Sunday, November 27, 2016

စိုင်းစိုင်းခမ်းလှိုင်နှင့် လူငယ်တေးသံရှင်များစွာပါဝင်မည့် Frenzo Music Tour မန္တလေးမြို့၌ ဒီဇင်ဘာလဆန်း ပြုလုပ်မည်

သရုပ်ဆောင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နှင့် လူငယ်တေးသံရှင်များစွာပါဝင်မည့်  Frenzo Music Tour ကို မန္တလေးမြို့၌ ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ မန္တလေးတောင်ခြေရှိ Mandalay Hill Resort Hotel ၌ ပြုလုပ်မည့် ယင်းဂီတ ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်၊ Snare ၊ ဘန်နီဖြိုး၊ Soe Gyii ၊ X-Box ၊ G-Fatt ၊ မိစန္ဒီ တို့ပါဝင်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများကို မတ်တပ်ရပ် လက်မှတ်များအား ကျပ် ၈၀၀၀ နှင့် VIP ထိုင်ခုံများ ခွဲခြားရောင်းချမည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ “အဝေးသင် စာမေးပွဲနဲ့တိုက်နေလို့ ရက်ရွှေ့ထားခဲ့တဲ့ Frenzo Music Tour ရဲ့ မန္တလေးပွဲကို ဒီဇင်ဘာ ၄ ရက် မှာလုပ်ဖို့စီစဉ်ထားပါတယ်။ ဖျော်ဖြေချိန်ကို ညနေ ၃ နာရီ ကတည်းက စတင်မှာဖြစ်တဲ့အတွက် အချိန်နောက်ကျမှာလည်း စိုးရိမ်စရာမရှိပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့  Frenzo အနုပညာရှင်တွေ၊ တခြားအနုပညာရှင်တွေပါ ပါဝင်ပါမယ်။ ဖျော်ဖြေပွဲအတွက်လည်း ရက်ရွှေ့လိုက်တဲ့အတွက် အချိန်ပိုရသွားတာကြောင့် သေချာလေးပြင်ဆင်ထားပါတယ်။ ဒါကြောင့် အားလုံးလာရောက်ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။




ယင်းဂီတဖျော်ဖြေပွဲတွင် ပါဝင်မည့် တေးသံရှင် G – Fatt က “ကျွန်တော်တို့   Frenzo Tour အနေနဲ့ နယ်မြို့တွေသွားဖို့ စီစဉ်ထားရာမှာ ဒီဇင်ဘာ ၄ ရက်မှာ မန္တလေးမှာဆိုဖို့ ရှိပါတယ်။ မန္တလေးမှာ မဆိုဖြစ်တာလည်း နည်းနည်းကြာသွားပြီဆိုတော့ ပရိသတ်တွေအတွက် ထူးခြားမှာပါ။ ကျွန်တော်တို့ သီချင်းဟောင်းတွေရော၊ လတ်တလော ထွက်ထားတဲ့ ဘန်နီခွေထဲက ကျွန်တော်နဲ့ ဘန်နီဖြိုးတို့ ဆိုထားတဲ့သီချင်းလေးပါ ဖျော်ဖြေဖို့စီစဉ်ထားပါတယ်” ဟု ဆိုသည်။

Frenzo Music Tour ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၄ ရက်ညနေ ၃ နာရီတွင်စတင်မည်ဖြစ်ပြီး တေးသံရှင် တစ်ဦးချင်းစီက အပိုင်းများ ခွဲ၍တင်ဆက်သွားရန် စီစဉ်ထားသည်ဟု သိရသည်။ Frenzo Music Tour ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ အပါအ၀င် မြို့ကြီး ၁၀ မြို့၌ ပြုလုပ်ရန် စီစဉ်ထားရာတွင် မုံရွာမြို့တွင်လည်း နိုဝင်ဘာလအတွင်းက ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလဆန်းတွင် မန္တလေးမြို့၌ ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ အခြားမြို့ကြီးများတွင်လည်း Frenzo Music Tour ဂီတဖျော်ဖြေပွဲများအား ဆက်လက်ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
Writer:
လင်းလင်းခိုင်

No comments:

Post a Comment