Tuesday, November 22, 2016

ရွန်နီ အရက်အမူးလွန်နေသည့် ဖြစ်ရပ်အတွက် FA ကို မော်ရင်ဟို ပြစ်တင် သူတစ်ပါးထံမှ ငှားထားသည့် ပစ္စည်းကို ပိုဂရုစိုက်သင့်ဟု သုံးသပ်ပြောကြား

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် တစ်ပတ်က အင်္ဂလန် လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားစဉ် အသင်းခေါင်းဆောင် ၀ိန်းရွန်နီ အရက်အမူးလွန်ခဲ့သည့် ဖြစ်ရပ်အတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) ကို ဝေဖန် ပြစ်တင်ခဲ့ကြောင်း သိရသည်။ ရွန်နီအပါအ၀င် လက်ရွေးစင် အသင်းအဖွဲ့ဝင် အချို့သည် ဒေသတွင်းပြိုင်ဘက် စကော့တလန်ကို အနိုင်ရခဲ့သည့်ပွဲအပြီး တစ်ရက်အကြာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက အောင်ပွဲခံအခမ်းအနား ပြုလုပ်ခဲ့သည်။ ရွန်နီသည် အရက်သောက်ပြီးနောက် အင်္ဂလန်အသင်းတည်းခိုရာ ၀က်ဖို့ဒ်မြို့ရှိ Grove ဟိုတယ်၌ ကျင်းပသော မင်္ဂလာပွဲတစ်ခုသို့ ဖိတ်ကြားမခံရဘဲ သွားရောက်ခဲ့ပြီး ယင်းပွဲသို့ လာရောက်သူများနှင့် ဓာတ်ပုံရိုက်ခြင်း၊ စကားပြောဆိုခြင်းများ ပြုလုပ်ကာ နံနက် ၅ နာရီအထိ ရှိနေခဲ့သည်။ အမူးလွန်နေသည့် ၎င်း၏ဓာတ်ပုံများကို ဗြိတိန် အခြေစိုက် The Sun သတင်းဌာနက ဖော်ပြခဲ့ရာ ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး FA အမှုဆောင်ချုပ် မာတင်ဂလန်းကလည်း ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။ ရွန်နီသည် ၎င်း၏အပြုအမူအတွက် တောင်းပန်ခဲ့သော်လည်း အသင်းခေါင်းဆောင်ရာထူး ဆုံးရှုံးရဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေရာ မော်ရင်ဟိုက မိမိကစားသမားအား မကာကွယ်ပေးနိုင်သည့် FA ကို ဝေဖန်ခဲ့ခြင်း ဖြစ်သည်။




“ကျွန်တော်ပြောနိုင်တဲ့ တစ်ခုတည်းသော အရာက အဲဒီအချိန်မှာ သူက လက်ရွေးစင်အသင်းနဲ့အတူ ရှိနေတာပါ။ ကျွန်တော် ကျောင်းတက်တဲ့အရွယ် ငယ်ငယ်ကတည်းက သင်ကြားခဲ့ရတာရှိပါတယ်။ အဲဒါက တစ်စုံတစ်ဦးဆီက တစ်ခုခုငှားရမ်းမယ်ဆိုရင် ကိုယ့်မှာရှိတာထက်ပိုပြီး ဂရုစိုက်ရတယ်ဆိုတာပါပဲ။ ခင်ဗျားသူငယ်ချင်းက ခင်ဗျားကို ခဲတံတစ်ချောင်း ငှားလိုက်တယ်ဆိုပါစို့။ ခင်ဗျားက အဲဒီခဲတံကို ကိုယ့်ပစ္စည်းထက်ပိုပြီး ဂရုစိုက်ရမှာပါ။ တစ်နေ့မှာ ကျွန်တော် လက်ရွေးစင်အသင်း နည်းပြဖြစ်ခဲ့ရင်လည်း အဲဒီလို ကျင့်ကြံဆောင်ရွက်မှာပါ။ ဒါက ဂယ်ရီ (အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်) နဲ့ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ဝေဖန်တာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

No comments:

Post a Comment