစ်မျိုးထည့်၍ အခြားဓာတုပစ္စည်း ပါရှိသော ဖန်ပြွန်တစ်ခုအား ပုလင်းအတွင်း ထပ်မံထည့်ပြီး ထောင်ထားစဉ် အမှိုက်ပုံးကိုရွှေ့ချိန်၌ ဖန်ပြွန်အတွင်းမှ အရည်များ ပုလင်းအတွင်း ထွက်ကျရာမှ ပုလင်းပေါက်ကွဲပြီး အသံဖြစ်ပေါ်သကဲ့သို့ မီးလောင်မှုလည်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

No comments:

Post a Comment