Tuesday, November 22, 2016

တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများ ၀ယ်ယူရန် ရာခိုင်နှုန်း ၃၀ အထိ ငွေစုဆောင်း ထားသူများ စာရင်းကို CHD ဘဏ်များတွင် ထုတ်ပြန်ပေးထားပြီး နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ ၀ယ်ယူရန် လျှောက်လွှာတင်နိုင်မည်

ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တည်ဆောက်ထားသည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့် တိုက်ခန်းများ ၀ယ်ယူရန် ရာခိုင်နှုန်း ၃၀ အထိ ငွေစုဆောင်းထားသူများ စာရင်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD) ဘဏ်ခွဲများတွင် ထုတ်ပြန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများ အနေဖြင့် နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ အဆိုပါ တိုက်ခန်းများ ၀ယ်ယူနိုင်ရေး လျှောက်လွှာတင်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရောင်းချမည့် တိုက်ခန်းများမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရက် ၁၀၀ စီမံချက် လုပ်ငန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) တို့တွင် တည်ဆောက်ထားပြီးဖြစ်သည့် တိုက်ခန်းများကို ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခန်းများကို ရောင်းချရာ၌ CHD ဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ငွေစုဆောင်းထားရှိပြီး ဘဏ်ချေးငွေရယူရန် လစဉ်ပေးဆပ်နိုင်စွမ်းရှိသည့် ပုံမှန်ဝင်ငွေ ရှိသူများအား ရောင်းချသွားမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများ စာရင်းကို CHD ဘဏ်ရုံးများတွင် ထုတ်ပြန်ပေးထားကြောင်း သိရသည်။

အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများ အနေဖြင့် ညွှန်ကြားရေးမှုးချုပ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်သို့ လိပ်မူလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ဗိုလ်တထောင်မြို့နယ်ရှိ အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲနှင့် နေပြည်တော်ရုံးအမှတ် ၄၀ ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ လျှောက်ထားနိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တန်ဖိုးနည်း အခန်းပေါင်း ၂၂၀၀ စတင်ရောင်းချရန်ရှိပြီး ထပ်မံလိုအပ်သည့် နေအိမ်ခန်းများကိုလည်း တည်ဆောက်ဖြည့်ဆည်းသွားရန်  ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ အခန်းပေါင်း ၅၀၄ ခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအပိုင်း (၁)တွင် ၈၄၆ ခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာတွင် အခန်းပေါင်း ၈၄၀ ခန်း စသည်တို့ကို ရောင်းချပေးမည်ဖြစ်ကာ အဆိုပါ တန်ဖိုးနည်းအိမ်ရာများ၏ တန်ဖိုးများမှာ ကျပ် ၉၇ သိန်းမှ ၁၃၄ သိန်းအကြား ဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေနည်း ပြည်သူများအတွက် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ကျပ်သိန်း၁၀၀ ၀န်းကျင်ရှိ တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူခွင့်ရသူများအတွက် အိမ်ခန်းတန်ဖိုးချေးငွေ ပြန်ဆပ်ရမည့် ကာလကို ယခင်က ရှစ်နှစ်သာ ပေးထားသော်လည်း လက်ရှိအချိန်၌ ၁၀ နှစ်အထိ တိုးမြှင့်ပေးထားကြောင်း CHD ဘဏ်မှ သိရသည်။

CHD ဘဏ်အနေဖြင့် အိမ်ခန်းဝယ်ယူသူများသို့ ငွေချေးရာတွင် အိမ်ခန်းတန်ဖိုး ကျပ်သိန်း ၃၀၀ အထိကို ကနဦး (Down Payment) ပေးသွင်းမှု အနေဖြင့် ရာခိုင်နှုန်း ၃၀၊ အိမ်ခန်းတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ပါက ရာခိုင်နှုန်း ၅၀၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန စီမံချက်ဖြင့် တည်ဆောက်သော ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများအတွက် CHD ဘဏ်တွင် ငွေစုထားသူများအား ဦးစားပေးသည့် အနေဖြင့် ရာခိုင်နှုန်း ၃၀ သာ ပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။


Writer:
ဖြိုးဝေ

No comments:

Post a Comment