Wednesday, November 23, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို၊ တွေ့ဆုံဆွေးနွေး၊ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ မိတ်ဆက်ချစ်ကြည်ရေးခရီးနှင့် မြန်မာ-ထိုင်းတပ်မတော်တို့၏ 4th High Level Committee Meeting သို့ တက်ရောက်ရန် လာရောက်သည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည့်အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။ ဦးစွာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth သည် ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့တက်ရောက်ရန် ဇေယျာသီရိဗိမာန်သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီး များက ကြိုဆိုနှုတ်ဆက်ကြသည်။



ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth တို့သည် အလေးပြုခံစင်မြင့်သို့ သွားရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ၎င်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth နှင့်အတူ ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Soopakit Nutstit ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Pisanu Suvanajata နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်မှ အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။
ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်း စာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth တို့သည် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဘုရင့်တပ်မတော်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူလူထုမှ ယုံကြည်စွာ ရွေးချယ်ခြင်းခံရသည့်အတွက် ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး နှင့်ပတ်သက်၍ မိမိတို့သည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သကဲ့သို့ ညီအစ်ကိုနိုင်ငံ များလည်းဖြစ်ကြောင်း၊ ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးမြှင့်တင်နိုင်ခဲ့ကြောင်း၊ တိုးတက်ကောင်းမွန် နေသည့် ချစ်ကြည်ရင်းနှီးမှုအား ဆက်လက်ထိန်းသိမ်း မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော် နှစ်ရပ် အကြား TBC၊ RBC မှ HLC အဆင့်အထိ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု အဆင့်ဆင့်ဖြင့် လမ်းခင်းဆောင်ရွက်ခဲ့၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည် ရှင်သန်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှု နှင့်ပတ်သက်၍ တစ်ပါတီအုပ်ချုပ်ရေး၊ တပ်မတော်အစိုးရအုပ်ချုပ်ရေး စသည့် ဗဟိုဦးစီးစနစ်မှ ပြည်သူလူထုဆန္ဒအရ ပါတီစုံဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍ ၃ ရပ်တွင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့ရကြောင်း၊ ဒီမိုကရေစီ အတွေ့အကြုံနည်းပါးမှုကြောင့် ပြုပြင်ပြောင်းလဲမှုများကို စိန်ခေါ်မှုတစ်ခုအနေဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ရာ ယခု ၆ နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံပြုပြင်ပြောင်းလဲမှုများတွင် တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အား မူဝါဒအဖြစ်ချမှတ်၍ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် တိုင်းပြည်၏အခြေအနေအရပ်ရပ်တွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိအနေဖြင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို အထူးအလေးထားပါကြောင်း၊ ယခုခရီးစဉ်မှာလည်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်တွင် ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။ ဆက်လက်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသကိစ္စရပ် များအား အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် အထူးစီးပွားရေးဇုန်များဖြင့် စီးပွားရေးမြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိရာ တိုးတက်အောင်မြင်မှုများ ရှိပါကြောင်း၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့များအား ထိုင်းဘုရင့်စီးပွားရေး စီမံကိန်းများသို့ လေ့လာရေးခရီးစဉ်များလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား သတင်းဖလှယ်မှုကိစ္စရပ်များ၊ TBC၊ RBC မှ HLC အဆင့်အထိ အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုများအား မြှင့်တင်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား တည်ဆောက်ထား သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ် ပူးပေါင်းညှိနှိုင်းထိန်းသိမ်းလုပ်ဆောင်ခြင်းဖြင့် ပိုမိုတိုးတက်အောင်မြင်နိုင်မည့် အခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး နှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ကိစ္စရပ်များတွင် ပွင့်ပွင့်လင်းလင်းဖြင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်သတင်းဖလှယ်၍ အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်ရမည့်ကိစ္စရပ်များတွင် လျှင်မြန်စွာတုန့်ပြန် အရေးယူဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ် အကြား အားကစားအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လေ့လာရေးအဖွဲ့များ၊ သင်တန်းသားများ စေလွှတ်ခြင်းတို့တွင် တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မြှင့်တင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ထိုင်းဘုရင့်တပ်မတ်ာကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth နှင့် ဇနီး Mrs. Vanvimol Suwana-Adth ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇေယျာသီရိဗိမာန်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ညစာမသုံးဆောင်မီ တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံတေးသီချင်း များတီးမှုတ်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြား၍ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

No comments:

Post a Comment