Wednesday, November 23, 2016

သက်တမ်းလွန် တိုက်လေယာဉ်များကို F/A-18များဖြင့် ဝယ်ယူအစားထိုးရန် ကနေဒါ စီစဉ်

လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန်အတွက် ကနေဒါက F/A-18 Super Hornet ဂျက်တိုက်လေယာဉ် ၁၈ စီး အားဖြည့် ဝယ်ယူသွားဖွယ် ရှိနေကြောင်း သိရသည်။ ယခုအခါ ကနေဒါ ကာကွယ်ရေး ဝန်ကြီးဌာနသည် F/A-18များ ဝယ်ယူရန်အတွက် အမေရိကန် လေယာဉ် ကုမ္ပဏီကြီး Boeingနှင့် စတင်ဆွေးနွေးနေပြီဟု ဝန်ကြီး ဟာဂျစ်ဆက်ဂျန်က ပြောကြားခဲ့သည်။ ဆက်ဂျန်က Lockheed Martin၏ F-35 ကိုယ်ပျောက် တိုက်လေယာဉ်များ ထုတ်လုပ်မှု စီမံကိန်းတွင် ဆက်လက် ပူးပေါင်းထားမည် ဖြစ်သော်လည်း လက်ရှိ အသုံးပြုနေသည့် သက်တမ်းကြာညောင်းနေပြီဖြစ်သော CF-18များ နေရာတွင် အစားထိုးရန် F/A-18များကို လိုအပ်နေခြင်းဟု မှတ်ချက်ပြုခဲ့သည်။


ကနေဒါသည် ၂၀၁၀ ပြည့်နှစ်တွင် F-35 ၆၅ စီးကို မှာယူထားသော်လည်း ဈေးနှုန်း အလွန်အကျွံ မြင့်တက်လာသည့်နောက် ဝန်ကြီးချုပ် ဂျက်စတင် ထရူဒီရူက ယင်းအမှာစာကို ဖျက်သိမ်းခဲ့သည်။ သို့သော် F-35များ သုတေသနပြု ထုတ်လုပ်သည့် စီမံကိန်းတွင်မူ ကနေဒါက မိတ်ဖက်အဖြစ် ဆက်လက် ပါဝင်နေဆဲ ဖြစ်သည်။

ဆက်ဂျန်က F/A-18များ မှာယူမှု အဆင်ပြေ ပြီးမြောက်ပါက ၂၀၁၈ တွင် လက်တွေ့ တာဝန်ထမ်းဆောင်မှု အစပြုနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ ကနေဒါ၏ လက်ရှိ အသုံးပြုနေသော တိုက်လေယာဉ်များမှာ သက်တမ်း နှစ် ၃၀ မျှ ရှိနေပြီ ဖြစ်သည်။ ထို့အပြင် တိုက်လေယာဉ် အရေအတွက်သည်လည်း ၁၃၈ စီးမှ ၇၇ စီးသို့ ပိုင်ဆိုင်မှု လျော့ကျသွားသည်။

F/A-18များ ဝယ်ယူခြင်းဖြင့် ထိပ်သီးနိုင်ငံများ၏ လေကြောင်းကာကွယ်မှု စွမ်းဆောင်ရည်နှင့် ကွာဟနေမှုကို လျှော့ချနိုင်မည် ဖြစ်သလို NATOနှင့် NORAD မဟာမိတ် အဖွဲ့များ၏ လုံခြုံရေး စံနှုန်းများနှင့် ပိုမို ညီညွတ်လာမည်ဟု ဆက်ဂျန်က ပြောကြားခဲ့သည်။

ကနေဒါသည် CF-18 တိုက်လေယာဉ်များကို ၂၀၂၀ ပြည့်နှစ်တွင် အနားပေးရန် အစောပိုင်းက စီစဉ်ထားသော်လည်း ယခုအခါ တိုက်လေယာဉ် အသစ်များ အပြည့်အဝ လုပ်ငန်းတာဝန် ထမ်းဆောင်လာနိုင်သည့် ကာလထိ ဆက်လက် အသုံးပြုနေရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment