Saturday, November 19, 2016

အိမ်မှာနေပြီး ကမ္ဘာပတ်နိုင်မယ့် Google Earth VR အက်ပလီကေးရှင်း ထွက်ရှိ

VR လောကမှာ စိတ်ဝင်စားစရာကောင်းတဲ့ အက်ပလီကေးရှင်း အတော်များများရှိတာကို သိပြီးသားဖြစ်ပါလိမ့်မယ်။ အသုံးပြုသူတွေအတွက် ဘက်ပေါင်းစုံကနေ အကျိုးပြုနိုင်ဖို့ VR နည်းပညာကို တိုးတက်လာအောင် ပြုလုပ်နေချိန်မှာ Google ကတော့ အသုံးပြုသူတွေကို အိမ်မှာနေပြီး ကမ္ဘာပတ်ခရီးထွက်နေသလို ခံစားရစေမယ့် Google Earth VR အက်ပလီကေးရှင်းကို ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာတစ်ခွင်လုံးကို စူပါမန်းဆန်ဆန် လှည့်ပတ်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး မရောက်ဖူးသေးတဲ့ နေရာမှန်သမျှကို အပြင်မှာ တကယ်လည်ပတ်နေရသလို ခံစားရမှာပါ။ Google Earth ရဲ့ မွေးနေ့ ဆယ်နှစ်မြောက်တဲ့ နှစ်မှာ Google Earth VR ကို ထုတ်လုပ်လိုက်တာဖြစ်ပြီး ကန့်သတ်နယ်မြေတွေဖြစ်တဲ့ “UFO ပျက်ကျခဲ့တယ်လို့ ယူဆရတဲ့နေရာတွေ” ၊ “စစ်တပ်တွေရဲ့ အခြေစိုက်စခန်း” တွေကိုပါ ဒီ app ကနေ လေ့လာနိုင်မှာပါ။

ဒါ့အပြင် တရားဝင် စိုက်ပျိုးခွင့်ရထားတဲ့ ဆေးခြောက်စိုက်ခင်းတွေနဲ့ သွားရခဲတဲ့ ရှေးဟောင်းမြို့တော်ဟောင်းတွေအထိလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Google Earth VR app ဟာ HTC Vive VR ပလက်ဖောင်းအတွက်သာ ထုတ်လုပ်ထားပြီး ၁၉၆.၉ သန်း စတုရန်းမိုင်သော ကမ္ဘာ့မြေနေရာတွေကို တစ်ဝကြီး လည်ပတ်ခံစားရမှာပါ။ လောလောဆယ်မှာတော့ ဒီ app ဟာ 2D ဗားရှင်းနဲ့ ဖြစ်ပြီး အမေဇုန်မြစ်ကြီးနဲ့ မန်ဟတ်တန်ရဲ့ အလှတွေ အပြင် အဲ့လ်ပ်စ်တောင်တန်းကြီးတွေကို ကြည့်ရတာနဲ့တင် တန်လွန်းနေပါပြီ။

HTC Vive VR မှာပဲ ရသေးပေမယ့်လည်း တစ်ခြား VR တွေအတွက်လည်း နောက်နှစ်မှာ ထုတ်လုပ်ပေးသွားမှာပါ။ ကွန်ပျူတာတွေမှာလည်း ဒီရသကို မကြာခင် ခံစားခွင့်ပေးသွားမယ်လို့ Google က ဆိုပါတယ်။ တကယ့်ကို cool ဖြစ်လွန်းတဲ့ app တစ်ခုပါပဲ။ အကယ်လို့ ဒီ့ထက်ကောင်းတဲ့ နေရာတွေကို သင့်အနေနဲ့ အလိုရှိသေးရင် Google Earth Pro ဗားရှင်းကို ဒေါ်လာ ၄၀၀ နဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Google Earth VR ရဲ့ ဗီဒီယိုကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment