Saturday, November 19, 2016

ဂျပန်နိုင်ငံက ကူညီမည့် ဒေါ်လာရှစ်ဘီလျံတွင် စိုက်ပျိုးရေး၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး၊ လျှပ်စစ်ကဏ္ဍ၊ လေဆိပ်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ ပါဝင်ပြီး အချို့သော စီမံကိန်းများမှာ စတင်အကောင်အထည် ဖော်နေပြီဟု JICA မြန်မာ အကြီးအကဲပြောကြား

ဂျပန်နိုင်ငံက ကူညီမည့် ဒေါ်လာရှစ်ဘီလျံတွင် စိုက်ပျိုးရေး၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး၊ လျှပ်စစ်ကဏ္ဍ၊ လေဆိပ်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ပါဝင်ပြီး အချို့သော စီမံကိန်းများမှာ စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း JICA မြန်မာရုံး၏ ဌာနေကိုယ်စားလှယ် မစ္စတာ Keiichiro Nakazawa က ပြောကြားသည်။
နိုဝင်ဘာ ၁၆ ရက်က ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ကုန်ရုံး၌ ပြုလုပ်ခဲ့သည့် စာနယ်ဇင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ငါးနှစ်စီမံကိန်း ဖြစ်တဲ့အတွက် ဘယ်ပရောဂျက်က ဘယ်ဟာဆိုတာကို မသတ်မှတ်ရသေးပါဘူး။ ဒါပေမဲ့ဘယ်အပိုင်းကို သွားမယ်ဆိုတာတော့ ပြောလို့ရပါတယ်။ စိုက်ပျိုးရေး၊ လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ လမ်းပိုင်း၊ လူ့အရင်းအမြစ် ကဏ္ဍတွေကို ရွေးချယ်ထားပါတယ်” ဟု မစ္စတာ Keiichiro Nakazawa က ပြောကြားသည်။

အဆိုပါ စီမံကိန်းများတွင် သီလ၀ါ SEZ သို့ သွားရောက်ရာတွင် လွယ်ကူရန် တံတားအသစ် တည်ဆောက်မည့် စီမံကိန်းလည်း ပါဝင်ကြောင်း၊ လက်ရှိတွင် သန်လျင်ဘက်သို့ ဖြတ်ကူးသည့် တံတားတစ်စင်းသာရှိကြောင်း၊ ထို့ပြင် ရန်ကုန်မြို့၏ ရေပေးဝေရေးစနစ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်းကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထို့ပြင် အကူအညီပေးမည့် ဒေါ်လာရှစ်ဘီလျံတွင် Grant Aid ကဲ့သို့သော ပြန်လည် ပေးဆပ်စရာမလိုသည့် အကူအညီများ၊ အတိုးနှုန်းသက်သာသည့် ချေးငွေများ စသည်တို့ပါဝင်ကြောင်း သိရသည်။
“JICA က စထားတဲ့ ပရောဂျက်က ရန်ကုန်ကနေ နေပြည်တော်ကိုဖြတ်ပြီး မန္တလေးအထိ ၆၀၀ ကီလိုမီတာရှိတဲ့ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးကို စနေပါပြီ။ ဒီနှစ်အတွင်းမှာ ကတိပေးခဲ့တဲ့ ပရောဂျက်မှာ ရန်ကုန်-မန္တလေးလမ်းပိုင်း မြှင့်တင်ရေးလည်း ပါပါတယ်။ JICA အနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ပြည်နယ်နှင့်တိုင်း မျှတတဲ့ တိုးတက်မှုကို အရေးကြီးတယ်လို့ ယူဆထားပါတယ်။ အကောင်အထည်ဖော်ဖို့ ပြည်နယ်နှင့် တိုင်းခုနစ်ခုမှာ ပြည်နယ်ဒေသ တိုးတက်ရေးအတွက် လိုအပ်တဲ့ အခြေခံလမ်းတံတား၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ သုံးခုနဲ့ ပရောဂျက် အသေးလေးတွေနဲ့ လိုအပ်တဲ့နေရာမှာ လိုက်ပြီးတော့ အကူအညီ ပေးနေပါတယ်။ ဒီပရောဂျက်တွေရဲ့ အဓိကရည်ရွယ်ချက်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရဲ့ ခေါင်းစဉ်ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ဂျပန်အကူအညီဖြင့် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေမှုများ၌ မြန်မာပြဋ္ဌာန်းစာအုပ်ကို ရေးဆွဲရာတွင် Grant Aid နှင့် ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်များ၏ နည်းပညာ အထောက်အပံ့ ပေးခြင်းတို့ ပါဝင်ကြောင်း၊ လက်ရှိတည်ဆောက်ရန် စီစဉ်နေသည့် ပဲခူးတံတားသည်လည်း အတိုးနှုန်းသက်သာသည့် ဂျပန်ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်ပြီး ချေးငွေ ဒေါ်လာ သန်း ၂၈၀ ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
eleven

No comments:

Post a Comment